Friday, February 26, 2010
မဲဆောက်စက်ရုံမြင်ကွင်းစုံ (၃)
မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဆိုရင် လူတိုင်းသိကြမှာပါ။ အဲဒီဆေးခန်းနဲ့ မနီးမဝေးလေးမှာ ယူကလစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ အဆောက်အဦးဟာ ကျနော်လုပ်ခဲ့တဲ့ သိုးမွှေးစက်ရုံပေါ့။ အလုပ်သမားတွေကတော့ ဘတ် ၁ဝဝ စက်ရုံလို့ ခေါ်ကြပါတယ်။ စက်ရုံရဲ့ အမည်ကတော့ အင်္ဂလိပ်လို B.B.Top သိုးမွှေးစက်ရုံ ဖြစ်ပါတယ်။
စက်ရုံစဖွင့်တာ ၁၉၉၇ ခုနှစ်လောက်ကပါ။ သူဋ္ဌေးတွေ တယောက်ပြီးတယောက် ပြောင်းပြီး လုပ်ကိုင်လာကြရာ ကျနော်တို့ အလုပ်လုပ်တဲ့ အချိန်မှာတော့ သူဋ္ဌေးက နိုင်ငံခြားသား တရုတ်တယောက်ပါ။ သူ့အမျိုးသမီးကတော့ ထိုင်းနိုင်ငံသူပါ။ စက်ရုံမန်နေဂျာက မြန်မာစကား ရေရေလည်လည်တတ်တဲ့ ထိုင်းလူမျိုးပါ။ ထိုင်းလူမျိုး မန်နေဂျာရဲ့ အောက်မှာမှ လူမှုရေးမန်နေဂျာဆိုပြီး မြန်မာတယောက် ခန့်ထားပါတယ်။ စက်ဆွဲတဲ့ဘက်မှာလည်း လိုင်းချုပ်ဆိုတာ အကြီးဆုံးပါ။ ဝဏ္ဏလို့လည်း ခေါ်ပါတယ်။ သူလည်း ထိုင်းစကားတတ်တဲ့ မြန်မာလူမျိုးပါပဲ။ ဆွဲတဲ့ အထည်တွေကို သူက တာဝန်ခံရပါတယ်။ သူ့အောက်မှာမှ စက်ပြင်ဆရာ ၄-၅ ယောက်လောက် ရှိပါတယ်။ ကျန်တဲ့ ဋ္ဌာနတွေမှာလည်း သူ့အပိုင်းနဲ့သူ ဆရာတွေ၊ ဆရာမတွေ ရှိပါတယ်။ စက်ရုံလုံခြုံရေး (ထိုင်းလို-ယန်း) တွေကတော့ မြန်မာလူမျိုး နှစ်ယောက်ကိုပဲ ခန့်ထားပါတယ်။ ယန်းဝတ်စုံဝတ်တာ မတွေ့ပါဘူး။ စက်ရုံဆန္ဒပြတဲ့ အချိန်မှသာ ယူနီဖောင်းနဲ့ ယန်းတယောက် ငှားထားတာ တွေ့ရပါတယ်။
အလုပ်သမား ၃ဝဝ ကျော်၊ ၄ဝဝ လောက် ရှိပါတယ်။ ယောက်ျားလေး မိန်းကလေးအစုံပါပဲ။ မိန်းကလေးက ပိုများပါတယ်။ မနက် ၈ နာရီကနေ ည ၁ဝ နာရီထိ ပုံမှန်အလုပ်ဆင်းရပါတယ်။ (နေ့လည် ၁၂ နာရီကနေ ၁ နာရီ၊ ညနေ ၅ နာရီကနေ ၆ နာရီထိ ထမင်းစားချိန်) အလုပ်အရေးကြီးရင် ကြီးသလို မိုးလင်းပေါက်လုပ်ရတာလည်း ရှိပါတယ်။ အချိန်ပိုကြေး မရပါဘူး။ အလုပ်မရှိတဲ့ အချိန်တွေမှာလည်း သူဋ္ဌေးက ထမင်းနဲ့ နေစရာပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြားစရိတ်တွေအတွက် အပြင်အလုပ် ထွက်လုပ်ကြရပါတယ်။ အလုပ်မရှိရင် ထမင်းပဲစားပေါ့။
ကျနော်တို့ စက်ရုံရဲ့ လစာထုတ်တဲ့ရက်က လစဉ် ၁ဝ ရက်နေ့ ဖြစ်ပါတယ်။ တခါတလေ အဲဒီနေ့ထက် ကျော်သွားတာမျိုးလည်း ရှိပါတယ်။ ဒါဇင် ပိတ်တာက လကုန်ရက်ဆို ပိတ်ပါတယ်။ ၃ဝ၊ ၃၁ ရက်ပေါ့။ ဒါဇင်ပိတ်တယ် ဆိုတာ လဆန်း ၁ ရက်နေ့ အလုပ်အသစ်စတဲ့ သဘောပေါ့။ အဲဒီအတွက် ကျနော်တို့ကို လုပ်အားခထုတ်ပေးတဲ့ အချိန်မှာ သူဋ္ဌေးဆီမှာ ကျနော်တို့လုပ်အားခ ၁ဝ ရက်စာ ကျန်နေသေးတဲ့ သဘောပါ။ သူဋ္ဌေးက ရက်ပေါင်ကြေး ယူတယ်လို့ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာဆို ရက်ပေါင်ကြေး ၁၅ ရက်စာလောက်တောင် ယူတယ်လို့ သိရပါတယ်။
အဲဒီရက်ပေါင်ကြေးကို အလုပ်သမားအနေနဲ့ တခြားရုံပြောင်းချင်လို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်ပြန်လို့ပဲဖြစ်ဖြစ် သူဋ္ဌေးက ထုတ်ပေးလေ့ မရှိပါဘူး။ ဒါဇင်ပိတ်တဲ့ လကုန်ရက်ကျော်လို့ ၅ ရက်နေ့လောက်မှာ ကျနော်တို့လုပ်ထားတဲ့ အထည်တွေရဲ့ဈေးနှုန်းကို သူဋ္ဌေးက ကြေညာပါတယ်။ ဘယ်အထည်က ဘယ်ဈေးဆိုတာမျိုးပါ။ မဲဆောက်မှာ စက်ရုံတွေအများကြီးရှိနေတော့ သူဋ္ဌေးဈေးပြောတဲ့အချိန်မှာ ကျနော်တို့က အဲဒီအထည်တွေရဲ့ ဈေးကို သိနေပြီးသားပါ။ ဒါပေမဲ့ သူဋ္ဌေးက အမြဲတမ်း ဈေးကို နည်းနည်းပဲ ပေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေက အတင်းပြော၊ အတင်းတောင်းမှသာ နည်းနည်းလေး တိုးပေးပါတယ်။ ဥပမာ တခြားရုံမှာ တဒါဇင်ကို ဘတ် ၁၃ဝ လောက် ပေးတဲ့အထည်ကို သူဋ္ဌေးက ၁ဝဝ ပေးထားတယ်။ ကျနော်တို့ တိုးတောင်းလို့ ၁ဝ၅ ဘတ်လောက် ပေးတယ်။ အလုပ်သမားတွေ မကျေနပ်ကြပါဘူး။ မကျေနပ်ပေမယ့်လည်း လုပ်နေကြရတာပါပဲ။
နောက် ကျနော်တို့စက်ရုံမှာ လူ ၃ဝဝ၊ ၄ဝဝ လောက် ရှိတာကို အိမ်သာ ၆ လုံးပဲ ရှိပါတယ်။ ၆ လုံးထဲကမှ ၂ လုံးက ပျက်နေတယ်။ မနက်ဆိုရင် ယောက်ျား-မိန်းမ တန်းစီနေတာပဲ။ အဲဒါလည်း သူဋ္ဌေးက ပြင်မပေးဘူး။ နောက်တခုက ရေ။ ရေဆိုလည်း ဒီလိုပဲ၊ မနက်အိပ်ယာထရင် မျက်နှာသစ်စရာ မရှိဘူး။ ရေ ဝဝလင်လင် မချိုးရဘူး။ အဲဒါလည်း သူဋ္ဌေးက လုပ်မပေးဘူး။ မနက် ၈ နာရီ အလုပ်ဝင်ဖို့ကို ၇ နာရီခွဲလောက်ကတည်းက ဘဲလ်တီးတယ်။ အလုပ်လွှတ်ချိန်ဆိုရင် ဘဲလ်တီးဖို့ မေ့တောင်နေတယ်။ အလုပ်ချိန်များများ လုပ်ရတဲ့ လတွေမှာလည်း ဒါဇင်ဈေး နည်းတော့ လုပ်ခ သိပ်မရကြပါဘူး။ ကျွမ်းကျင်တဲ့သူတွေ အလုပ်ကောင်းရင် ၃-၄ ထောင်လောက် ရပေမယ့် မကျွမ်းကျင်ရင်တော့ ၁ ထောင်ကျော်၊ ၂ ထောင်ပါပဲ။ ဟင်းဖိုးက လပေးစားတာတောင် တလ ဘတ် ၅ဝဝ ရှိတယ်။ နေ့တိုင်းဝယ်စားမယ်ဆိုရင် တနေ့ ၃ဝ လောက် ကုန်တယ်။
အဲဒီလိုပဲ ကျနော်တို့ အလုပ်သမားတွေ အလုပ်ရှိတဲ့အခါ လုပ်လိုက်၊ အလုပ်မရှိတဲ့အခါ ပြန်တဲ့သူပြန်၊ တခြား အလုပ် လုပ်သူလုပ်နဲ့ အလုပ်လုပ်လာခဲ့ကြတာ ၂ဝဝ၆ ခု အောက်တိုဘာလထဲမှာ ပြဿနာတက်တော့တာပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ စက်ရုံက ကောင်မလေးနှစ်ယောက် အလုပ်က ခွင့်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်နေဂျာ (ထိုင်းလူမျိုး) နဲ့ စကားများတယ်။ သူတို့က မြဝတီမှာ နေတာပါ။ ခဏခွင့်ပေးလိုက်ရင် ညနေ ဒါမှမဟုတ် နောက်တနေ့ဆို ပြန်လာကြမှာပါ။ နောက်ဆုံးတော့ ခွင့်မပေးနိုင်ဘူး၊ နင်တို့ပြန်မယ်ဆို အပြီးပြန်၊ ပြန်မလာနဲ့တော့ဆိုတော့ ကောင်မလေးနှစ်ယောက်လည်း ပြန်သွားကြတာပေါ့။
အဲလိုအပြန်မှာ မန်နေဂျာက နောက်ကနေ ကားနဲ့လိုက်သွားပြီး လမ်းမှာကားနဲ့တိုက်တယ်။ ကောင်မလေး နှစ်ယောက်လည်း ရှောင်ပေးလိုက်ပြီး လမ်းဘေးမှာရှိတဲ့ စပါးပင်တွေ တောထဲကို ထွက်ပြေးသွားတယ်။ စပါးခင်းတွေက လမ်းမကြီးနဲ့ ကျနော်တို့ စက်ရုံကြားထဲမှာပါ။ မန်နေဂျာလည်း ဒုတ်ယူပြီး ကားပေါ်ကနေ ဆင်းလိုက်သွားတယ်။ မိန်းကလေးနဲ့ ယောက်ျားဆိုတော့ မီတာပေါ့။ မီလည်းမီရော ပါလာတဲ့ဒုတ်နဲ့ ရိုက်တော့တာပေါ့။ အဲဒီမှာ ကျန်တဲ့ မိန်းကလေးတယောက်က အော်ပြီး အကူအညီတောင်းတဲ့ အသံကို တယောက်စကား တယောက်နား ကျနော်တို့ စက်ရုံထဲကလူတွေ သိသွားတယ်။ အဲဒီမှာတင်ပဲ စက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ လူအားလုံး ရရာလက်နက်ဆွဲပြီး လယ်ကွင်းထဲကို ဆင်းတော့တာပဲ။
လူအုပ်ကြီး လိုက်လာမှန်းကို သိသွားတဲ့ မန်နေဂျာက လူပါး။ ကောင်မလေးတွေကို ရန်မလုပ်တော့ဘဲ လူအုပ်ဘက်ကို လှည့်ပြီး မင်းတို့ အေးအေးဆေးဆေး နေကြပါ၊ ဆရာ အကြောင်းစုံကို ရှင်းပြပါမယ်၊ ဆရာမှားတယ်ဆိုရင်လည်း တောင်းပန်ပါတယ်ဆိုပြီး အလုပ်သမားတွေကို လေပြေထိုးပါတယ်။ မန်နေဂျာက သူ့ကိုယ်သူ ဆရာဆိုပြီး ပြောလေ့ရှိပါတယ်။ အလုပ်သမားတွေကလည်း သူ့ကို ဆရာလို့ပဲ ခေါ်ကြပါတယ်။ အဲဒီနောက် ကောင်မလေးနှစ်ယောက်ရော၊ မန်နေဂျာပါ လူအုပ်နဲ့အတူ စက်ရုံဝင်းထဲကို ရောက်လာကြပါပြီ။ လူအုပ်ကြီးကလည်း ရိုက်မယ်ပုတ်မယ် တကဲကဲနဲ့ပေါ့။ အဲဒီအထဲမှာ နည်းနည်းနားလည်တဲ့ သူတယောက်က ဘာမှမလုပ်ကြနဲ့၊ သူ့အမှားက ကိုယ့်အမှား ဖြစ်သွားမယ်၊ အေးအေးဆေးဆေး ရှင်းကြပါဆိုပြီး တားတော့ လူအုပ်ကြီးကလည်း မကျေနပ်စွာနဲ့ ငြိမ်နေလိုက်ရတယ်။ ကောင်မလေးတွေကတော့ ဒဏ်ရာတွေနဲ့ပါ။ လူအုပ်ကြီး လိုက်မလာပါက အသက်ရှင်ဖွယ်မရှိကြောင်း ငိုငိုပြီး လူအုပ်ကြီးကို အားကိုးတကြီးနဲ့ တိုင်နေပါတော့တယ်။
သူဋ္ဌေးက ဒီကိစ္စကို ဘာမှဖြေရှင်းပေးတာ မရှိပါဘူး။ မန်နေဂျာနဲ့ဖြစ်တာ၊ သူနဲ့မဆိုင်ဘူးတဲ့လေ။ အလုပ်သမားတွေလည်း ဒေါသထွက်ပြီး အလုပ်မဆင်းကြတော့ဘူး။ အဲဒီမန်နေဂျာကို ထုတ်ပေးဖို့နဲ့ တခြား အလုပ်သမား အခွင့်အရေးတွေကိုပါ တောင်းဆိုလာကြတော့တယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုတယ်ဆိုတဲ့ နေရာမှာလည်း ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘီအီး ၂၅၄၁ လို့ ခေါ်တဲ့ အခွင့်အရေးအတိုင်း အပြည့်အဝ တောင်းဆိုတာ မဟုတ်ပါဘူး။ အထက်က ပြောခဲ့သလို အလုပ်ချိန် အရမ်းများရင် အချိန်ပိုကြေးပေးဖို့ (ဥပမာ - ည ၉ နာရီထက် ကျော်ရင်ပေါ့)။ ဒါဇင်ဈေးကိုလည်း သူများရုံတွေအတိုင်း ပေးဖို့၊ အိမ်သာပြင်ပေးဖို့နဲ့ ရေအလုံအလောက်ရဖို့၊ စတဲ့ အဓိက လိုအပ်ချက်လေးတွေလောက်ပဲ တောင်းတာပါ။ သူဋ္ဌေးက အလုပ်သမားထဲက လူတချို့ကို သူ့ရုံးခန်းထဲမှာခေါ်ပြီး ညှိနှိုင်းပါသေးတယ်။ ဒါပေမဲ့ သူလိုက်လျောတဲ့အချက်တွေက မဖြစ်စလောက်လေးတွေပါ။ အလုပ်သမားတွေက မကျေနပ်ကြပါဘူး။ အလုပ်မဆင်းဘဲ ဆက်ဆန္ဒပြကြပါတယ်။
သူဋ္ဌေးကလည်း အလုပ်သမားတွေ အလုပ်မဆင်းတော့ ပြန်ပြီး ညစ်ပတ်လာပြီ။ ထမင်းပေးနေရာကနေ ထမင်းမပေးတော့ဘူး။ သုံးရေသောက်ရေ အကုန်ဖြတ်တယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ဘာရမလဲ၊ ပိုက်ဆံစုပြီး ဆန်တွေ၊ ဆီတွေ ဝယ်တာပေါ့။ ဟင်းစားကတော့ စက်ရုံပတ်လည်မှာရှိတဲ့ မန်ကျည်းပင်တွေပေါ်က မန်ကျည်းရွက်ပေါ့။ လယ်ကန်သင်းတွေမှာလည်း ကန်စွန်းရွက်တွေ ရှိတယ်။ အဲဒါတွေခူးပြီး ချက်စားတာပေါ့။ စားလို့ကောင်းမှ ကောင်း။ အဲဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စားသောက်နေတဲ့အချိန်မှာ သူဋ္ဌေးကတော့ အကြံနဲ့ပေါ့။ စက်တွေကို သူ့ရဲ့ တခြားစက်ရုံကို ပြောင်းရွှေ့နေပါပြီ။ စက်ရုံထဲမှာရှိတဲ့ သူဋ္ဌေးရဲ့ အလိုတော်ကျလူတွေနဲ့ပေါ့။ အဲလိုလူတွေလည်း ရှိပါတယ်။ ကျနော်တို့ အလုပ်သမားတွေဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြပါတယ်။ စက်ရုံရဲ့ပစ္စည်း၊ သူဋ္ဌေးပိုင်တဲ့ဟာကို ဘာတခုမှ ပျက်စီးအောင် မလုပ်ကြပါဘူး။
တနေ့မှာတော့ ကျနော်တို့ အလုပ်သမားတွေ ထမင်းဟင်း ချက်နေတုန်း စက်ရုံထဲကို ပုလိပ်ကားနဲ့ ပုလိပ်တွေရော၊ အချုပ်ကားကြီးတွေရော၊ နောက်ပြီး ထိုင်းတံဆိပ်တွေတပ်ထားတဲ့ အဖွဲ့အစည်းက ကားတွေ ဝင်လာပါတယ်။ အလုပ်သမားတွေ အကုန်လုံးကိုခေါ်ပြီး စက်ရုံကွင်းပြင် နေပူထဲမှာ တန်းစီပြီး ထိုင်ခိုင်းထားပါတယ်။ ကျနော်တို့လည်း ဘုမသိဘမသိနဲ့ ထိုင်ရတာပေါ့။ ရဲတွေရဲ့ မျက်နှာတွေက ခက်ထန်မာကြောနေတာပဲ။ အားလုံးကတော့ တိုင်ပင်ထားတာပေါ့။ ဖမ်းမယ်ဆိုရင်လည်း တယောက်ယောက်ကိုဖမ်းရင် အကုန်လုံးကားပေါ်ကို တက်လိုက်ဖို့။ အားလုံးကလည်း သဘောတူကြပါတယ်။ အဲဒီအချိန်မှာ စကားပြောလို့လည်း မရဘူး။ ဖုန်းပြောလို့လည်း မရဘူး။ အလုပ်သမားတယောက် ဖုန်းပြောနေလို့ ဖုန်းကို သိမ်းလိုက်တယ်။ ကျနော်တို့ စက်ရုံပိုင်ရှင်သူဋ္ဌေးလည်း ရှိပါတယ်။
လာတဲ့အဖွဲ့ထဲက အမျိုးသမီးကြီးတယောက် ဆဝါဒီကန်ရုံး (အလုပ်သမားဝါဏိဇ္ဇပဋိပက္ခရုံး) ကလို့ ထင်ပါတယ်။ သူက မင်းတို့ ဘာဖြစ်လို့ အလုပ်မဆင်းကြတာလဲဆိုပြီး စကားပြန်နဲ့ မေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ကျနော်တို့ အလုပ်ဆင်းမှာပါ။ သူဋ္ဌေးက ပေးမဆင်းတာပါလို့ ပြန်ဖြေကြတယ်။ အဲဒီအချိန်မှာ သူဋ္ဌေးက စက်အားလုံးနီးပါး တခြားရုံကို ပြောင်းပြီးနေပါပြီ။ လုပ်စရာအလုပ်လည်း မရှိတော့ပါဘူး။ စက်ခန်းထဲကိုလည်း ပေးမဝင်တော့ပါဘူး။ အဲဒီလို အားလုံးက ဖြေလိုက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးကြီးက ဆက်မပြောဘဲ သူဋ္ဌေးနဲ့ ဘာတွေ ပြောမှန်းမသိပါဘူး။ စကားများနေတဲ့ပုံပါပဲ။
နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးကြီးကပဲ ဆက်ပြောပါတယ်။ မင်းတို့ အလုပ်သမားတွေ အားလုံးကို သူဋ္ဌေးက မယူတော့ဘူး။ စက်ရုံပိတ်လိုက်ပြီ။ အဲဒါ မင်းတို့ အလုပ်သမား လက်မှတ်တွေကို ၇ ရက်အတွင်း တခြား သူဋ္ဌေးရှာပြီး သက်တမ်းဆက်ပေါ့။ ၇ ရက်ပြည့်ရင်တော့ မင်းတို့လက်မှတ်တွေ (ဘတ်တွေ) သက်တမ်းကုန်ပြီ။ ဒီရုံထဲမှာလည်း နေလို့မရတော့ဘူး။ တခြားအလုပ်ရှာကြပါဆိုပြီး ပြောသွားပါတယ်။ အဲဒီအမျိုးသမီးကြီး ပြောပြီးတဲ့အချိန်မှာ ရဲတွေကလည်း မျက်နှာထားက စဝင်လာတုန်းကလို မဟုတ်တော့ပါဘူး။ ဘာဟင်းချက်လဲ၊ ဘာညာနဲ့ ဟင်းအိုးတွေ ဖွင့်ကြည့်ပြီး မင်းတို့ ထမင်းစားလို့ရပါပြီ။ ဘာမှမဟုတ်ပါဘူး။ ငါတို့ကိုခေါ်တာက အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုပြီး ခေါ်လို့ အခုလို လာရတာပါ။ ဒီရောက်တော့ သူတို့သိထားသလို မဟုတ်တဲ့အတွက် အားနာပါတယ်၊ စိတ်မဆိုးပါနဲ့လို့တောင် ပြောသွားကြပါသေးတယ်။
ကျနော်တို့ စက်ရုံမှာက ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်) ရှိတဲ့သူ ရှိသလို၊ မရှိတဲ့သူတွေလည်း ရှိပါတယ်။ ဘတ်ရှိတဲ့ သူကိုတော့ သူဋ္ဌေးက တလကို ဘတ် ၄ဝဝ ဖြတ်ပါတယ်။ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်တာပါ။ ဘတ်မရှိတဲ့ အလုပ်သမားတွေကိုတော့ (သူဋ္ဌေးက လုပ်မပေးတာပါ) တလကို ဘတ် ၁၅ဝ ဖြတ်ပါတယ်။ ရဲကြေးလို့ ပြောပါတယ်။ တချို့အလုပ်သမားတွေ ဘတ်သက်တမ်းဆက်ရန် တခြားစက်ရုံတွေမှာ အလုပ်သွားလျှောက်ကြပါတယ်။ ဘယ်စက်ရုံကမှ လက်မခံပါဘူး။ ကျနော်တို့သူဋ္ဌေးက စက်ရုံတွေကို သတင်းပို့ပြီးပါပြီ။ သူ့ဆီက အလုပ်သမားတွေ လာရင် လက်မခံဖို့။ သူဋ္ဌေးတွေကလည်း ညီညွတ်လိုက်ကြတာ။ B.B.Top က အလုပ်သမားဆိုရင် နိုးပဲ၊ အဲအချိန်မှာတော့။ ဒီလိုနဲ့ ၇ ရက်ကလည်း ပြည့်တော့မယ်။ ကျနော်တို့တွေလည်း စဉ်းစားရပြီပေါ့။ ဘာဆက်လုပ်ကြမယ်ဆိုတာကို။
တချို့အလုပ်သမားတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတဲ့အထဲ မပါနိုင်တော့ပါဘူး။ ရစရာရှိတဲ့ လုပ်ခလေးတွေထုတ်ပြီး ပြန်တဲ့သူလည်းပြန်၊ တခြားပြောင်းသူလည်း ပြောင်းကုန်ကြပါတယ်။ ဆက်လက် တိုက်ပွဲဝင်မယ့် အလုပ်သမား ၁ဝဝ ကျော်ပဲ ကျန်ပါတော့တယ်။ အဲဒါနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (Y.C.O.W.A) ရဲ့ အကူအညီကြောင့် ကျနော်တို့ ဆန္ဒပြသူ လူ ၁ဝဝ ကျော်ရဲ့ စားဝတ်နေရေး ခဏတာ အဆင်ပြေသွားပါတယ်။ အဲဒီအဖွဲ့နဲ့ မက်ဖေါင်ဒေးရှင်းတို့ရဲ့ အကူအညီနဲ့ပဲ ဆဝါဒီကန် ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေ အသုတ်လိုက် ခွဲပြီး ဖောင်ဖြည့်တိုင်ကြားရပါတယ်။
အဲလိုဖောင်ဖြည့်ပြီး တိုင်တဲ့အချိန်ကြမှပဲ အလုပ်သမားယောက်ရဲ့ ရပိုင်ခွင့်တွေ သိပါတော့တယ်။ တာ့ခ်ရိုင် မဲဆောက်မှာဆို အဲဒီအချိန်တုန်းက အလုပ်သမားတယောက်ရဲ့ လုပ်အားခဟာ တနေ့အလုပ်ချိန် ၈ နာရီအတွက် ၁၄၃ ဘတ်ပါ။ အခုဆို ၁၅ဝ ကျော်သွားပါပြီ။ အချိန်ပိုလုပ်အားခကတော့ တနာရီကို ၂၅ ဘတ်လောက် ရှိပါတယ်။ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေ (ဥပမာ - ဘုရင့်မွေးနေ့လိုဟာမျိုး) မှာ အလုပ်ဆင်းရရင် လုပ်အားခရဲ့ ၃ ဆ ရ,ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီအတိုင်း ဖောင်ဖြည့်လိုက်ကြတာ တယောက်ကို လုပ်သက်နှစ်အလိုက် အနည်းဆုံး ဘတ် ၄ သောင်းလောက် ရ,ရမှာပါ။ နှစ်များတဲ့သူတွေကတော့ ဘတ်သိန်းဂဏန်း ရှိပါတယ်။ ဆဝါဒီကန်ရဲ့ အမိန့်ကို ၃-၄ လလောက် စောင့်ရပါသေးတယ်။ အချိန်တန်လို့ ဆဝါဒီကန်က အမိန့်ချတဲ့အခါမှာတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ သူဋ္ဌေးဆီက ရစရာ တပြားမှ မရှိပါဘူးတဲ့။ သူဋ္ဌေးအနေနဲ့ လျော်ပေးစရာ မလိုဘူးပေါ့။
ဘယ်လိုအကြောင်းပြချက်တွေနဲ့ ဘယ်လိုအမိန့်ချတယ် ဆိုတာကိုတော့ ကျနော်တို့လည်း နားမလည်ပါဘူး။ ကျနော်တို့ စက်ရုံက ထွက်လာတုန်းက ကိုယ်ရစရာရှိတဲ့ လုပ်အားခကိုတောင် ထုတ်မလာကြပါဘူး။ လုပ်အားခ ထုတ်လိုက်ရင် အမှုတိုင်လို့ မရမှာစိုးကြလို့ပါ။
ကျနော်တို့ကို ကူညီပေးနေတဲ့အဖွဲ့က ဆဝါဒီကန်က အမိန့်ချတာကို မကျေနပ်ရင် တရားရုံးကို ဆက်တက်လို့ ရတယ်။ အဲဒီအတွက် ရှေ့နေငှားရမယ်။ ကျနော်တို့ကလည်း အမှုသာနိုင်မယ်ဆိုရင် ဘယ်အထိပဲ တက်ရတက်ရ၊ လုပ်မယ်ဆိုပြီး တညီတညွတ်တည်း ဆုံးဖြတ်ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့အမှု တရားရုံးကို ရောက်သွားတယ် ဆိုပါတော့။ တရားရုံးချိန်းကိုတော့ အလုပ်သမားတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် ၅ ဦးပဲတက်ရင် ရပါတယ်။ ကျန်တဲ့အလုပ်သမားတွေ မတက်လည်း ရပါတယ်။ အလုပ်ပျက်စရာ မလိုတော့ဘူးပေါ့။ နောက်မှ တရားရုံးရဲ့ အခြေအနေတွေကို ကိုယ်စားလှယ်တွေက ပြန်ရှင်းပြပေါ့။ တရားရုံးမှာ ဆဝါဒီကန်က ဝန်ထမ်းတွေလည်း တွေ့ရကြောင်း၊ ကျနော်တို့ဘက်က ရှေ့နေတွေရှိသလို သူဋ္ဌေးဘက်ကလည်း ရှေ့နေရှိကြောင်း၊ မြန်မာစကားပြန် ထားပေးကြောင်း ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တရားရုံး ဘယ်နှစ်ကြိမ်တက်လိုက်ရလဲတော့ အတိအကျ မသိတော့ပါဘူး။ နှစ်တွေလည်း ကြာခဲ့ပြီကိုး။ အခု ၂ဝ၁ဝ နှစ်ဆန်းပိုင်းမှာတော့ ကိုယ်စားလှယ်တွေကတဆင့် ဖုန်းနဲ့ဆက်သွယ်လာတယ်။ ကျနော်တို့အမှု လျော်ကြေးရပြီ။ ရောင်ခြည်ဦးကို ဘယ်နေ့ဘယ်အချိန် လာခဲ့ပါဆိုတော့ ဝမ်းသာလိုက်တာဗျာ.. ပြောမပြတတ်အောင်ပါပဲ။ အလုပ်သမားအချင်းချင်း လမ်းမှာတွေ့ရင်လည်း ဒီအကြောင်းပဲ ပြောပြောပြီး ပျော်နေကြတာ။
ကျနော်လည်း ပျော်လွန်းလို့ အဲဒီနေ့ အစောကြီးကိုသွားတာ။ ဟိုရောက်တော့ ကိုယ့်ထက်စောတဲ့ သူတွေတောင် ရှိနေတယ်။ တချိန်တုန်းက တရုံထဲ အတူတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြနဲ့ ပျော်စရာကောင်းနေလိုက်တာ။ တချို့ဆို အိမ်ထောင်တွေကျလို့ ကလေးတွေ တို့လို့တွဲလောင်းနဲ့၊ တိုးပွားလာလိုက်ကြတာ။ တချို့ဆို ကလေးနှစ်ယောက်။ အလုပ်သမား ၁ဝဝ ကျော်ရှိတာ အကုန်မလာနိုင်ကြပါဘူး။ ဘန်ကောက်သွားတဲ့သူ၊ မြန်မာပြည်ပြန်တဲ့သူတွေလည်း ရှိပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ မက် (MAP) ဖောင်ဒေးရှင်းက ကားနဲ့ ရောက်လာကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေကိုစုပြီး စကားပြောပါတယ်။ ကျနော်တို့ အမှု လျော်ကြေးငွေ ရပြီဖြစ်ကြောင်း၊ ဘယ်လောက်ရတယ်ဆိုတာ သိကြလားဆိုတော့… တချို့လည်း သိတယ်။ တချို့လည်း မသိဘူးပေါ့။ သူကပဲ ဆက်ပြောပါတယ်။ လျော်ကြေးက ၃ ရာခိုင်နှုန်းပဲရကြောင်း၊ အတိအကျဆို ဘတ်ငွေ ၃ သိန်း ၉ သောင်းနဲ့ ၆ ထောင်ပဲရပါတယ်။ ၃ ရာခိုင်နှုန်းပဲရတာဆိုတော့ ကျနော်တို့ အလုပ်သမားတွေ ရစရာရှိတာ ဘတ် ၁၃၂ သိန်းပေါ့။ အလုပ်သမားအများစုက ၃ ရာခိုင်နှုန်းကို နားမလည်ကြလို့ သေချာရှင်းပြပါတယ်။ သူဋ္ဌေးဆီမှာ ၁ဝဝ ရဖို့ တင်ထားတယ်ဆိုရင် ၃ ဘတ်ပဲရမှာဖြစ်ကြောင်း ရှင်းပြတော့ တချို့အလုပ်သမားတွေလည်း မျက်နှာမကောင်းဘူးပေါ့။ နှစ်တွေ ဒီလောက်ကြာကြီးရင် ဆိုင်လာတာ ဒီလောက်ကလေးကတော့ နည်းတယ်ပေါ့။
ဒါပေမဲ့ မရတာထက်စာရင် ရတယ်ဆိုတာ တော်သေးတယ်ပေါ့ဆိုပြီး ဖြေသိမ့်ကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေက သူဋ္ဌေးဆီက အခုလို လျော်ကြေးငွေရတာကို အမှုနိုင်တယ်လို့ပဲ ထင်နေကြတာပါ။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေအရ ကျနော်တို့ ရရမယ့်ငွေဟာ အတော်များပါတယ်။ အခုတော့ နှစ်တွေအကြာကြီး လုပ်ခဲ့တဲ့ အလုပ်သမား ၂ဝဝ၄ ခုနှစ်ကတည်းက ၄ နှစ်လောက် လုပ်လာတဲ့သူဆို ဖောင်ဖြည့်တုန်းက သူ ရ,ရမှာ ဘတ် ၂ သိန်းလောက် ဖြစ်ပေမယ့်၊ လက်တွေ့မှာ ၆ ထောင်လောက်ပဲ ရပါတော့တယ်။ လပိုင်းပဲ ရှိတဲ့သူ (၇ လလောက်) ကတော့ သူရစရာရှိတာ ၄ သောင်းဆိုရင် ၁၂ဝဝ ပဲ ရပါတယ်။ ၅ဝဝ-၆ဝဝ သမားတောင် ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်တွေ အဆင်မပြေတဲ့အချိန်မှာ အခုလို သုံးစရာလေး ရတယ်ဆိုတော့ ပျော်နေကြရတာပေါ့။
ကျနော်တို့လို ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးလို့ သူတပါးနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေရတဲ့ သူတွေအတွက် ဥပဒေဆိုတာကတော့ ရှိနေမှာပါ။ အဲဒီဥပဒေအတိုင်းလည်း တနေ့နေ့ တချိန်ချိန်မှာ ခံစား စံစားခွင့်တွေ အပြည့်အဝ ရရှိလိမ့်မယ်လို့ မျှော်လင့်နေမိပါတော့တယ်။ ။
No comments:
Post a Comment