Tuesday, February 16, 2010

ကေအိုင်အို ထိန်းချုပ်ဒေသအနီးတွင် မြန်မာတပ်တိုးချထား

ကေအင်ဂျီ

ဒီလ လဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ ကချင်လွတ်မြောက်အဖွဲ့ (ကေအိုင်အို) ထိန်းချုပ်တဲ့ ဒေသအနီးရှိ မြန်မာတပ်က စစ်အင်အား တိုးချဲ့ ချထားပြီး ဘန်ကာ ဂဒုတ်ကျင်း တွေလည်း ပြင်ဆင်တူးနေတာတွေ မြင်ရကြောင်း ဒေသခံစစ်ရေးလေ့လာသူများ ပြောပါတယ်။

မကြာသေးခင်က စစ်အစိုးရလက်အောက်ခံတပ်ပြောင်း လဲဖွဲ့စည်းခဲ့တဲ့ လဆန်အောင်ဝါ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ထိန်းချုပ်ဒေသတွေမှာလည်း စစ်ရေးအချက်လက် ကောက်ယူတာတွေ၊ စစ်စခန်းတွေမှာ စစ်သားအရေတွက် တိုးထားပြီး ဂဒုတ်ကျင်းတွေ ပြင်ဆင်တူးထားတာတွေ တွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်အရှေ့မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ နဲ့ နီးစပ်တဲ့ တရုတ်နယ်စပ်အနီး မုန်ဂို (Mongkoe) ဒေသမှာလည်း အစိုးရ၀န်ထမ်း အယောင်အဆောင်ဝင်လာတဲ့ မြန်မာစစ်သားတွေကို ဒီလစောစောပိုင်းမှ ထူးထူးခြားခြား မြင်နေရတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေပါတယ်။

ဒီလိုမြန်မာစစ်တပ်ဖက်က ပြင်ဆင်မှုတွေလုပ်လာတာဟာ ကေအိုင်အိုနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စ ယခုချိန်ထိ ဆွေးနွေးလို့အဖြေမရသေးတဲ့အတွက် စစ်ရေးအရ ကြိုတင်ပြင်ဆင်ထားတဲ့ လက္ခဏာတခု ဖြစ်တယ်လို့ ဒေသခံစစ်ရေး လေ့လာသူတွေ ပြောပြပါတယ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဟာ ကချင်လက်နက်ကိုင်အဖွဲ့များမှာ အင်အားကြီးဆုံးဖြစ်ပြီး စစ်အစိုးရဖိအားပေးနေတဲ့ တပ်ပြောင်းလဲရေးကိစ္စကို ခုချိန်ထိ လက်ခံခြင်းမရှိသေးတဲ့ နောက်ဆုံးကျန်နေတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

No comments:

Post a Comment