Wednesday, March 10, 2010

ရွေးကောက်ပွဲဥပဒေ အမေရိကန်ဝေဖန်

ကိုထွေး Wednesday, 10 March 2010

ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများဖြင့် စေ့စပ် ဆွေးနွေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက ထုတ်ပြန် ခြင်းကြောင့် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် သံသယ ရှိကြောင်း အမေရိကန် အစိုးရက ယနေ့ ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့်ရှိသူ P. J Crowley က သတင်း ထောက်များကို ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် အတွင်းမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ကျနော်တို့ သံသယ ရှိပါတယ်၊ မြန်မာ အစိုးရကို ပထမ အဆင့် အနေနဲ့ နိုင်ငံရေး လောကက သက်ဆိုင်တဲ့သူ အားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေး ပွဲတွေ လုပ်ဖို့ ကျနော်တို့ တိုက်တွန်း လိုပါတယ်”ဟု Crowleyက ဆိုသည်။

၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေးကို စစ်အစိုးရက ယနေ့ထုတ်ပြန် လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဖြင့် တားမြစ်လိုက်သည်။

အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီ တည်ထောင် သူများနှင့် ပါတီဝင်များသည် ထောင်ဒဏ် ကျခံနေသူမဟုတ်ခြင်း ဟူသော အချက်ကို ဥပဒေတွင် ထည့်သွင်း ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလ၊ နေအိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတဦးကြောင့် တရားစွဲ ခံရပြီး အာဏာပိုင်တို့က နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

ထို ထောင်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့ပြီး အဆိုပါ ပြစ်ဒဏ်သည် နိုဝင်ဘာလတွင် ပြည့်မည်ဖြစ်သည်။

ထောင်ဒဏ်ကျခံနေရသူနှင့်ပတ်သက်၍ တရားရုံးတခုမှ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေသူကို ဆိုလိုပြီး ထောင်ဒဏ် စီရင် ချက်ကို မကျေနပ်၍ အယူခံမှု (သို့) ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲဖြစ်သူလည်း ပါဝင်ကြောင်း အဆိုပါ ဥပဒတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက လက်ခံခဲ့သော်လည်း ၂၀၀၉ ခုနှစ် အောက်တိုဘာ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို ဆက်လက် တင်သွင်းခဲ့သည်။

သို့သော်လည်း ဗဟိုတရားရုံးချုပ်က ထပ်မံ ငြင်းပယ်လိုက်သဖြင့် အထူးအယူခံတင်ရန် သူမ၏ ရှေ့နေများက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထောင်ဒဏ်ကျခံနေသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ ထိမ်ချန်ထားပါက ပါတီအနေဖြင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်းဟူသော အချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက် ရည်ညွှန်းခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ် သည်။

ယခု ထုတ်ပြန်သည့် ဥပဒေတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် လျှောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေး ပါတီအဖြစ်မှ အလို အလျောက်ပြက်ပျယ်မည်ဟူသော အချက်ကလည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အတွက် အကျဉ်းအကျပ်ဖြစ်စေကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများကို နိုင်ငံပိုင်သတင်းစာများမှ ယမန်နေ့က စတင်၍ နေ့စဉ် ထုတ်ပြန်ကြေညာလျက်ရှိရာ ယခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

No comments:

Post a Comment