Monday, March 29, 2010

စောင့်စားနေသူတို့ရဲ့ နေ့ရက်များ

နွေဦးရောက်လို့ ရွက်ဝါတွေ ကြွေလွင့်လာတာကို မြင်ရတဲ့အခါ ရွက်နုကလေးတွေ ပြူထွက်လာတာကို မြင်ရတဲ့အခါ၊ နွေဦးမှာ ဘာသာဘာဝ တွန်ကြူးနေတဲ့ ငှက်ကလေးတွေရဲ့ အသံကို ကြားရတဲ့အခါ နွေကြိုဥသြငှက်ကို သတိရမိတယ်။ ဥသြ၊ ဥသြလို့ တွန်ကြူးတတ်တဲ့ ဥသြငှက်သံကို ရာသီနဲ့ယှဉ်ပြီး ကြားခဲ့ရတဲ့ ကျမဒုက္ခသည်စခန်းမှာ ဥသြငှက်အသံကို မကြားရတော့ နွေမပီသဘူးလို့တောင် ခံစားရမိသေးတာ။ ဒုက္ခသည် စခန်းထဲမှာ နေထိုင်ရတဲ့ တနှစ်ကျော်ကာလတွေက တခြားအရာတွေကိုလည်း သတိရအောင် လှုံ့ဆော်ပေးပါတယ်။

ဒုက္ခသည်စခန်းထဲမှာ ညှိးငယ်မှေးမှိန်စွာ နေရတဲ့ နေ့ရက်တွေမှာ အချိန်ပြည့် အိမ်လွမ်းစိတ်နဲ့ နေရတာကလည်း ဒုက္ခကို အရောင်ဆိုးပေးနေသလို သဘာဝဒုက္ခနဲ့ လူလုပ်တဲ့ ဒုက္ခတွေကြားကလည်း ကိုယ့်ကံကြမ္မာကို မေ့ပျောက်ပြီး နေထိုင်ဖို့ လောကဓံက ကျမကို သင်ကြားပေးပြန်ပါတယ်။ ကျမတို့နေရတဲ့ ဘဝက စောင့်စားရတဲ့ ဘဝလေ။ ဒုက္ခသည်ဘဝနဲ့ မုန်းလူမျိုးတွေကို နေရပ်ပြန်ပို့တဲ့ သတင်းတွေကြားတော့ ငါတို့အလှည့် ဘယ်အချိန်များ ရောက်လာမလဲဆိုပြီး တထိတ်ထိတ် စောင့်ရပြန်ရော။ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမယ့် MPO လို့ ခေါ်တဲ့ လက်မှတ်ကို ထိုင်းနိုင်ငံ ပြည်ထဲရေးက ဘယ်နေ့ပေးမယ်၊ ဘယ်အချိန်ပေးမယ်ဆိုတဲ့ သတင်းတွေကြားမှာ အတည်ဖြစ်မဲ့ရက်ကို ကျမတို့ စောင့်ရပြန်ပါရော။ ဒီကြားထဲမှာပဲ မိခင်တိုင်းပြည်မှာ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး၊ ငြိမ်းချမ်းရေးရခဲ့ရင် ကိုယ့်မြေကိုယ့်ရေမှာ တင့်တင့်တယ်တယ် နေနိုင်မှာပဲဆိုပြီး မျှော်လင့်ချက်တွေနဲ့ စောင့်နေကြပြန်ရော။

မီဒီယာတွေမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအမြင် ဆွေးနွေးပွဲဆိုပြီး ပြောဆိုကြတဲ့ အသံတွေ လှုပ်လှုပ်ခတ်ခတ်၊ ကျယ်ကျယ်လောင်လောင်နဲ့ ကြားရပြီး မကြာခင်မှာ NLD က မှတ်ပုံတင်မယ်၊ မတင်ဘူး၊ ပါတီရပ်တည်နိုင်ဖို့ မှတ်ပုံတင်ရင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်။ ဒါဆိုရင် မတင်ဘူးဆိုတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နအဖကို မျက်စပစ်နေသူတွေ၊ မဲခွဲဆုံးဖြတ်မယ့် မတ်လ ၂၉ ရက်နေ့ကို ကျမတို့ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေရပြန်ပါတယ်။

ဒီလိုစောင့်မျှော်နေရင်းကပဲ ဒုက္ခသည်စခန်းထဲမှာ ဘယ်လောက်ကြာကြာ နေရဦးမယ်မသိတဲ့ ဒုက္ခသည်တွေ နွေဦးဆိုတဲ့ အခုလိုလမှာ တဲအိမ်လေးတွေကို ပြင်ကြဆင်ကြ။ တဲအိမ်တွေရဲ့ အင်ဖက်မိုးတွေကလည်း လေဒဏ်၊ နေဒဏ်ကြောင့် ကြေမွနေကြပြီ။ အဲဒီ အင်ဖက်မွမွတွေကို အမိုးလုပ်နေရတဲ့ တဲအိမ်လေးထဲမှာ လေတိုးရင် အင်ဖက်အမှုန်တွေက သိပ်ကို ယားတတ်ပါတယ်။ ဆောင်းတွင်းမှာ တဲအိမ်ဖြစ်အောင် အဓိက ထားရတဲ့ ဝါးတွေ တဖောင်းဖောင်းနဲ့ ကွဲကုန်တတ်တယ်။ ဝါးပေါက်တဲ့အသံက ကျယ်တာမို့ ပထမတော့ လန့်မိသေးတယ်။ နောက်တော့လည်း ရိုးသွားတယ်။ အတွေ့အကြုံရှိသူတွေက ဝါးပေါက်ရင် မကြာခင်မှာ ပိုအေးလာလိမ့်မယ်လို့ ပြောတတ်တယ်။ တကယ်လည်း မကြာခင်မှာ အေးလာပါတယ်။ သဘာဝနဲ့ လူနဲ့ နီးစပ်ရတဲ့ နေရာပါ။

ကျမတို့နေတဲ့ ဒုက္ခသည်စခန်းက မိုးဦးကျစောပါတယ်။ မိုးများတာမို့ အိမ်ခေါင်မိုးကို ခပ်စောက်စောက် မိုးထားရတယ်။ အချိန်မကျဘဲ မိုးက ရွာချင်တဲ့အချိန် ရွာသေးတာ။ ဒီလိုဆိုရင်တော့ မိုးယိုတဲ့ အင်ဖက်မိုးကြားထဲကို ကော်ဖီမစ် အိတ်ခွံတွေ၊ ပလပ်စတစ်အိတ်ခွံ မာမာတွေ အစားထိုးပြီး မိုးနေရတယ်။ ကိုယ့်ခေါင်းပေါ်က ကြွတ်ကြွတ်အိတ်တွေမြင်ရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေသူတွေရဲ့ ကြွပ်ကြွပ်အိတ် ကင်းစင်ရေး လှုပ်ရှားမှုကို အရမ်းအားနာတာပဲ။
ကျမတို့ တဲစခန်းလေးတွေက တအိမ်နဲ့တအိမ် တံစက်မြိတ်ချင်း ထိနေကြတယ်။ ဝါးနဲ့ဆောက်တဲ့ အိမ်မို့ နှစ်ချီလာတော့ ယိုင်နဲ့ကုန်ကြတာပေါ့။ ဒီလိုတဲအိမ်လေးတွေမှာ အောက်ခြေထက် ဘေးခြေက ပိုများနေတတ်တယ်။ ဝါးပိုးဝါး တုတ်တုတ်ကြီးတွေနဲ့ ဒေါက်ထောက်ထားကြတာ ကင်းခြေများတွေလိုပါပဲ။ သိပ်ဆွေးနေတဲ့ တဲအိမ်လေးတွေကတော့ မြင်သမျှကို ကျိုးနွံစွာ အလေးပြုနေကြတယ်။ ကျမတို့ ကိုယ့်အိမ်ကနေ တနေရာနဲ့ တနေရာ ကူးသန်းသွားလာရင် အိမ်တွေကို ထောက်ထားတဲ့ ဝါးတိုင်တွေကို ကျော်ခွသွားရတယ်။

ညမှောင်မှောင်မှာ တိုက်မိခိုက်မိသူ၊ အိမ်မှားတက်တတ်တဲ့ သူတွေလည်း ရှိတာပေါ့။ ဒီလိုပြသာနာတွေနဲ့ အော်ဟစ်ဆူပူသံတွေကို ဖြေရှင်းသံတွေကိုလည်း မကြာခဏ ကြားရတယ်။ ဒါ့ကြောင့်လည်း တံခါးဖွင့်သံ၊ ဝါးကြမ်းခင်းခြေနင်းတဲ့ အသံကို တရေးနိုး ညလူခြေတိတ်မှာ ကြားရရင် ကြောက်လန့်ပြီး ချောင်းဟန့်ရတာလည်း ကြာတော့ ကျမ လည်ချောင်းတွေတောင် နာလာတယ်။ တံခါးဆိုတာကလည်း ဝါးလုံးကို ဓားနဲ့ဖောက်ထားတဲ့ သဲပွတ်ကို ဆန်ထည့်တဲ့ ပီနံအိတ်ကွပ်ထားတဲ့ တံခါးက အကောင်းဆုံး တံခါးပါပဲ။ တံခါးမရှိတဲ့အိမ်၊ အမိုးမရှိတဲ့ အိမ်တွေလည်း ရှိတယ်။ အိမ်အလှဆင်သူတွေ၊ ဗိသုကာပညာရှင်တွေ မြင်ရင် ငိုလောက်တဲ့အိမ်တွေပေါ့။

ဒီလိုတဲအိမ်လေးတွေက မိုးကိုကြောက်တယ်။ မိုးတဖြောက်နှစ်ဖြောက်တောင် ခံနိုင်ရည် မရှိရှာဘူး။ ဖေဖော်ဝါရီလ ခိုက်ခိုက်တုန် ချမ်းနေတဲ့အချိန် မိုးခြိမ်းသံတွေကြားပြီး မကြာခင်မှာ မိုးရွာပါရော။ ဒီတော့ အချိန်အခါမဟုတ် ရွာချင်တိုင်းရွာတဲ့ မိုးကို ကာကွယ်နိုင်ဖို့ အိမ်မိုးကြတော့တာပေါ့။ အိမ်အမိုးအဖြစ် အသုံးပြုရတဲ့ ဖက်တွေကလည်း အမျိုးမျိုးအဖုံဖုံ။ ကျမတို့ အရင်ရောက်နှင့်နေတဲ့ ကရင့်လူမျိုးဒုက္ခသည်တွေ၊ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲခဲ့တဲ့ ABSDF က ရဲဘော်တွေ တောထဲ၊ တောင်ထဲ ပြေးလွှားပုန်းရှောင်ရင်း ဘဝရပ်တည်ရသူတွေမို့ သဘာဝအလျှောက် ပေါက်နေတဲ့ အရွက်တွေကို အမိုးအဖြစ် အသုံးဝင်အောင် လုပ်တတ်ကြတယ်။

ABSDF က ရဲဘော်ကိုအောင်သန်းက အိမ်မိုးဖို့ဖက်ကို ကိုယ်တိုင်ကောက်ပြီး ကိုယ်တိုင် ဖက်ဖြစ်အောင် လုပ်တတ်သူ ဖြစ်ပါတယ်။ သက်ကယ်၊ ဇင်ပြွန်းရွက်၊ အင်ဖက်၊ ကြိမ်ရွက်တွေကို ဝါးတံနဲ့သီပြီး ဖက်ပစ်ကြတယ်။ ဇင်ပြွန်းရွက်က အရွက်သေးသေးမဲမဲ၊ ကြိမ်ဖက်က ဓနိလိုမျိုး ဆူးတွေနဲ့ ကြိမ်ရွက်ကို ခူးရင် တံစဉ်နဲ့ ရိတ်ရတယ်။ ကြိမ်ပင်ရဲ့ အရွက်က ကွမ်းပင်နဲ့ တူတယ်တဲ့။ အောက်ကနေ ဆွဲခူးရတယ်။ ကြိမ်ရွက်က အရွက်တိုတယ်။ ကြိမ်ရွက်က ဆူးစူးရင် ငါးမျှားချိတ်လို စိုက်နေတာ။ ဆူးထွင်ရင် အပ်ပေါက်တွေ အများကြီး ဖြစ်မှာမို့ အတွေ့အကြုံ ရှိသူတွေက အုန်းဆီနဲ့ ပွတ်လိုက်ရင် ဆူးတွေ ထွက်သွားတယ်။ ကြိမ်ရွက်က ဓနိရွက်နဲ့ တူတယ်။ ဓနုံးရွက်က ဓနိပင်နဲ့ ပိုပြီး တူပြန်ရော။ ကြိမ်ရွက်လောက် သူက မဆိုးဘူး။

တောင်ပေါ် ရေရှိတဲ့နေရာ၊ စမ်းချောင်းနေရာမှာ ဓနိတောလို ဖြစ်နေတယ်။ ဒီအရွက်တွေကို ပါခယား၊ ဒေးလော၊ အုန်းဖန်ဘက်ကို သွားပြီး ဖက်ကောက်ရတယ်။ ဖက်ကောက်တဲ့ သူတွေက ကိုယ့်ဆန်နဲ့ ထမင်းချက်စားပြီး တောထဲမှာ ကောက်ကြတယ်။ ဒုက္ခသည်စခန်းကနေ ဒေးလောကို ကားနဲ့ဆို တနာရီသွားရတယ်။ မယ်ကျန်ကျော်ပြီးမှ ဒေးလောကို ရောက်ပါတယ်။ ဖက်ကောက်ရင် မနက်စောစော ကောက်ရတယ်။ နေပူရင် ဖက်က ကျွတ်သွားတတ်တယ်။ ပလိုင်းချင်းကြီးတွေနဲ့ ကောက်ပြီး ဖက်ကို သိပ်ထားရတယ်။ တပိုးတရွက်ရအောင် အတော်ကောက်ယူရတာ။ ဂုန်နီအိတ်နဲ့လည်း ကောက်ကြတယ်။ ဂုန်နီအိတ်ထဲကို ဖက်တွေ သိပ်ထည့်ပြီး ချီလိုက်တယ်။ ဂုန်နီအိတ်ကို ကြိုးချည်ပြီး တောင်ပေါ်က ပစ်ချရင် လူသက်သာတာပေါ့။ မနက်စောစော ဝေလီဝေလင်း ထပြီး တောထဲကို ဖက်ကောက်ဖို့သွားရင် တောထဲရောက်တာနဲ့ နေပွင့်ပြီ။ နှင်းစိုနေမှ ဖက်က အိတာမို့ မြန်မြန်ကောက်ရတယ်။ ပိုးပေါက်အနာအဆာ အပေါက်အပြဲမရှိတာကို ရွေးကောက်ရတယ်။ နေပူရင် ဖက်ကျွတ်တာ မြန်မှမြန်ပဲ။ နှင်းစိုတဲ့ဖက်ကို စီပြီး အစိုဓာတ်ရှိတဲ့နေရာ၊ အေးတဲ့နေရာမှာ ထားရတယ်။ ဒီလိုထားမှ ဖက်က အသားသေတယ်။

ဖက်ရွက်ကို အမိုးဖြစ်အောင် လုပ်တော့မယ်ဆိုရင် ဖက်ရဲ့ ညှာတံဖြတ်ရတယ်။ ကွမ်းရွက်ညှာတံကို ကတ်ကြေးနဲ့ ဖြတ်သလိုမျိုးပေါ့။ ဖက်ကို သက်ကယ်တံနဲ့ ပစ်တယ်။ ဖက်တရွက်ပေါ်မှာ တရွက်ထပ်ပြီး သီတဲ့ ဖက်က ကြာရှည်ခံတယ်။ ဒုက္ခသည်အတွက် ရောင်းတဲ့ ဖက်က တရွက်ထဲကို နှစ်ရွက်စာသီတဲ့အတွက် မခံဘူး။ ဖက်ပစ်ပြီးရင် အသားသေအောင် ဖိထားရတယ်။ နာနာဖိလေ ဖက်သားသေလေပဲ။ ဖက်သားသေမှ အိမ်မိုးလို့ ကောင်းတယ်။ တချို့ဖက်က ဖိမထားတော့ ပွနေတတ်တယ်။ အဲဒီ့တော့ ရေဆင်းမကောင်းဘူး။ ကြာကြာမခံဘူးပေါ့။

ကိုအောင်သန်းက ဖက်ကောက်ဖက်ပစ် တတ်ရုံတင် မဟုတ်ဘဲ ဝါးနဲ့လုပ်တဲ့ အိမ်တွေကို ပြင်တတ်ဆင်တတ်သူလည်း ဖြစ်ပါတယ်။ ဝါးအိမ်ကို ပုံမပျက် ပြုပြင်ဖာထေးရတဲ့ အလုပ်က သိပ်ကိုခက်ခဲပါတယ်။ ဒီပညာကို လက်နက်ကိုင်တော်လှန်ရေးမှာ၊ ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ သူ့အတွက် ဘဝက သင်ပေးလိုက်တဲ့ ပညာတွေပါပဲ။

ဒုက္ခသည်တွေအတွက် TBBC က ပေးတဲ့ ဝါး၊ အင်ဖက်တွေက သိပ်ကို နောက်ကျတတ်ပါတယ်။ ဒါ့ကြောင့် အိမ်မိုးဖို့၊ အိမ်ပြင်နိုင်ဖို့အတွက် တတိယနိုင်ငံက မိတ်ဆွေတွေဆီကို ဒုက္ခသည်တွေ အကူအညီ တောင်းရတော့တယ်။ အိမ်မိုးတဲ့အခါ ကျမတို့ မြန်မာ့ဓလေ့၊ တောဓလေ့၊ လူမှုဓလေ့တွေ ပေါ်လွင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ငွေကြေးနဲ့ အိမ်မိုးကြတာ နည်းပါတယ်။ တောထဲသွား၊ ဝါးခုတ်ပြီး တနိုင်တပိုင် နှီးထိုးကြတယ်။ နှီးက တကီလိုကို ဘတ် ၃ဝ၊ ၄ဝ ပေးရတယ်။ နှီးတိုနှီးရှည်ထိုး၊ နေလှန်းသိမ်းကြတာလည်း ရှိတယ်။ မိုးမိရင် နှီးက ဆွေးတတ်တယ်။ နှီးလိမ်တတ်ရင် အိမ်မိုးတတ်တယ်လို့ အဆိုရှိတယ်။ အင်ဖက်အဟောင်းက မဆွေးသေးရင် ဖက်ကို ပြန်ပြီး အသုံးပြုလို့ ရတယ်။

ကျမတို့ ဒုက္ခသည်အတွက် အင်ဖက်က ၁၅ဝ ပဲ ရပါတယ်။ ဖက် ၄ဝဝ၊ ၅ဝဝ ကုန်ရင် လိုတဲ့ ဖက်ကို အပြင်က ဝယ်ရပါတယ်။ ဖက် ၁ဝဝ ကို ဘတ် ၃၂ဝ ရှိပါတယ်။ ဝါး၊ ဖက်၊ နှီး၊ အစုံရှိလို့ အိမ်မိုးမယ့်နေ့ဆို ဘယ်သူရေ၊ ဘယ်ဝါရေဆိုတဲ့ ခေါ်သံတွေ မနက်အစောကြီးကတည်းက ကြားရပါပြီ။ မနက်စောစော နှင်းနဲ့ စိုအိနေတဲ့ ဖက်ကို ဖျက်ချပြီး ကောင်းမယ်ထင်တာကို ပြန်ရွေးရပါတယ်။ အိမ်မိုးတဲ့ အိမ်ရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပြတာဆိုရင်လည်း မမှားပါဘူး။ ကလေးမြို့ မြစည်တော် ဆရာတော်ကြီး ပြောတဲ့ စကားကိုလည်း ကျမ သတိရမိတယ်။ သူ့ဖျာထိုင်မှ ကိုယ့်ဖျာထိုင်တယ်ဆိုတဲ့ စကားပါ။

ခေါင်မိုးပေါ်မှာ နှီးလိမ်တတ်တဲ့လူ၊ ကျွမ်းကျင်တဲ့လူက ဖက်မိုးပြီး မကျွမ်းကျင်တဲ့သူက အောက်ကနေ ဖက်၊ နှီး၊ ပေး၊ အမှိုက်ကျုံးကြပါတယ်။ ခေါင်ချုပ်ဖို့ ဝါးဖြာတဲ့သူက ဖြာနဲ့ အိမ်မိုးတဲ့ နေ့ဟာ တခြားနေ့တွေထက် ဆက်ဆံရေးတွေ နွေးထွေးနေတယ်။ အိမ်ရှင်ကလည်း သူတတ်နိုင်တဲ့ အားနဲ့ ကြက်သားနဲ့ ဘူးသီးဟင်း၊ ကြက်သားနဲ့ အာလူးဟင်းချက်ပြီး အိမ်မိုးတဲ့သူတွေကို ဧည့်ခံတတ်ပါတယ်။ မနက်စောစော အိမ်မိုးတဲ့သူတွေ ဆွမ်းခံပြန်ချိန်ဆို ကျောပူလို့နားရပါပြီ။ ခြေလက်ဆေးပြီး ထမင်းစားဖို့ အိမ်ရှင်က ဆော်သြရပါတယ်။ ဒုက္ခသည်ဆိုတော့လည်း ထမင်းစားပွဲရယ်လို့ မရှိပါဘူး။ ဝါးကြမ်းခင်းပေါ်မှာ မျက်နှာချင်းဆိုင် ပန်းကန်ချပြီး ထမင်း၊ ဟင်း ထည့်စားကြတာပါပဲ။ တမနက်လုံး တလှုပ်လှုပ်နဲ့ အိမ်မိုးနေသူတွေ ဝမ်းဟာဟာနဲ့ စားကြတာ ဘာပြောကောင်းမလဲ။ လှတောသားစကားနဲ့ဆို ဝေသာလီပြည် ဘီလူးဝင်သလိုပ။ ကြက်သား၊ ဘူးသီး ကာလသားချက်ကလည်း ရာသီစာဟင်းပေါ့။ ဒီကြားထဲထောင် ငပိထောင်းတောင် ပါသေးတယ်။

ကျမတို့ ဒုက္ခသည်စခန်းထဲမှာ နိုင်ငံရေး အကျဉ်းသမားဟောင်းတချို့ ရှိပါတယ်။ သာယာဝတီ၊ မော်လမြိုင်၊ သရက်၊ မြင်းခြံ၊ ပုသိမ်၊ မြစ်ကြီးနား၊ အင်းစိန်၊ ကလေး အကျဉ်းထောင်တွေထဲမှာ နေခဲ့ရတဲ့ သူတွေပါ။ မိမိ နေ့စဉ်ကိုင်တွယ်သုံးစွဲနေရတဲ့ ပစ္စည်းတွေက မိမိဘဝကို ပြဋ္ဌာန်းတယ်ဆိုတာ အမှန်ပါပဲ။ သူတို့က နှစ်ရှည်ထောင်ကျခဲ့ပြီး အပြင်လောကမှာ နေရတာ သိပ်မကြာသေးသူတွေမို့ ထောင်ထဲက အတွေ့အကြုံ၊ အကြောင်းအရာတွေကို မေ့ပျောက်လို့ မရနိုင်သေးပါဘူး။ သူတို့စားခဲ့တဲ့ ထောင်ငပိထောင်းကို သတိရနေကြသေးတယ်။ ကျမတို့ စခန်းထဲမှာ စိုးစိုးရည်ဆိုတဲ့ မျှင်ငပိဘူးက ဘတ် ၃ဝ ပေးရပါတယ်။ ငပိက အကောင်းစား မဟုတ်ပေမယ့် သဲတော့ လွတ်တယ်။ ဒီငပိကို ငရုတ်သီးနဲ့ ထောင်းပြီး သံပုရာရည်လေး လောင်းထည့်တော့ မွှေးမွှေးပျံ့ပျံ့နဲ့ ငပိထောင်းက လာကြဟေ့၊ ထမင်းမြိန်မြိန် စားရအောင်လို့ ဖိတ်ခေါ်နေသယောင်။ ဒုက္ခသည်စခန်းဆိုတော့ ငရုတ်ဆုံရှားတယ်။ ငရုတ်ဆုံမရှိလည်း ငပိထောင်း ဖြစ်တာပါပဲ။

ကျွတ်ကျွတ်အိတ်ထဲ ငရုတ်သီးထည့်ပြီး ခဲမာမာနဲ့ထု၊ ဒါမှမဟုတ် ရေသန့်ဘူးခွံ တဝက်ဖြတ်ပြီး ငရုတ်သီးထည့်၊ ငရုတ်ကျည်ပွေ့အဖြစ် အချိုရည်ကော်ဘူး အသေးထဲ ရေထည့်ပြီးထောင်း ညက်တယ်တဲ့။ သူတို့ အတွေ့အကြုံတွေနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားတော့ ကျမ ခါးခါးသီးသီး ငြင်းလိုက်တယ်။ ဒီလိုနည်းနဲ့ မစားချင်ပါဘူးဆိုပြီး အနီးအနား ငရုတ်ဆုံ လှည့်ငှားရတယ်။ မျှင်ငပိက မီးဖုတ်ရင် သက်တယ်ခါးတယ်။ အစိမ်းအတိုင်းက ပိုအရသာရှိတယ်။ ကြက်သားဗူးသီး ကာလသားချက်၊ ငပိထောင်းနဲ့ စားရတဲ့ ထမင်း မြိန်ချက်ကြောင့် အိမ်မိုးတဲ့သူတွေ ကျောဆန့်အနားယူပြီး တခေါခေါဟောက် အိပ်ကုန်ကြရော။ ညနေ ၃ နာရီမှာ ပြန်ပြီး အိမ်မိုးကြတယ်။ အင်ဖက်မိုးအဟောင်း၊ နှီးအဟောင်း အမှိုက်တွေကို လှည်းနဲ့တွန်းပြီး ဟိုးတောင်ခြေနားမှာ အမှိုက်မီးရှို့ကြတယ်။

ဒီလိုနဲ့ပဲ ဒုက္ခသည်စခန်းလေးထဲက ဒုက္ခသည်တွေ ရာသီဥတု သဘာဘေးဒဏ်ကို တောတောင်ထဲက ထွက်တဲ့ သဘာဝပစ္စည်းတွေနဲ့တူ လူ့လုပ်အား၊ ခွန်အား၊ စိတ်ဓာတ်တွေ ကာကွယ်နေရတာ ဘယ်အချိန်ထိလဲဆိုတာ နတ်ဒေဝါတွေမှ သိပါလိမ့်မယ်။ နတ်ဒေဝါတွေလို တန်ခိုးရှိတဲ့ UN လာပြီး တတိယနိုင်ငံတွေနဲ့ ဒုက္ခသည်တွေကို ချိတ်ဆက်ပေးမယ့် အချိန်ကို ကျမတို့ စောင့်မျှော်နေကြပါတယ်။

ဒုက္ခသည်စခန်းထဲက သူတွေကတော့ စိတ်ဒဏ်ရာတွေနဲ့။ အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်နဲ့ မိဘဆွေမျိုး ဇာတိမြေကို ခွဲခွာလာရသူတွေမို့ ထိလွယ်ရှလွယ်၊ ခံစားလွယ်။ ခွဲခွာခြင်းဆိုတာကို မျက်ရည်တွေ အများကြီး ပေးခဲ့ရတယ်။ ဒုက္ခသည်စခန်း တောတောင်ရဲ့ ဟိုးဘက်မှာရှိတဲ့ စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေ ဆည်းဆာအောက်မှာ မှုန်ပြာရီဝေလျက်။ ကျမတို့ ဒုက္ခသည်တွေအတွက် သူကပဲ ဝမ်းနည်းနေသယောင်။ ဒီလိုအချိန်မှာ ငှက်ကလေးတွေ အိပ်တန်းပြန်ကြပြီ။ ကျမလည်း သူတို့လို ကိုယ့်အိမ်၊ ကိုယ့်ယာ သိပ်ပြန်ချင်တာပဲ။ စိတ်ကူးနဲ့ ပြန်ရတာ ခဏခဏ။ ကိုယ့်ကံကြမ္မာကို သူများလက်အပ်ပြီး စောင်းစားနေရတဲ့ ဘဝမှာ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေအတွက် ကဗျာစာပေ၊ သတင်းတွေကို ဒဏ်ကြေဆေးလို မှတ်ပြီး နေ့စဉ် လိမ်းနေရပါတယ်။ ကဗျာဆရာ သစ္စာပိုင်စိုးရဲ့ ကဗျာက သိပ်ကို ထိမိလွန်းလှတယ်။ ဖတ်ကြည့်ပါဦး။

အပိုင်းအခြား
အိမ်ခေါင်မိုးမှာ မိုးယိုနေလည်း
အိမ်ထဲမှာ မိုးမရွှဲခဲ့ဘူး။

တယောက်ကို ဆူးကလေးစူးရင်
တအိမ်လုံး ဝိုင်းထွင်ခဲ့တယ်
တယောက်က တရားထိုင်ရင်
တအိမ်လုံး ဓားမကိုင်တော့ဘူး
တိမ်းတိမ်းမူးမူး
ကြည်ကြည်မွေ့မွေ့
တယောက်မျက်နှာ တယောက် မြင်နေသရွေ့
တလောကလုံးကို မေ့လို့
အဖေ့ချွေးစက်တွေက
စမ်းရေပမာ အေးအေးလူလူ
အမေ့ချွေးစက်တွေက
ပန်းတွေပမာ မွှေးမွှေးကြူကြူ
အိမ်ရှေ့မှာ ဘယ်လောက်ပူနေလဲ
အိမ်နောက်မှာ ချမ်းသာမြဲပေါ့
ခုကျတော့လည်း
အကွဲကွဲအပြားပြား
ကိုယ့်တရားကိုယ်စီရင်
အသက်ရှူရတာတောင် နင်နေတယ်။

(သစ္စာပိုင်စိုး)

No comments:

Post a Comment