Tuesday, March 2, 2010

ဒေါ်အောင်ဆန်းစုကြည်၏အယူခံ ပယ်ချခံရမှု ဥရောပသမဂ္ဂ ကြေညာချက်ထုတ်

NEJ/ ၂ မတ် ၂ဝ၁ဝ

နေအိမ် အကျယ်ချုပ် ကျခံ နေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အယူခံ တင်သွင်း ထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အား ဗဟို တရား ရုံးချုပ်မှ ပယ်ချလိုက် သည့်အပေါ် အထူး စိတ်မကောင်း ဖြစ်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေး ရာဌာန၏ ပြောခွင့်ရသူ ကက်သရင်း အက်ရှ်တန်က ပြောကြားလိုက်သည်။

ထိုသို့ တရားရုံး ချုပ်မှ ဒေါ်အောင်ဆန်း စုကြည်၏ အယူခံ အားပယ်ချ ခဲ့ခြင်းသည် အစိုးရနှင့် အတိုက်အခံ ပါတီတို့ အကြား အလျင်အမြန် လိုအပ် နေသည့် အမျိုးသား ရင်ကြား စေ့ရေးနှင့် ရေရှည် တည်ငြိမ် အေးချမ်းရေး အတွက် နိုင်ငံရေး အရ အားလုံး ပါဝင်နိုင်သော တွေ့ဆုံ ဆွေးနွေး မှုဖြစ် မြောက်ရေး အလားအလာ များကို ပျက်စီးသွား စေသည်ဟု ကက်သရင်း အက်ရှ်တန်က ယမန်နေ့၌ ကြေညာချက် ထုတ်ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားရာတွင် အာဏာပိုင်များအနေဖြင့် နိုင်ငံတကာက တောင်းဆို ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် လိုအပ်ကြောင်းလည်း ဥရောပကော်မရှင်၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ ကက်သရင်း အက်ရှ်တန်က တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှု နောက်ဆုံး အထူးအယူခံတင်သွင်းရာတွင် စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တရားဥပဒေလမ်းကြောင်းအရ ပြောင်းလဲလုပ်ဆောင်နိုင်သည့် အခွင့်အရေးတခု ရှိနေသေးသည်ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အနာဂတ်ကောင်းစားရေးအတွက် ရှေးရှုကာ ထိုအခွင့်အရေးကို ရယူရန် စစ်အစိုးရ အာဏာပိုင်များအား ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူက ပြင်းပြင်းထန်ထန် တိုက်တွန်းပြောကြား လိုက်သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏အမှု အယူခံပယ်ချချက်အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ်နှင့် အာဆီယံ စင်ပြိုင် အဖွဲ့တို့ကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ယမန်နေ့က တောင်းဆိုခဲ့သည်။

No comments:

Post a Comment