Wednesday, March 10, 2010

အသက်နဲ့ဘဝတွေကိုရင်း၍

စေးရယ်စိုး

အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ပေါက်သွယ်သွယ်လေးနဲ့ အသက် ၁၂နှစ်အရွယ်သာရှိသေးတဲ့ မြန်မာကလေးမလေး ခင်ခင်လေးဟာ သူမလက်ရှိအသက်အရွယ်နဲ့ဆိုရင် ရှစ်တန်းကျောင်းခန်းထဲမှာ ပညာဆည်းဖူးသင်ယူနေသင့် ပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ ခင်ခင်လေးရဲ့ဘဝက ပညာရေးထက် တလုပ်စာ ဝမ်းစာရေးကပိုမိုအရေးကြီးနေတာမို့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အရွယ်နဲ့မလိုက်အောင် အလုပ်သမားအဖြစ်နဲ့ ဘဝကိုရုန်းကန်နေရပါတယ်။

ခင်ခင်လေးအလုပ်ရုံက ထိုင်းနိုင်ငံမဲဆောက်မြို့မှာရှိတဲ့ စားသောက်ဆိုင်နဲ့သဲခိုခန်းတွဲထားတဲ့ ဟိုတယ်တခုမှာပါ။ အဲဒီမှာ ဟိုတယ်ခန်းသန့်ရှင်းရေး၊ အိမ်သာရေချိုးခန်းသန့်ရှင်းရေး၊ အဝတ်လျော်၊ ပန်းကန်ဆေး၊ ထမင်းဟင်းချက် စတဲ့အလုပ်မျိုးစုံကို လုပ်ရပါတယ်။ မနက်ဆိုရင်ဧည့်သည်တွေအတွက် နံနက်စာပြင်ဆင်ဖို့အတွက် မနက် လေးနာရီကထပြီးချက်ပြုတ်ကျော်လော်ရပါတယ်။ ခင်ခင်လေးအတွက် မနက်စာကို နေ့ခင်း ၁၁နာရီ ဧည့်သည် ရှင်းတဲ့အချိန်မှသာ စားကြွင်းစားကျန်များကိုစားခွင့်ရပါတယ်။

“တခါတလေဧည့်သည်ပေါတဲ့ရက်ဆိုရင်မစားဘဲနဲ့တနေကုန်နေရတဲ့ရက်လဲရှိတယ်”လို့ ခင်ခင်လေးက ပြောပါတယ်။

ညဆိုရင်ဧည့်သည်တွေအိပ်ပြီးတဲ့အချိန် ၁၁နာရီခွဲလောက်မှ ညနေစာကိုစားရပါတယ်။ မနက်လေးနာရီကနေ ညနက်၁၁နာရီခွဲအထိအလုပ်မျိုးစုံကို မနားတမ်းလုပ်ရပါတယ်။

“ခဏတဖြုတ်ထိုင်နားလို့ကိုမရဘူး။ ကျမအတွက်နားချိန်ဆိုလို့ ဒီလိုမီးပူတိုက်တဲ့အချိန်ပဲရတယ်”လို့ တည်းခိုခန်းမှ လျော်ဖွတ်ပြီးသွားတဲ့ခေါင်းဦးစွတ်တွေနဲ့အိပ်ရာခင်းတွေကို မီးပူတိုက်နေရင်းပြောပြပါတယ်။

ခင်ခင်ရဲ့အလုပ်ချိန်ဟာ နိုင်ငံတကာသတ်မှတ်ထားတဲ့အလုပ်ချိန်စံနှုန်းထက်အများကြီးပိုနေတဲ့အပြင် သူမလက်ရှိ အလုပ်နဲ့ အသက်အရွယ်ဟာလဲ လုံးဝကိုက်ညီမှုမရှိပါဘူး။

ဒါပေမဲ့ဒီအကြောင်းတွေသာ လူသိရှင်ကြားဖြစ်သွားရင် တလမှ ဘတ် ၆ဝဝရာသာရရှိတဲ့ခင်ခင်လေးတယောက် လက်ရှိအလုပ်ပြုတ်သွားနိုင်ပါတယ်။ ဒီလိုအလုပ်ပြုတ်သွားမှာကိုလဲသူမှသိပ်ကြောက်ပါတယ်။

“အစ်ကိုနဲ့ကျမဒီလိုစကားပြောနေတာကို မမ(ဟိုတယ်မန်နေဂျာ)သိသွားရင် ကျမအလုပ်ပြုတ်မှာသေချာတယ်။ မမကဧည့်သည်နဲ့စကားပြောတာလုံးဝမကြိုက်ဘူး”လို့ သူမရဲ့မျက်လုံးတစုံက မီးပူတိုက်နေတာကို အာရုံထားဟန်ဖြင့် ပြောပါတယ်။

အလုပ်ချိန်တရားတာ မတရားတာ၊ လုပ်အားခရရှိမှုတရားတာ မတရားတာကနောက်မှပါ။ ထိုင်းမှာ သူမအတွက် အခုလုပ်နေတဲ့အလုပ်ထက် ကောင်းတဲ့အလုပ်ရှိမယ်လို့လည်းသူမ မယုံကြည်ဘူး။ ရထားတဲ့အလုပ်ကိုမပြုတ်ဖို့က သူမတို့လို ရွေ့ပြောင်းအလုပ်သမားတွေအတွက် အရေးကြီးဆုံးပါ။

ခင်ခင်လေးဟာ ရှစ်နှစ်သမီးအရွယ်ကတည်းက သူမ မေမေနဲ့အတူ ထိုင်းနိုင်ငံမှာ အလုပ်လာရှာလုပ်ဖို့ စတင် ရောက်ရှိခဲ့ပါတယ်။ ရန်ကုန်မှာသားအမိ တရက်စာတရက်စာဝမ်းစာရေးလုံးဝဖြေရှင်းလို့မရတော့တဲ့အတွက် ဖြစ်ချင်ရာဖြစ်ဆိုပြီးယခုလိုစွန့်စားခဲ့ကြတာပါ။

ခင်ခင်လေးတယောက်ထဲမဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လာရောက်လုပ်နေကြတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ခင်ခင်လေးလို သမီးငယ်လေးတွေ မိခင်တို့နဲ့ တပါတည်းကပ်ပါလာကြတဲ့ ကလေးတွေလဲ ရှိပါတယ်။

တချို့ကလေးမလေးတွေဆို မောင်ခိုလိင်ရောင်းဝယ်ရေးဈေးကွက်ထဲကိုရောက်သွားတဲ့အတွက် သူတို့လေးတွေရဲ့ ရှေ့ရေးဟာရင်လေးစရာ။ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မြန်မာသူလေး ပပဟာ အလုပ်လာရောက် ရှာဖွေရင်း ထိုင်းနိုင်ငံ ပူကက်ခရိုင်အတွင်းရှိ မောင်ခိုလိင်ဈေးကွက်ကို ထိမ်းချုပ်တဲ့ ပွဲစားတစုရဲ့လက်ထဲကို ရောက်သွားခဲ့ပါတယ်။

“ကျမဒီကိုရောက်တာ ခြောက်လရှိပြီ။ ဒါပေမဲ့အပြင်ကိုတခါမှထွက်ခွင့်မရဘူး။ အခန်းထဲမှာဘဲ ကျမတို့ကို လှောင်ထားတယ်။ .... လူမျိုးတွေကမကောင်းဘူး။ သူတို့ခိုင်းသမျှအားလုံးလုပ်ပေးရတယ်။ ကျမဘာဘဲ ဖြစ်ရဖြစ်ရ ဘာဘဲလုပ်ရလုပ်ရ ဒီကနေထွက်ချင်ပါတယ်။ ကျမကိုဒီကနေလွတ်မြောက်ဖို့ကူညီပါလား။ ဒီမှာလုံးဝမနေချင်တော့ဘူး။”

လောင်ထားတဲ့အခန်းထဲမှ အင်တာနက်ကနေတဆင့် ဧည့်သည်တွေရှာနေရတဲ့ ပပကထုတ်ဖေါ်ပြောပြပါတယ်။

ကံကြောင်းမလှလို့တချို့ကလေးတွေဆို အလုပ်ရှာရင်း အသက်ပါဆုံးရှုံးကြပါတယ်။

ယခုလ ၂၅ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ တရားမဝင် မြန်မာရွေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာတဲ့ ကားတစင်းအား ထိုင်းလုံခြုံရေးတပ်တို့က အမ်၁၆ဖြင့်ပစ်ခတ်မှုကြောင့် ၂နှစ် နှင့် ၄ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါ အဝင် အသက် ၂ဝ ကျော် တဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ သွားပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၈ခုနှစ်မှာဆိုရင် မြန်မာရွေ့ပြောင်းအလုပ်သမား ၁၂၂ဦးကို ထိုင်းနိုင်ငံ ဖငါးနဲ့ပူကက်ဖက်မှာ အလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ဖို့အတွက် တရားမဝင်လူတင်ပို့သော ပွဲစားတို့က ရေခဲသေတ္တာပမာ အလုံပိတ်ထားသော ၁ဝ ဘီးကားကြီးထဲတွင် ထည့်သွင်းပြီးတင်ယူသွားသောကြောင့် အသက်ရှူကြပ်ပြီး အမျိုးသမီး ၃၆ဦး၊ အမျိုးသား ၁၇ဦးနဲ့အသက် ၇နှစ်အရွယ်သမီးငယ်လေးတဦးအသက်ဆုံးရှုံးသွားခဲ့ကြတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ အနိပ်စားအလုပ်တွေကို အချိန်မတရား တိုးလုပ်နေရကြရပြီး လုပ်အားခကိုလဲ အနိမ့်ဆုံးစံနှုံးမှာရကြပါတယ်။ မကြာခဏဆိုသလို အလုပ်ရှင်နဲ့ သက်ဆိုင်ရာ အာဏာပိုင်တို့ရဲ့လက်အောက်မှာ မတရားခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးထိမ်းချုပ်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု၊ အတင်းအဓ္ဓြွမလိမ်ဆက်ဆံခြင်းခံရမှုနှင့် သတ်ဖြတ်မှုတို့ကိုလဲရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ယခုလ ၂၃ရက်နေ့က ဝမ်ရှင်တန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်သော အဖွဲ့ရဲ့အစီရင်ခံစာထုတ်ပြန်ချက်ထဲမှာ ရေးသားဖေါ်ပြထားပါတယ်။

“ရွေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးကို အများကြီးအကျိုးပြုစေပါတယ်။ ဒါပေမဲ့ မတရားအမြတ်ထုတ်မှုနဲ့ ချိုးဖောက်မှုအမျိုးမျိုးကနေ အကာကွယ်ပေးတဲ့နေရာမှာက အနည်းအကျဉ်းဘဲ ရှိပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ဘရတ်အေဒမ်က ပြောပါတယ်။

ယခုလအစောပိုင်းကလဲ မဲဆောက်တတ်ခရိုင်အတွင်းမှာ မြန်မာအလုပ်သမား ကိုးဦးကို ရဲနှင့် ဆက်နွယ်မှုများ ရှိတယ်ဆိုတဲ့ အလုပ်သမားပွဲစားတို့ရဲ့လက်ချက်ကြောင့် သေနတ်များဖြင့် ရက်ရက်စက်စက်ပစ်သတ်ပြီး ကားလမ်းနဘေးမှာ အလောင်းတွေကို ပစ်ထုတ်ထားခဲ့ကြတယ်။

ထိုင်းနိုင်ငံမှာ ဒီလိုမတရားအသက်အန္တရယ်ခြိမ်းခြောက်မှုနဲ့ ဖိနိပ်မှုမျိုးစုံရှိနေခဲ့ပေမဲ့ မြန်မာပြည်သားတွေရဲ့ အလုပ်လာရောက်ရှာဖွေနှုန်းလုံးဝမကျသွားပါဘူး။ ယခုဆိုရင်ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းအလုပ်သမား သုံးသန်းနီးပါးရှိနေပါပြီ။

၁၉၈၈ခုမှစ၍ လက်ရှိ မြန်မာစစ်အစိုးရမှ အာဏာသိမ်းယူလာခဲ့တဲ့နောက်ပိုင်း စစ်တပ်မှအာဏာရှိအကြီးပိုင်းနဲ့ နီးစပ်မှုရှိတဲ့ရွေမျိုးအတိုင်းအဝိုင်းကသာ မတရားကြီးပွားချမ်းသာလာကြပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုစားဝတ်နေရေးတွေက ဆင်းရဲသွင်းသို့ဆိုက်ရောက်လာပါတယ်။ ယခု ၂ဝ၁ဝမှာ စစ်အစိုးရမှ စီမံထားတဲ့ ရွေးကောက်ပွဲပြီး ဖြစ်ပေါ်လာမဲ့အစိုးရဟာလဲ စစ်တပ်အာဏာရှင်များကသာ ထပ်တလဲလဲတိုင်းပြည်ကို ထပ်မံအုပ်ချုပ်မည်ကို ပြည်သူလူထုတရပ်အနေဖြင့် ကြိုတင်ခန့်မှန်းသိရှိပြီးသားဖြစ်တယ်။

စစ်တပ်အစိုးရနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်မှာ ဆင်းရဲနွမ်းပန်းပြီးငတ်မွတ်မှုနှင့်ဘဝကို ဘယ်သူမှ အဆုံးမသတ် ချင်ကြပါဘူး။ ထိုင်းနိုင်ငံမှာ ခင်ခင်လေးနဲ့ပပတို့လို့လို အသက်အန္တရယ်၊ ဘဝအန္တရယ်တွေနဲ့လှဲရတဲ့ အခြေအနေတွေနဲ့ လုပ်ကိုင်စားသောက်နေကြရတဲ့ အဖြစ်ကလဲအဖြေမဟုတ်သေး။

ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေး၊ လုံခြုံရေးနဲ့တရားမျှတမှုတို့ကို ထိုင်းနိုင်ငံအလုပ်သမားများကဲ့သို့ အခွင့်အရေးများတန်းတူခံစားမှုရှိကြောင်းကို စာရွက်စာတမ်းထဲမှာဘဲ ပြထန်းထားတာထက် လက်တွေ့အခြေအနေမှာ အမှန်တကယ်ထိထိရောက်ရောက်ကျင့်သုံးနိုင်ဖို့နဲ့ အလုပ်သမားများ ချိုးဖောက်ခံရမှုများကိုလဲ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများနဲ့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူဆောင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါကြောင်း။


1 comment:

  1.်အဲဒီမိန်းကလေးက အခုလည်း အဲဒီမှာပဲလား သတင်းသမားက သတင်းပဲယူပြီး သူတို့ အတွက် ဘာကြောင့်ကြမှု့ မှ မရှိဘဲ နေ နေရသလားဗျာ ခင်ခင်လေး အကြောင်းသိခြင်ပါသေးတယ် နှမခြင်ကိုယ်ခြင်စာမိပါတယ် သေချာမကြာခင် ရောင်းစားခံရတော့မှာ အကြောင်းပြန်ပါအုံး ငွေကြေးဖတ်ကူညီပါမယ် -အဲဒီထဲက ထွက်နိုင်ဖို့ အရေးကို

    ReplyDelete