Saturday, March 27, 2010

“စိတ်လျှော့ … စိတ်လျှော့”

ရန်ကုန်သားတာတေ

“ဝင်သင့်တယ်”
“မဝင်သင့်ဘူး၊ လုံးဝ မဝင်သင့်ဘူး”
“ဝင်ကို ဝင်ရမယ်၊ မဝင်ရင် ဘာလုပ်မလဲ”
“မဝင်ဘဲ ဘေးထိုင် ဘုပြော ကန့်လန့်တိုက် မှာပေါ့”
“ဒါဆို ဘိုင်ကျမှာပေါ့ … အဲ ယောင်လို့ ထွက်ရမှာပေါ့”

ဆူညံသံများကြောင့် ဒွိုင်ဆူထေ့ တောင်ပေါ်တွင် တဦးတည်း တရားမှတ်နေသည့် ဦးရုက္ခစိုးကြီး တုံ့ခနဲ ဖြစ်သွားသည်။

ဦးရုက္ခစိုးတယောက် လူတွေကြားထဲမှာ ဟိုစပ်စပ် သည်စပ်စပ် ဝင်ပါတာ များလှပြီ။ နတ်ဆိုပေမယ့် လူတွေကိစ္စ ဝင်ပါမိလို့ ရင်တုန်ပန်းတုန် ဖြစ်ရပေါင်းလည်း များပြီ။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးတော့မည် ဆိုတော့မှ တနှစ်လုံး တရားဓမ္မနှင့် ကင်းဝေးခဲ့သည်ကို သတိရပြီး တရားမှတ် နေခြင်း ဖြစ်သည်။

ဆူညံသံများကို ကြားသဖြင့် စပ်စုလိုသော်လည်း သူ့ကိုယ်သူ “စိတ်လျှော့ … စိတ်လျှော့” ဟု သတိပေးလိုက်သည်။ အဆိုပါ အသံများ နီးသည်ထက် နီးကာ ဦးရုက္ခစိုး ရှေ့မှောက် ဆိုက်ရောက်လာသည်။ ဖိုးရှုပ်၊ ကြွက်စုတ်နှင့်အတူ ငြင်းခုန်လာသူ များမှာ အသံတိတ်ဂျာနယ် အယ်ချုပ်ကြီး ဦးနေဝင်းပြောင်နှင့် ပြည်ပအခြေစိုက် ရှိသမျှအဖွဲ့အားလုံးကို ကိုယ်စားပြုသူ ခင်ဆာရာပုလင်း တို့ ဖြစ်ပြီး ၎င်းနောက်မှ မိန့်မိန့်ကြီး လိုက်ပါလာသူ ချိုကုပ်ဒူးကြီးဖြစ်သည်။

ဦးနေဝင်းပြောင်။ ။ ဝင်ကို ဝင်ရမယ်ဗျာ။

ခင်ဆာရာပုလင်း။ ။ ဘာကိစ္စ ဝင်ရမှာလဲ။ ကျမကတော့ ဝင်မယ်ဆိုတဲ့သူတွေကို မေးလိုက်ချင်တယ် … ဘာလုပ်ဖို့ ဝင်ကြမှာလဲ။

ပြောင်။ ။ အိုဗျာ … မဝင်တာထက်စာရင် ဝင်တာက နည်းနည်း အခွင့်အရေး ရှိသေးတယ် … တခုရရ … နှစ်ခုရရ … ရတာလေးက အမြတ်ပဲ မဟုတ်ဘူးလား။

ပုလင်း။ ။ (နှုတ်ခမ်းထော်၍) နိုး … နိုး … အကုန်လုံး မရရင် ဘာတခုမှ မလိုချင်ဘူး။

သူတို့ ငြင်းနေကြသည်ကို ကြည့်ရင်း ချိုကုပ်ဒူးကြီးက မိန့်မိန့်ကြီး ပြုံးနေသည်။ ဘာစကားမှတော့ ဝင်မပြော။ ဦးရုက္ခစိုးကတော့ တကိုယ်တည်း “စိတ်လျှော့ … စိတ်လျှော့” ဟု ရေရွတ်နေသည်။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီး တခုခု ဝင်ပြောဦးမှပေါ့ဗျာ၊ ဟိုမှာ ရန်ဖြစ်တော့မယ်။

ချိုကုပ်။ ။ ဖြစ်ပါစေ၊ ဖြစ်ပါစေ …။ အတော်ပဲ ဖိုးရှုပ် … မင်းနဲ့ငါ လောင်းမလား။ ဒီရန်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ။

ဖိုးရှုပ်။ ။ မလောင်းပါဘူးဗျာ … သရေပဲကျမှာ မယုံကြည့်နေ။

ပုလင်း။ ။ ဒီမှာ ဦးနေဝင်းပြောင် ...။ ရှင်က ရွေးဂေါက်ပွဲ ဝင်ကို ဝင်ရမယ်လို့ ပြောနေတယ်ဆိုတော့ ရှင် … စာမတတ်လို့ဘဲ ဖြစ်ရမယ်။ ထင်တော့ ထင်ပါတယ် ရေး တက္ကသိုလ်ရယ်လို့ မကြားဖူးပါဘူးလို့။ ထားဝယ်ကောလိပ်ဆို နည်းနည်း တော်သေးတယ်။

ပြောင်။ ။ ဘာပြောတယ် … ယေးလ် တက္ကသိုလ်ဗျ။ ကျုပ်တို့က အီလစ်တွေ။ နားလည်လား။ နအဖ ပေးသလောက် နည်းနည်းယူပြီး ဘာဆက်လုပ်မယ် ဆိုတာ စဉ်းစားပြီးပြီ။ အခုဆို နအဖ က ပုဂ္ဂလိကပိုင် လုပ်ငန်းတွေတောင် လွှဲပေးနေပြီ …။ ခင်ဗျားသာ ငတုန်းမို့လို့ မသိတာ။

ပုလင်း။ ။ ဘာပေးတာလဲ။ အမှိုက်ပုံထဲက အစုတ်အပြတ်တွေကို ပက်ကင်ထုပ်ပေးတာလား။

ပြောင်။ ။ ခက်တယ် … ။ ခင်ဗျားတို့လို ဘေးထိုင် ဘုပြောနေတဲ့ သူတွေကြောင့် တိုင်းပြည် တိုးတက်မှု မရှိတာ။

ပုလင်း။ ။ ဒီတခါ ဘုမပြောဘူး … ဒေါက်ဖိနပ်နဲ့ ချွတ်ရိုက်မယ်။

ရုက္ခစိုး။ ။ စိတ်လျှော့လေ … စိတ်လျှော့ကြပါဗျာ။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးရေ … ကြည့်ရတာ အခြေအနေတော့ သိပ်မကောင်းဘူး။ ဘယ်လိုလုပ်ကြမလဲ။

ချိုကုပ်။ ။ ဟဲဟဲ … ကြည့်ကောင်းတယ်ဗျ။ သူတို့ဟာသူတို့ ဝင်မယ်ပြောပြော၊ မဝင်ဘူးပြောပြော ကျုပ်က ရွေးဂေါက်ပွဲကြီး ကျင်းပမှာပဲဥစ္စာ။ အလကား လေကုန်ခံ ငြင်းနေကြတယ်။

ပုလင်း။ ။ ဒီမှာ ချိုကုပ်ဒူးကြီး … ရှင့်ဘာသာ ကျင်းပချင်ကျင်းပ မကျင်းပချင်နေ ကျမ လုံးဝ ဂရုမစိုက်ဘူး။ ဒုန့်ကဲပဲ။

ချိုကုပ်။ ။ ကျုပ်ကလည်း နိုးဂရု (စ်) … ဒုန့်ကဲပါဗျာ။ ခင်ဗျားကို ဂရုစိုက်မယ့်အစား ဘီကီနီလေးတွေနဲ့ ဖက်ရှင်ပြပွဲတွေပဲ ကြည့်တာကမှ စိတ်ချမ်းသာဦးမယ်။

ပုလင်း။ ။ (ဦးနေဝင်းပြောင် ဘက်ကိုလှည့်၍) ဝင်မယ့်သူတွေကိုလည်း ကျမက ဒုန့်ကဲပဲ။

ပြောင်။ ။ ကျုပ်ကလည်း ဒုန့်ကဲပါ။ ရွေးကောက်ပွဲပြီးမှ တိုင်းပြည်ကို တဖြည်းဖြည်း ပြောင်းလဲ တိုးတက်အောင် လုပ်ရမယ်။ ကျောင်းတွေထောင်မယ်။ ကျုပ်တို့ မပါလို့ မရှိလို့ မဖြစ်ဘူးဗျ … ။

ပုလင်း။ ။ အရူး။

ရုက္ခစိုး။ ။ ကျုပ်လည်း ဒုန့်ကဲပါ … ဟာ ယောင်လို့ … စိတ်လျှော့ပါဆိုနေဗျာ။

ချိုကုပ်။ ။ သူတို့က ခုထိ မဝင်ဘူး၊ ဝင်မယ် လုပ်နေတယ်။ မှတ်ပုံတင်တဲ့သူတွေကဖြင့် တင်နေပြီ။ ပါတီ နည်းနည်းပါးပါး မှတ်ပုံတင်ရင် ရွေးဂေါက်ပွဲက ကျင်းပလို့ရပြီ။ ကျုပ်ဆင်တဲ့ အကွက်ကလည်း တန်းနေတာပဲ၊ NLD လည်း ဘော်လီဘော ပုတ်ရလွန်းလို့ အမောဖောက်နေပြီ။ သူ့စရိတ်နဲ့သူ သွားတော့မယ်။

ဖိုးရှုပ်။ ။ ဝင်မယ့် ပါတီတွေက ပိုက်ဆံ သိပ်မရှိကြဘူးဗျနော်။ ဘယ်လို စခန်းသွားကြမလဲ မသိဘူး။

ချိုကုပ်။ ။ သူတို့က ဝင်တယ်ဆိုရုံလေးပဲ ဝင်ကြပစေ …။ ကျုပ်ထောက်ပံ့ပေးထားတဲ့ ကြံ့ဖွံ့ပဲ နိုင်မှာ။ စစ်တပ်က ၂၅၊ နောက်ထပ် ယူနီဖောင်း မဝတ်တဲ့ စစ်တပ်က ၅၀ …၊ တပ်မတော်က ၂၀ ...၊ ကျန်တဲ့ ၅ က စစ်တပ်နဲ့ အမျိုးတော်တဲ့ ပြည်သူလူထု။

ပုလင်း။ ။ ကဲ ကြားပြီလား ဦးနေဝင်းပြောင် … ရှင် ဝင်ချင်သေးလား။

ပြောင်။ ။ ကျုပ်က လုံး …......................... ဝ ဂရုမစိုက်ပါဘူးလို့ ပြောပြီးပြီပဲ။ ဝင်ကို ဝင်သင့်တယ်။

ပုလင်း။ ။ ဟာ … ဒီလောက်ထိ ပြောတာတောင် ဝင်မယ်လုပ်တုန်းပါလား။ ကကြီးကို ပုတ်လောက်ကြီး ရေးပြတောင် သိမယ့်ပုံ မရှိဘူး။

ပြောင်။ ။ မသိဘူး၊ ကျုပ်က အေဘီစီဒီပဲ သင်ဖူးတာစ် … သဘောပေါက်စ်။

ထိုစဉ် ဘေးတွင် အင်တာနက်ဖွင့်ကြည့်ကာ ဘာတခွန်းမှ ဝင်မပြောသော ကြွက်စုတ်ထံမှ အသံထွက်လာသည် …

ကြွက်စုတ်။ ။ မေးလ်ဝင်လာပြီ … အားလုံးငြိမ် ...။ ဒေါ်အောင်ဆန်းစုကြည်က ပြောနေပြီ … သူ့အနေနဲ့ဆိုရင် ပါတီ မှတ်ပုံမတင်ဘူးတဲ့ … ။ ပါတီ ဂုဏ်သိက္ခာက အရေးကြီးတယ်တဲ့။

ချိုကုပ်။ ။ ဘာ ...။

ပုလင်း။ ။ (လက်ခုပ်တီးရင်း) ဝေး … တွေ့တယ်မဟုတ်လား … ဒါမှ တို့ ဒေါ်စု။ ဂုဏ်သိက္ခာက အရေးကြီးတာပေါ့ … အရမ်းမှန်တယ်။

ကြွက်စုတ်။ ။ ဒါပေမယ့် သူ အမိန့်မပေးဘူး … ဆုံးလည်း မဆုံးဖြတ်ဘူး။ ပါတီကပဲ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ပါ တဲ့။

ချိုကုပ်။ ။ သြော် ဒီလိုလား၊ သူကလည်း ဘော်လီဘော ပုတ်ပြန်ပြီ။ အိမ်ထဲမှာ အေးအေး မနေဘူး။ ငါဆင်တဲ့ အကွက်ကို မဝင်ဘူးပေါ့လေ။ ဂုဏ်သိက္ခာရှိရှိ မတရားအသင်း ကြေညာခံလိုက်မယ်ပေါ့။ ဒါပေမယ့် ဘာပြောပြော ကွဲမှာပါပဲ။

ပြောင်။ ။ ကျုပ်ကတော့ ဒုန့်ကဲပဲ … ။ ချိုကုပ်ဒူးကြီးလည်း ဒုန့်ကဲပဲ ဟုတ်တယ်မဟုတ်လား။

ချိုကုပ်။ ။ ဟုတ်တယ် ဒုန့်ကဲပဲ … ။ ဒါပေမယ့် မင်း ဒုန့်ကဲနဲ့ ငါ့ဒုန့်ကဲ လာမညှိနဲ့နော်။ ငါက ငါ့ဘာသာ ဒုန့်ကဲတာ။

ပြောင်။ ။ ဟာ ဒုန့်ကဲ အချင်းချင်းတော့ တူသင့်ပါတယ်ဗျာ။

ပုလင်း။ ။ ကျမလည်း ဒုန့်ကဲပဲလေ … ။

ကြွက်စုတ်။ ။ NLD ကလည်း ဒုန့်ကဲပဲတဲ့။ မတရားအသင်း ကြေညာ ကြေညာ၊ လုပ်ချင်ရာလုပ်၊ ကွဲချင်ကွဲပစေ ဒုန့်ကဲပဲတဲ့။

ရုက္ခစိုး။ ။ စိတ်လျှော့ … စိတ်လျှော့ …။ ပြည်သူလူထုကလည်း ဒုန့်ကဲပဲ ...။ လုပ်ချင်ရာလုပ် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတာ သိတယ်တဲ့။ အဲဒါကြောင့် စိတ်လျှော့ကြပါ။

တချိန်လုံးစိတ်လျှော့ခိုင်းနေသည့် ဦးရုက္ခစိုးဘက်ကို အားလုံးလှည့်ကြည့် လိုက်ကြသည်။

“ကဲ … စိတ်လျှော့ခိုင်းဦး” “ဖုန်း” “ခွပ်” “ဒုတ်”

အရှေ့က “ဖုန်း” နှင့် “ခွပ်” မှာ ခင်ဆာရာပုလင်းနှင့် ဦးနေဝင်းပြောင်တို့၏ လက်ချက်ဖြစ်ပြီး … နောက်ဆုံး “ဒုတ်” မှာ ကြံ့ဖွံ့များက သင်ပေးထားသည့်အတိုင်း ချိုကုပ်ဒူးကြီးကိုယ်တိုင် ဆွမ်းကြီး ဝင်လောင်းခြင်း ဖြစ်သည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တားချိန် မရလိုက်ပေ။

မကြာခင် ချင်းမိုင်မြို့တွင်း လူနာတင်ကားတစီး “ကွီးညောင်၊ ကွီးညောင်” အသံပြု၍ အပြင်းမောင်းနှင်သွားသည်ကို တွေ့ရတော့သည်။ ထိုကားပေါ်တွင် “စိတ်လျှော့” အပြောကောင်းသူ ဦးရုက္ခစိုးကြီး သွေးသံရဲရဲဖြင့် ပါသွားလေတော့၏။

No comments:

Post a Comment