Wednesday, March 17, 2010

စစ်အစိုးရကို ဖိအားပေးရန် ယူအန်အေက ဘန်ကီမွန်းထံ စာပေးပို့

ဝီရ/ ၁၇ မတ် ၂ဝ၁ဝ

မြန်မာ စစ် အစိုးရက တဖက်သတ် ထုတ်ပြန် လိုက်သည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် မြန်မာ ပြည်သူတို့၏ ဆန္ဒ သဘောထား များနှင့် ကွဲလွဲနေ သည်သာမက နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ကုလ သမဂ္ဂ၏ အကြံပြုချက် များနှင့်လည်း ဆန့်ကျင် နေသည့်အတွက် ကုလ သမဂ္ဂ အနေဖြင့် မြန်မာ စစ် အစိုးရအား ပိုမို ဖိအားပေး သွားရန် ယူအန်အေ ခေါ် ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့က ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ယမန်နေ့က စာရေးသား ပေးပို့ခဲ့သည်။

ယူအန်အေမှ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငွေသိန်းက “၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတဖို့ မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရကို ယခင်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ရွေးကောက်ပွဲဥပဒေဟာ နိုင်ငံတကာက ယူဆထားသလိုမဟုတ်ဘဲ သူတို့ထင်သလို ရေးဆွဲထားတယ်။ နိုင်ငံရေးသမားတိုင်း မပါဝင်နိုင်အောင် ကန့်သတ်ထားတယ်။ မတရားသဖြင့် ရေးဆွဲထားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ ကျနော်တို့ ယူအန်အေအနေနဲ့ ကုလအတွင်းရေးမှူးချုပ်ထံ အခုလို စာရေးသားရတာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။


ရန်ကုန်မြို့တနေရာ၌ ယခုအပတ်အတွင်း ကျင်းပပြီးစီးသွားသည့် ယူအန်အေ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တိုင်းရင်းသားလူမျိုးစု ဒေသများ၌ စစ်အစိုးရက ထိုးစစ်ဆင်နွှဲနေမှု ရပ်တန့်ပေးရေး၊ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်နိုင်မည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး စသည့် အချက် (၄) ချက်အတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရအား ဆက်လက်ဖိအားပေးသွားရန် တောင်းဆိုထားသည်။

ထိုပေးစာမိတ္တူကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ရုရှနှင့် တရုတ်နိုင်ငံများသို့လည်း လိပ်မူကာ ပေးပို့ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူလူထု၏ ဆန္ဒသဘောထားအမှန်ဖြင့် အတည်ပြုထားခြင်းမရှိကြောင်း၊ လာမည့် ရွေးကောက်ပွဲမှာလည်း စစ်အစိုးရက ပြည်သူလူထုအတွက် လုပ်ဆောင်ပေးခြင်းမဟုတ်ဘဲ ၎င်းတို့ စစ်အစိုးရအတွက်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငွေသိန်းက ထောက်ပြသည်။

၎င်းက “ရွေးကောက်ပွဲဥပဒေမှာ ပါတီဖွဲ့ပြီး ဝင်ပြိုင်မယ့်လူတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ယုံကြည်ပါတယ်၊ လက်ခံပါတယ်ဆိုတဲ့ ခံဝန်ကတိပြုရမယ့်အချက်က အဆိုးဆုံး ဖြစ်တယ်။ တဖက်သတ်ရေးထားတဲ့ အဲဒီလိုအချက်တွေ အားလုံးကို ဖြုတ်ပေးဖို့ လိုတယ်ပေါ့။ တဖက်မှာ လူမျိုးစုတွေ၊ အပစ်ရပ်အဖွဲ့အစည်းတွေကို မတရားအသင်း ကြေညာမယ်လို့ စစ်အစိုးရက ခြိမ်းခြောက်နေတဲ့အချိန်မှာ တဖက်ကလည်း ရွေးကောက်ပွဲ ဥပဒေက ထွက်လာတော့ ကျနော်တို့ လူမျိုးစုအဖွဲ့အစည်းတွေ အတွက်ရော တိုင်းပြည်အတွက်ပါ ရင်လေးစရာ ဖြစ်ရပါတယ်။ စစ်အစိုးရက ရွေးကောက်ပွဲကို ခေါင်းမာမာနဲ့ ဆက်လုပ်သွားမယ် ဆိုရင် အလုံးစုံ ပျက်သုဉ်းရေးဘက်ကို ဦးတည်သွားနိုင်တယ်။ ရရှိထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း ပြန်လည် ဆုံးရှုံးသွားနိုင်တယ်” ဟု ပြောကြားသည်။

“မွန်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ယူအန်အေရဲ့ သဘောထားအတိုင်း ဖြစ်ပါတယ်။ မွန်ဒီမိုအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားအဖွဲ့တွေကို ရွေးကောက်ပွဲ ဝင်စေချင်ရင် ပထမအချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်သုံးသပ်ပါ။ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အချင်းချင်း ညှိနှိုင်းဖြေရှင်းပါလို့ တောင်းဆိုချင်တယ်။ ဒါတွေကို မလုပ်ပေးရင် ဒီရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူး” ဟု နိုင်ငွေသိန်းက ပြောသည်။

အခြေခံဥပဒေကို ထိန်းသိမ်းမှ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပြုမည်ဆိုသည့် စစ်အစိုးရ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မလိုက်နာနိုင်သည့်အပြင် ယင်းဥပဒေအရ နိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းသာမက ရွေးကောက်ပွဲ ၀င်ရေးကိုပါ မစဉ်းစားဟု ယူအန်အေ အဖွဲ့ဝင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ပြောကြားသည်။

ယူအန်အေအဖွဲ့ဝင် (၁၂) ဖွဲ့တွင် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ အကျဉ်းကျခံနေရဆဲဖြစ်သော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) မှလွဲ၍ ကျန်သည့် (၁၁) ဖွဲ့သည် မြန်မာစစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံထားရသော ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားလူမျိုးစုပါတီများ ဖြစ်ကြသည်။

No comments:

Post a Comment