Monday, March 15, 2010

စစ်ရေးလေ့ကျင့်ရန် အမေရိကန် ရေတပ် သင်္ဘောတစီး စစ်တကောင်းသို့ ထပ်မံ ရောက်ရှိ

Narinjara News

ဘင်္ဂလာ ပင်လယ်အော်တွင် ဘင်္ဂလာဒေခ်ျ့ ရေတပ်နှင့် စစ်ရေး ပူးပေါင်းလေ့ကျင့်ရန် အတွက် အမေရိကန် ရေတပ်သင်္ဘော USS PATRIOT သည် ယမန်နေ့က စစ်တကောင်းမြို့သို့ ရောက်ရှိလာသည်။

သင်္ဘောပေါ်တွင် အရာရှိနှင့် တပ်သား စုစုပေါင်း ၈၇ ဦး ပါရှိပြီး အဆိုပါ စစ်သင်္ဘောသည် ဘင်္ဂလာဒေခ်ျ့တွင် ၇ ရက် စခန်းချ နေထိုင်သွားမည် ဖြစ်ကြောင်း ISPR သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

အမေရိကန် ရေတပ် သင်္ဘောသည် အထူးပူးတွဲ စစ်ရေးလေ့ကျင့်မူများကို ဘင်္ဂလာ ပင်လယ်အော်တွင် ဘင်္ဂလာဒေခ်ျ့ ရေတပ်သင်္ဘောများနှင့် ပြုလုပ်သွားမည် ဖြစ်ပြီး တခြားတဘက်တွင်လည်း ဘင်္ဂလာဒေခ်ျ့ ရေတပ် အရာရှိများကို အမေရိကန် စစ်သင်္ဘောပေါ်တွင် အထူး စစ်ရေး သင်တန်းများ လေ့ကျင့် ပေးသွားမည်ဟု သိရသည်။

လွန်ခဲ့သော အပတ်ကလည်း အမေရိကန် ရေတပ်သင်္ဘော USS Ingraham သည် တခြား အမေရိကန် စစ်သင်္ဘော တစီးနှင့် အတူ မြန်မာရေပြင်ပိုင်အနီးရှိ ကော့ဘဇား ပင်လယ်ပြင်တွင် ဘင်္ဂလာဒေခ်ျ့ ရေတပ်နှင့် ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်မူများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ပူးတွဲ စစ်ရေး လေ့ကျင့်မူများကို ပြုလုပ်ခြင်းမှာ အမေရိကန်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အကြား ဆက်ဆံရေးကို တိုးမြှင့်လာသည့် သင်္ကေတ ဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မူများကို ပြုလုပ်ခြင်းဖြင့် စစ်ဘက်ဆိုင်ရာပိုင်းတွင် အရည်အသွေးများ ပိုမို မြှင့်တက်လာသည်ဟု ဘင်္ဂလာဒေခ်ျ့ အရာရှိများက ပြောသည်။

အမေရိကန်နိုင်ငံသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် အစွန်းရောက် အကြမ်းဖက်သမားများကို ပူးပေါင်းနှိမ်နှင်းရန် သဘောတူညီထားပြီး အကြမ်းဖက် အင်အားစုများကို နှိမ်နှင်းရန်အတွက် ဘင်္ဂလာဒေခ်ျ့ကို စစ်ရေးဆိုင်ရာ သင်တန်းများ အများဆုံး အကူအညီပေးနေသော နိုင်ငံ တခုဖြစ်သည်။

ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ ရေတပ်ကိုသာမက ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့အား ခေတ်မှီ ရဲတပ်ဖွဲ့ ဖြစ်လာရန် လေ့ကျင့် သင်ကြားပေးလျှက်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ အမေရိကန်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ဘင်္ဂလာ ပင်လယ်အော်တွင် ပူးတွဲ စစ်ရေး လေ့ကျင့်နေမူများနှင့် ပတ်သက်ပြီး မြန်မာ စစ်အစိုးရဘက်မှ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသော်လည်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ဝရှိ အုန်းကျွန်းခေါ် ST Martin ကျွန်းတွင် အမေရိကန် ရေတပ်မှ ရေတပ် အခြေစိုက် စခန်း တခု တည်ဆောက်မည် ဆိုသော သတင်းများ ထွက်ပေါ်နေမူကြောင့် မြန်မာ စစ်အစိုးရမှ အထူး စိုးရိမ်စိတ်ပွားများလျက် ရှိသည်ဟု သိရသည်။

သို့အတွက်လည်း နအဖ တာဝန်ရှိသူများမှ ထောက်လှမ်းရေးနှင့် သတင်းပေး အများအပြားကို နယ်စပ်သို့ စေလွှတ်ကာ အမေရိကန်နှင့် ဘင်္ဂလာဒေခ်ျ့ အကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မူများကို မျက်ခြေမပြတ် လေ့လာ ထောက်လှမ်းလျှက်ရှိသည်ဟု နယ်စပ်နေ မြန်မာပြည် အကြောင်း လေ့လာနေသူ တဦးက ပြောသည်။


No comments:

Post a Comment