Saturday, April 24, 2010

ယတြာဗုံးနဲ့ သင်္ကြန်အမြောက်

ရန်ကုန်သားတာတေ

“ဒီနှစ်တော့ ရန်ကုန်သင်္ကြန် စည်မှာ မဟုတ်ဘူး” ပြောနေကြ သူတွေ ဖျားသွားသည်။ ထိုသို့ ဖျားသွားသူ များထဲတွင် ဒေဝါလီ မဂ္ဂဇင်းလည်း ပါသည်။ ဒေဝါလီ မဂ္ဂဇင်းက ရန်ကုန် သင်္ကြန် မစည်ဟု ပြောသူထဲတွင် ထိပ်ဆုံး မဟုတ်လား။ နောက်ထပ် ဖျားသူ ကတော့ ဦးရုက္ခစိုးဖြစ်သည်။ နေပူပူတွင် ချင်းမိုင်ကျုံးရေ ရေခဲစိမ်ဖြင့် အပက်ခံရသောကြောင့် နှာတချေချေ ဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟတ် ….. ဟတ် …. ဟတ်ချိုး။

ချိုကုပ်။ ။ ဝက်တုပ်ကွေးများလား ဦးရုက္ခစိုးရယ်။ ဒီလောက်ဖြစ်နေလည်း ချင်းမိုင်မှာပဲ အေးအေး နေပါတော့လား။ ဘာလို့ ရန်ကုန် လာနေလဲ။

ကန်တော်ကြီးစောင်း တနေရာတွင် မိန့်မိန့်ကြီးပြုံး၍ ဗုံး ၃ လုံးကွဲထားသော နေရာကို ကြည့်နေသည့် ချိုကုပ်ဒူးကြီးနှင့် ဦးရုက္ခစိုးတို့ အချီအချ ပြောနေကြခြင်း ဖြစ်သည်။

ရုက္ခစိုး။ ။ ဝက်တုပ်ကွေး မဟုတ်ပါဘူးဗျာ။ ချင်းမိုင်သင်္ကြန်မှာ ဖိုးရှုပ်တို့ ကြွက်စုတ်တို့နဲ့ တရက်ပါသွားမိလို့ပါ။ ရန်ကုန် လာရတဲ့ အကြောင်းရင်းကတော့ အကြတ်နေ့ ဗုံးကွဲတဲ့ ကိစ္စ သိချင်လို့ ဆိုပါတော့။

ချိုကုပ်။ ။ ဒေဝါလီမဂ္ဂဇင်းက ပြောထားသမျှ ပြောင်းပြန်ဖြစ်သွားပြီ ဟီဟိ။ ရန်ကုန် သင်္ကြန် မစည်ဘူးဆို။ ရန်ကုန် သင်္ကြန် စည်ရုံတင်မကဘူး တခါတည်း ကမ္ဘာက ချက်ချင်းစိတ်ဝင်စားသွားတာ တွေ့ပြီမဟုတ်လား။

ရုက္ခစိုး။ ။ တော်တော် ဆိုးတာပဲဗျာ။ ဘယ်သူကများ လုပ်တာလဲ။ ချိုကုပ်ဒူးကြီး မသိဘူးလား။

ချိုကုပ်။ ။ မသိဘဲ ဘယ်နေမလဲဗျ။ ဒါမျိုး ဘယ်သူက လုပ်မှာလဲ စဉ်းစားကြည့် … ပြည်ပအားကိုး ပုဆိန်ရိုးတွေပဲ ဖြစ်မှာပေါ့။

ရုက္ခစိုး။ ။ ခင်ဗျား သတင်းစာထဲကနေ စွပ်စွဲတဲ့ သူတွေဆီမှာ ဒီလောက် လက်နက် ကိရိယာ ရှိပါ့မလားဗျာ။ သူတို့ မှာလည်း ဖန်ဒင်တွေ အဖြတ်ခံရလို့ မွဲနေရှာတာပါ။ တတ်နိုင်မယ် မထင်ပါဘူး။ ထစ်ခနဲရှိ သူတို့ကိုပဲ စွပ်စွဲနေသလို ဖြစ်နေပြီ။

ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုးကလည်း၊ သူတို့ကို ကျုပ်က မစွပ်စွဲရင် သူတို့က ကျုပ်ကို စွပ်စွဲမှာပေါ့။ ဒီလိုပဲ ဦးအောင် ရမ်းရတာပဲ။

ရုက္ခစိုး။ ။ မဟုတ်သေးဘူးလေ။ ကျုပ်ပြောတာက … စွပ်စွဲတာကို ပြောနေတာမဟုတ်ဘူး။ တကယ် ခွဲတဲ့သူ ဘယ်သူလဲ ဆိုတာ သိချင်တာ။

ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးရယ် ခက်နေပြန်ပါပြီ။ ရမ်းပါတယ်ဆိုမှ။

ချိုကုပ်ဒူးကြီး စကားမဆုံးခင် ထိုနေရာသို့ မိန်းမတယောက် ပျာယီးပျာယာဖြင့် ရောက်လာသည်။ သူ့ပုံစံကြည့်ရသည်မှာ ထဘီမနိုင် ပုဝါမနိုင်နှင့် အရူးမီးဝိုင်းနေပုံရသည်။ တခြားသူမဟုတ် ချိုကုပ်ဒူးကြီး ကတော် ဒေါ်ကွိုင်ကွိုင်ဖြစ်သည်။

ကွိုင်ကွိုင်။ ။ မောင်တော်၊ အောင်မလေး မောင်တော်ရဲ့ …။ မောင်တော် ကယ်ပါ၊ ကယ်ပါ မောင်တော်။

ချိုကုပ်။ ။ ဘယ်လိုဖြစ်လာတာလဲ နှမတော်ရယ်။

ကွိုင်ကွိုင်။ ။ နှမတော် ယတြာ အချေကောင်းတာ မြေးတော်လေး အသက်တော်နဲ့ သီသီလေးပဲ လိုတော့တယ် မောင်တော်ရဲ့။

ချိုကုပ်။ ။ ဘယ်လို ဘယ်လို။ နှမတော်က ဘယ်လိုများ ယတြာတွေ ချေလိုက်လို့လဲ။

ကွိုင်ကွိုင်။ ။ ဘယ်လိုမှ မဟုတ်ပါဘူး ဗုံးလေး ခွဲရုံလေးပါ။ ခွဲတာလည်း ရတနာ ၃ ပါး ဦးထိပ်ထားပြီး ၃ လုံးတည်း ခွဲတာပါ။ လူတွေက ချဲ့ကားပြီး ရုတ်ရုတ်ရုတ်ရုတ် လုပ်ကြတာ။

ချိုကုပ်။ ။ နေပါဦး နှမတော်ရဲ့ … မြေးတော် မျောက်လောင်းနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ။

ကွိုင်ကွိုင်။ ။ အဲဒီနေ့က မြေးတော်လေးက နေပြည်တော်သွားမယ်လို့ ပြောထားလို့ ရန်ကုန်မှာ ခွဲလိုက်တာ။ မြေးတော် မျောက်လောင်းက စိတ်ပြောင်းပြီး လိပ်ခေါင်း … အဲ ယောင်လို့ … စိတ်ပြောင်းပြီး တေဂွသားတွေ ငှားထားတဲ့ သြစတြေးလျက အဝှာမလေးတွေနဲ့ အဲဇလုံမှာ ကဲမယ်ဆိုပြီး ဖြစ်သွားတာကိုး။ နှမတော်က မသိလိုက်ဘဲ ယတြာချေလိုက်မိတာ။ ကံကောင်းလို့ ကံတော်ကြီးစောင်းက ဗုံးဆံက အင်းလျားထိ မလွင့်တာနော်။ အောင်မလေး ဘုရားဘုရား … ခုထိ ရင်တုန်တုန်းပဲ။

“သူ့ အမျိုးကျ သိတတ်လိုက်တာ” ဟု ဦးရုက္ခစိုးက စဉ်းစားနေသည်။

ချိုကုပ်။ ။ ဖြစ်ရလေ ကွိုင်ကွိုင်ရယ်။ ဘာအတွက်များ ယတြာချေတာလဲ။ မောင်တော်လည်း မသိရပါလား။

ကွိုင်ကွိုင်။ ။ မောင်တော်ပဲ ဆူဒန်သမ္မတကို ရွေးကောက်ပွဲမှာ နိုင်စေချင်တယ်ဆို။ သူနိုင်ရင် မောင်တော်လည်း အလိုလို တပ်ချုပ်ကြီးလုပ်ပြီး ဆက်အုပ်ချုပ်ရုံပဲဆို။ အဲဒါကြောင့် ယတြာချေပေးတာလေ။

ရုက္ခစိုး။ ။ ဟင် … ဆူဒန်ရွေးကောက်ပွဲအတွက် ယတြာချေပေးတယ် ဟုတ်လား။

ကွိုင်ကွိုင်။ ။ ဟုတ်တယ်လေ၊ ဘာလဲ သူများကို အပြစ်တင်မလို့လား၊ လူလေး ၁၀ ယောက်လောက် သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်မနေနဲ့။ မောင်တော် အာဏာတည်မြဲရေး တို့အရေးပဲ။

ဦးရုက္ခစိုးကို ဒေါ်ကွိုင်ကွိုင်က နှုတ်သီးကောင်းလျှာပါး ရန်တွေ့လိုက်သည်။ ထိုစဉ် “ဒိုင်း” ဆိုသည့် သေနတ်သံ တသံ ကြားလိုက်ရပြီး သူတို့ရပ်နေရာ နေရာနား၌ ခိုတကောင် ပြုတ်ကျလာသည်။ ချိုကုပ်ဒူးကြီးက လက်ထဲက သေနတ်ဖြင့် မကြည့်ဘဲ ပစ်ချလိုက်ခြင်း ဖြစ်သည်။ ခို၏ ခြေထောက်တွင် စာတစောင်ချည်ထားသည်ကို တွေ့လိုက်သည်။

“မိတ်ဆွေ ချိုကုပ်။ မိတ်ဆွေ၏ ယတြာကြောင့် ကျွန်ုပ် ရွေးကောက်ပွဲတွင် အနိုင်ရကာ သမ္မတ ဆက်လုပ်နိုင်ပြီ။ ကျွန်ုပ်ကဲ့သို့ နိုင်ငံတကာက အမြင်ကတ်၊ လူတကာကို နှိပ်စက်သဖြင့် စစ်ခုံရုံးအတင်ခံနေရသူပင် ရွေးကောက်ပွဲကြီးကို နိုင်သည်ဆိုလျှင် ကျွန်ုပ်၏ ခြေဖျားမီအောင် အမြင်ကတ် မခံရသူ မိတ်ဆွေအနေနှင့် အလွယ်တကူ နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲဟု ကျွန်ုပ် ယုံကြည်ပါသည်။ အရေးကြီးသည်က ယတြာကောင်းရန်နှင့် အစွမ်းကုန် ကလိန်ကကျစ် ကျရန်ဖြစ်သည်။ ရွေးကောက်ပွဲ တရားမဝင်ဟု သင်္ကြန်အမြောက် ဖောက်သူများကို တကယ့်အမြောက်ဆံထည့်ပြီး ပစ်ပြလိုက်ပါ။ မိတ်ဆွေကို အထူး ကျေးဇူး တင်ပါသည်။ မိတ်ဆွေအလှည့်တွင်လည်း ကျွန်ုပ် အစွမ်းကုန် ကူညီမည်။ ပုံ - ရှာမှရှားသည့် မောင်ဘရှား (ဆူဒန်သမ္မတ အသစ်စက်စက်၊ အဟောင်းလည်း ကျွန်ုပ်ပဲ)” ဟူ၍ စာတွင်ရေးထားသည်။ ချိုကုပ်ဒူးကြီးက မျက်နှာပိုး မသတ်နိုင်ဘဲ ပြုံးစိစိ လုပ်နေသည်။

ချိုကုပ်။ ။ ကိစ္စတော့ပြီးပြီ ဦးရုက္ခစိုးရေ၊ ကျုပ်ပဲ ကျန်တော့တယ်။ ကျုပ်လည်း သူ့လိုပဲ လုပ်မှာပဲ ဟဲဟဲ။ အဆွေတော်ကတော့ အားကိုးရတယ်ဗျာ။

ရုက္ခစိုး။ ။ ဗုံး တရားခံက ခုမှပဲ တွေ့တာပေါ့နော်။

ချိုကုပ်။ ။ နေဦး နေဦး။ အဲဒီလို လက်လွတ်စပယ် မပြောနဲ့ဦး။ တရားခံက ရှာရဦးမှာ။

ရုက္ခစိုး။ ။ တွေ့ပြီလေ၊ ခင်ဗျားမိန်းမပဲဟာ။

ချိုကုပ်။ ။ ဘယ်ရမလဲ …ကျုပ်က အမျိုးတော့ သိတယ်ဗျ။ ငါမကောင်းရင်၊ ငါ့အကြောင်းမရေးနဲ့၊ ငါ့မိန်းမ မကောင်းရင် သူများကို တရားခံရှာ ဆိုတဲ့အတိုင်းပဲ ...။

ချိုကုပ်ဒူးကြီးက ပြောရင်းနှင့် မျက်လုံးက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ထိုစဉ် ခေါင်းငိုက်စိုက် ငိုက်စိုက်နှင့် ကိုယ်ရောင် ကိုယ်ဝါ ပျိုးပြက် တောက်ပသူ တဦး အနားကို ရောက်လာသည်။

ချိုကုပ်။ ။ ဟော … တွေ့ပြီ … ဗုံးခွဲတဲ့ တရားခံ ခင်ဗျားပဲဖြစ်မယ်။ ကိုယ်ရောင်ကိုယ်ဝါ ဒီလောက် တောက်ပနေမှတော့ … ဗုံးဝယ်စရာ ပိုက်ဆံလည်း ရှိမှာပဲ။

“ဟာ … ကျုပ် သိကြားမင်းပါဗျာ။ နတ်ပြည်ပြန်တက်မလို့ဟာ ကျုပ်စီးလာတဲ့ ကျွဲကို လိုင်စင်မဲ့ဆိုပြီး မ သွားလို့ ဘာစီးပြန်ရမှန်း မသိဖြစ်နေတာ” ဟု ကိုယ်ရောင်ကိုယ်ဝါ ပျိုးပြက်သူက မျက်နှာငယ်လေးနှင့် ဖြေလိုက်သည်။

ချိုကုပ်။ ။ နားမလည်ဘူး … ။ ခင်ဗျားက လူစိမ်းပဲ။ ခင်ဗျားကိုပဲ တရားခံ လုပ်ရမယ်။

ရုက္ခစိုး။ ။ မလုပ်ပါနဲ့ဗျာ။ သိကြားမင်းက လူ့ပြည်မှာ ဗုံးကွဲလို့ စိတ်ညစ်နေရတဲ့အထဲ။ ပြန်ခိုင်းလိုက်ပါ။

သိကြား။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ နောက်နှစ်တောင် မလာတော့ဘူးလား စဉ်းစားနေတာ။

ချိုကုပ်။ ။ သြော် … ဦးရုက္ခစိုးကပါ ရှေ့နေလိုက်တယ်ပေါ့။ ထင်ပါတယ်၊ ခင်ဗျားတို့ တကြိတ်တည်း တဉာဏ်တည်းတွေပဲ။ သေချာ စဉ်းစားလိုက်တော့ ဦးရုက္ခစိုးကလည်း ချင်းမိုင်က၊ ပြည်ပက တရားမဝင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ရှိတယ်။ အခု သိကြားမင်း ဆိုတဲ့သူကလည်း ပြည်ပကပဲ။ စီးလာတဲ့ ကျွဲကလည်း လိုင်စင်မဲ့ … ဒီတော့ ဘာမှ စဉ်းစားစရာ မလိုဘူး။ ဖမ်းကြဟေ့ … ဖမ်းကြ။ ဗုံးခွဲတဲ့ တရားခံတွေ ဖမ်းကြ။

ချိုကုပ်ဒူးကြီးက အသံပြဲကြီးနှင့် အော်လိုက်သည်။ ဦးရုက္ခစိုးနှင့် သိကြားမင်းတို့မှာ လူသာမန်များ မဟုတ်ကြ သောကြောင့် စွမ်းအားရှင်များ၊ ကြံ့ဖွံ့များနှင့် ရဲများ မရောက်ခင်ပင် ကိုယ်ယောင်ဖျောက်ကာ ဌာနေသို့ အမြန်ဆုံး ပြန်လစ်နိုင်ခဲ့ကြသည်။

သို့ရာတွင် နောက်တနေ့ မြန်မာ့အမှောင် သတင်းစာ၌ စာလုံးမည်းကြီးများနှင့် သတင်းတပုဒ် ပါလာသည်။

“ဗုံးခွဲသည့် တရားခံ ၂ ဦးကို ချိုကုပ်ဒူးကြီးကိုယ်တိုင် တွေ့ရှိသဖြင့် အမြန်ဆုံး ဖမ်းဆီးရန် ကြိုးစားသော်လည်း အနောက်အုပ်စုနှင့် ပြည်ပြေးများ၏ ကူညီမှုကြောင့် လွတ်သွားရာ ဖမ်းဆီးနိုင်သူများကို ဆုတော်ငွေ ကျပ် ၁၀၀၀၀၀၀၀၀၀၀၀၀ တိတိ ချီးမြှင့်မည်” ဟူ၍ ဖြစ်လေတော့သည်။

No comments:

Post a Comment