Thursday, April 22, 2010

သွေးစွန်းတဲ့ သင်္ကြန်

ဆောင်းဇွန်ဝေ

ကန်တော်ကြီး ကန်ပတ်လမ်းတလျှောက် ဒီနှစ်ကျမှ တည်ဆောက်ခွင့်ပေးတဲ့ သင်္ကြန်ရေကစား မဏ္ဍပ်ကြီးတွေမှာ အလွမ်းပြေ လာ ကြည့်ပြီး ရေကစားမယ့်သူတွေ၊ ဒီနှစ်သင်္ကြန် ရန်ကုန်မှာ မစည်ပါဘူးဆိုတဲ့ စကားကို ချေဖျက်မယ့်သူတွေ၊ အများအားဖြင့် ကားနဲ့ လည်း လျှောက်မလည်နိုင်၊ သင်္ကြန်မဏ္ဍပ်တွေပေါ်မှာလည်း ရေမကစားနိုင်တဲ့ အခြေခံလူတန်းစား အများစုနဲ့ သွက်လက်လှုပ်ရှား ပျားပန်း ခတ်နေတယ်။ သီချင်းသံတွေ ဆူညံနေတဲ့ နေပူပူအောက်မှာ လူအုပ်ကြီး တိုးဝှေ့နေတယ်။

ဆံပင် ထိုးထိုးထောင်ထောင်နဲ့ ဘောင်းဘီအကျပ် ဝတ်ထားတဲ့ လူငယ်တသိုက်က လမ်းဘေးမှာ ထိုင်သူထိုင် ကသူကနဲ့၊ ခြေသလုံးပေါင်တံပေါ်အောင် ဘောင်းဘီတို ဝတ်ထားတဲ့ ကောင်မလေးကို လက်တွဲပြီး လမ်းလျှောက်လာတဲ့ အတွဲကလေးတွေ၊ အအေးပုလင်းအလွတ် လက်ကဆွဲလာပြီး ကလေးလေးကိုချီရင်း မဏ္ဍပ်တွေပေါ်မှာ ကခုန်နေတဲ့ လူငယ်တွေကို ငေးမောကြည့်ရှုနေတဲ့ မိသားစုကလေးတွေကလည်း သူ့အာရုံနဲ့သူ။

လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ မြို့နယ်တာဝန်ရှိသူတွေကလည်း လမ်းအလယ် ကျွန်းပေါ်ကနေ ဟိုကြည့်ဒီကြည့်။ ပြည့်ကျပ်နေတဲ့ ယာဉ်တန်းကို လမ်းပိတ်ဆို့မှုတွေ မဖြစ်အောင် လမ်းရှင်းပေးနေတဲ့ လမ်းပြယာဉ်ထိန်းရဲတွေနဲ့ အရန်မီးသတ်တွေကလည်း မဏ္ဍပ်တွေအောက်ကနေပြီး တာဝန်ယူနေတယ်။ မြူးထူးကခုန်နေတဲ့ ရေပတ်ခံကားတွေကို တစီးချင်း ရှင်းလင်းနေတယ်။

မဏ္ဍပ်တခုပေါ်မှာတော့ ရေပိုက်လေးတရမ်းရမ်းနဲ့ ခုန်ကနေတဲ့ မိန်းကလေးတွေ၊ ယောက်ျားလေးတွေအားလုံး ဒီဂျေက တင်ဆက်နေတဲ့ စည်းချက်အလိုက် ယိမ်းထိုးလိုက်ပါနေကြတယ်။ ပျော်ရွှင်မှုဟာ အတောမသတ်အောင် သူတို့ရင်တွင်းမှာ ပေါ်ထွက်နေတယ်။ ပူလောင်အိုက်စပ်တဲ့ နွေနေပူကို အန်တုတဲ့အနေနဲ့ ရေတွေရွှဲအောင် လောင်းပက်ပြီး မြန်မာ့ယဉ်ကျေးမှု နှစ်သစ်ကို ကြိုဆိုနေတယ်။ တနှစ်တာလုံး ပြုလုပ်ခဲ့ကြတဲ့ ညစ်နွမ်းမှုတွေကို အတာရေနဲ့ အားရအောင် ဆေးကြောနေကြတယ်။

ရေကစားမဏ္ဍပ်ပေါ်ကနေ လှမ်းကြည့်ရင် သင်္ကြန်နဲ့ သီတင်းကျွတ် မှားယွင်း ဆော့ကစားနေသလား ထင်လောက်အောင် မီးပန်းတချို့က လူအုပ်ကြားထဲမှာ ထွက်ပေါ်လာတယ်။ မီးခိုးငွေ့အချို့ ထွက်ပေါ်လာပြီး ကားဘီးပေါက်သံနဲ့ ဆင်တဲ့ ပေါက်ကွဲသံ ခပ်အုပ်အုပ်ဟာ ကျယ်လောင်စွာ ထွက်ပေါ်နေတဲ့ တက္ကနိုတီးလုံးတွေ ကြားကနေ ထွက်ပေါ်လာတယ်။ ရုတ်တရက်မို့ လူတွေ ဘာမှသိလိုက်ကြ။ ၅ စက္ကန့််လောက်ပဲ ခြားနားမယ့် လက်ဖြောက် ၂ တွက်ချိန်မှာတော့ ဆက်တိုက်ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကြောင့် မဏ္ဍပ်အောက်ကနေ လူတွေ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။

”ဝပ်ထား” ”ဝပ်ထား” ဆိုတဲ့ အော်သံတွေကြောင့် မဏ္ဍပ်ပေါ်က ရေကစားသူတချို့ နောက်ပြန်လဲသူက လဲ၊ ဝမ်းလျားထိုးမှောက်သူက မှောက်၊ တက်နင်းရင် ခြေချော်လဲသူက လဲနဲ့၊ မဏ္ဍပ်ပေါ်က ဆင်းပြေးသူက ပြေးနဲ့။

သူကတော့ ခါးနောက်ပိုင်းမှာ ဆစ်ကနဲ ပူသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ မဏ္ဍပ်လက်ရန်းပေါ်က ခုန်ချလိုက်တဲ့ အရှိန်ကြောင့် ရုတ်တရက် ပြန်မထနိုင်။ မဏ္ဍပ်ရှေ့ ကာထားတဲ့ vinyl အောက်ကနေ လှမ်းမြင်လိုက်ရတာက လိုက်အေ့စ် ကားတစီး ပတ်လက်လန်သွားတယ်။ ကားအောက်မှာ ပိနေသူတချို့ ရှိနေတယ်။ ဦးတည်ရာမဲ့ ခြေဦးတည့်ရာကို ထွက်ပြေးသူတွေ။ တုံးလုံးပတ်လက်နဲ့ မလှုပ်မယှက် ကျန်ခဲ့တဲ့ သူတွေက လမ်းမပေါ်မှာ။

ကတ္တရာလမ်းဟာ သွေးတွေနဲ့ စွန်းထင်းသွားတယ်။ ခုနက ယာဉ်ကြောရှင်းနေတဲ့ ယာဉ်ထိန်းရဲဟာ သူ ဝတ်ဆင်ထားတဲ့ ယူနီဖောင်းဖြူဖြူကို သွေးတွေနဲ့ ချင်းချင်းနီနေပြီး၊ လူက ပက်လက်အနေအထား ဖြစ်နေတယ်။ သူ့လည်ပင်းမှာ သွေးတွေ မြင်မကောင်းအောင် ထွက်နေတယ်။ အရန်မီးသတ်တယောက်က မှောက်လျက်လဲနေပြီ။ ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်တွေ၊ ပလပ်စတစ်အိတ်၊ ရေသန့်ဘူးနဲ့ ပိုက်ဆံအိတ်တွေ ဖရိုဖရဲကြားမှာ လူတွေ အတုံးအရုံး လဲပြိုကျလို့။ ညှော်နံ့လို အနံ့ဆိုးတခုက ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းရစ်သိုင်းလို့။

အသိစိတ်တွေဟာ လျှပ်စစ်လိုပဲ အလျင်အမြန် သူ့ဆီ ဝင်ရောက်လာတယ်။ ဒဏ်ရာရသူတွေကို ပြေးပွေ့သူကပွေ့။ ငိုတဲ့သူကငို။ ဘယ်သူက သေတယ်၊ ဘယ်သူက ရှင်တယ်ဆိုတာ အသေအချာ မသိသေးချိန်မှာပဲ ညည်းညူအော်ဟစ်သံတွေ ပွတ်ပွတ်ညံနေတယ်။

နီးစပ်ရာ နည်းပေါင်းစုံနဲ့ တယောက်ကိုတယောက် ဖေးမကြတယ်။ မကြာခင် ဆေးရုံကားတွေ၊ ရဲကားတွေ ရောက်လာတယ်။ လမ်းတွေကို ပိတ်လိုက်ကြတယ်။ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေကို ဆေးရုံကားတွေပေါ် အဆင်ပြေသလိုနည်းနဲ့ ပြွတ်သိပ်တင်ဆောင်ပြီး တင်သွားကြတယ်။ နီးစပ်ရာ လူတချို့ကို လုံခြုံရေးတွေက လိုက်ဖမ်းလုပ်လို့ ရပ်ကြည့်နေကြသူတွေ နောက်ကို လှည့်ပြေးကုန်ကြတယ်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဆောင်ကို ရောက်လာတဲ့ လူနာတွေက တပုံတပင်။ သင်္ကြန်ပွဲတော်ရက်မို့ တာဝန်ချထားတဲ့ ဆေးဝန်ထမ်းက ချက်ချင်း လုံလောက်မှု မရှိခင်မှာပဲ ခွဲစိတ်ဖို့ လိုအပ်သူတွေကို ဓာတ်မှန်ရိုက်၊ သွေးသွင်းဆေးသွင်းနဲ့ ဆေးရုံကြီး အရေးပေါ်ဌာနဟာ တမဟုတ်ချင်း အလုပ်တွေ ရှုပ်သွားတယ်။ တောက်တခေါက်ခေါက်နဲ့ လူနာရှင်တွေက ဗုံးဖောက်ခွဲသူတွေကို ဆဲဆိုရေရွတ်နေတယ်။ တချို့ ဒဏ်ရာနည်းတဲ့ လူနာတွေက အပြင်ဆေးခန်းမှာ ပြမယ်ဆိုပြီး ထပြန်ကုန်တယ်။ ဒီအထဲ သူလည်း တယောက်အပါအဝင် ဖြစ်တယ်။

မကြခင်မှာပဲ မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြားကနေ ပေါက်ကွဲမှုဖြစ်စဉ်ကို သတင်းကြေညာတယ်။

ဆေးရုံမှာ လူနာတွေကို ပုံမှန်ကိုင်တွယ်နိုင်ဖို့အတွက် ၃၆ နာရီလောက် အချိန်ယူလိုက်ရတယ်။ အရေးပေါ် လူနာတွေကို ကြပ်မတ်ကုသကြတယ်။ အဲဒီအထဲမှာ အဆင့်မြင့်အရာရှိကြီးတယောက် သေဆုံးခဲ့တယ်လို့လည်း ကြားသိရတယ်။ ဒါပေမဲ့ စာရင်းထွက်မလာခဲ့။ သေဆုံးဒဏ်ရာရရှိသူ အရေအတွက်တွေဟာ အချိန်နဲ့အမျှ မြင့်တက်လာတယ်။ အပြင် ဆေးခန်းမှာ ကုသခွင့်မရှိလို့ ဒဏ်ရာရသူစာရင်း တက်လာတာလို့လည်း ဆိုကြတယ်။

တဆစ်ဆစ် ကိုက်ခဲလာတဲ့ နာကျင်မှုကြောင့် ဆေးရုံကြီးကို မိုးချုပ်တော့ ပြန်ရောက်လာပြန်တယ်။ ဒဏ်ရာဟာ မကြီးပေမယ့် အပေါက်ဖြစ်သွားတယ်။ သွေးက လုံးဝမတိပ်။ ရောက်ရောက်ချင်း ဓာတ်မှန်ရိုက်တယ်။ ဝင်သွားတဲ့ ဗုံးစအတွက် ခွဲစိတ်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီနေ့ညတော့ မဖြစ်နိုင်တော့။ ခွဲစိတ်မှု များလွန်းလို့ ခွဲစိတ်ခန်းကို ပိုးပြန်သတ်ဖို့ အချိန်ပေးရမယ်လို့ ဆိုလာတယ်။ အကိုက်အခဲ သက်သာအောင် ဆေးထိုးပေးပြီး အစာလုံးဝ မစားရတော့ဘူးလို့ တာဝန်ကျဆရာဝန်က မှာသွားတယ်။ ပေါက်ကွဲမှုအပြီး ၂၄ နာရီကြာတဲ့အခါ ဒဏ်ရာရသူ ၁၇ဝ အထိ ဖြစ်လာပြီး သေဆုံးသူ ၈ ယောက်အထိ တရားဝင် ထွက်ပေါ်လာခဲ့တယ်။

အတွင်းလူနာအဖြစ် မယက အဖွဲ့ဥက္ကဋ္ဌနဲ့ ယာဉ်ထိန်းအရာရှိတယောက်၊ အရန်မီးသတ်တယောက်၊ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေဆဲ။ လက်ရှိမှာ လူနာ ၅ဝ ကနေ ၇ဝ နီးပါး ဆေးရုံကနေ ပြန်ဆင်းသွားကြပြီဖြစ်တယ်။ ရဲသတင်းတချို့အရ သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုသေးတယ်လို့ သိရတယ်။

အတက်နေ့မှာ ခွဲစိတ်ခံရလို့ တနေ့လုံး၊ တညလုံး စိတ်တိုနေတယ်။ ဒဏ်ရာက သေးပေမယ့် အတော်ခံရခက်နေတယ်။ ခွဲစိတ်မှုအပြီးမှာတော့ လက်မခွံလောက်ရှိတဲ့ သတ္တုစတခု ကိုယ်ခန္ဓာထဲက ထွက်လာတယ်လို့ အိမ်က ပြောတယ်။ အခုလို လုပ်ရပ်တွေဟာ အကြမ်းဖက်မှုတခုသာမက လူမဆန်တဲ့ လုပ်ရပ်တခုဖြစ်ကြောင်း ရန်ကုန်နေ ပြည်သူလူထုရင်ထဲမှာ ကိန်းကောင်းနေမှာပါ။

No comments:

Post a Comment