Monday, April 26, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၀

မင်းဟန်

(၂ဝ၉)
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေပေါင်းက ၄၃၇ နေရာ ရှိသည်။ တနိုင်ငံလုံး၏ မဲဆန္ဒနယ်မြေ ၄၈၅ နေရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေက ၄၃၇ နေရာဖြစ်၍ ရာခိုင်နှုန်းအရ ၉ဝ.၁ဝ ရာခိုင်နှုန်း ရှိနေသည်။

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာပြည်သူလူထုကြီးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ပတ်သက်၍ ပန်ကြားလွှာတစောင် ထုတ်ပြန်၏။ ပန်ကြားလွှာက ရိုးရိုးရှင်းရှင်းနှင့် ပြည်သူအား ပွင့်ပွင့်လင်းလင်း တင်ပြအစီရင်ခံထားခြင်း ဖြစ်၏။

“ဒီလိုကော်မတီကို ဖွဲ့ရတာကတော့ ကျမတို့ လွှတ်တော်ခေါ်ယူရေးကိစ္စကို မဖြစ်မြောက်အောင်လို့ အာဏာပိုင်တွေကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းသိမ်းလိုက်လို့ ဖြစ်ပါတယ်။ ဒီလို လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းသိမ်းထားတဲ့အခါကျတော့ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို လုပ်နိုင်ဖို့ ဒီကော်မတီကို ဖွဲ့လိုက်တာပါ။ MANDATE ပေးထားတာ ၅ဝ % ကျော်တာကြောင့်မို့လို့ လွှတ်တော်ကိုယ်စား အလုပ်လုပ်ပိုင်ခွင့် ရှိတယ်လို့ ကျမ ပြောချင်ပါတယ်။ ဒီတော့… လွှတ်တော်ကိုယ်စား ကျမတို့ကနေပြီးတော့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ၁၉၉ဝ ခုနှစ်က ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ဟာ ပြည်သူလူထုရဲ့ သဘောထားနဲ့ ကိုက်ညီပြီးတော့ ဒီမိုကရေစီမူတွေနဲ့လည်း ကိုက်ညီတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုကို အတည်ပြုပြီးတော့မှ ဒီလွှတ်တော်ရဲ့ သက်တမ်းဟာ ကုန်မှာပါ။ ဒီလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်က အတည်မပြုတဲ့ ဥပဒေတွေဟာ တရားမဝင်ဘူးဆိုတာကို ကျမတို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ကျမတို့ တာဝန်အရ … အခု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့ပြီးတော့ လုပ်ငန်းများကို စတင်ပြီး လုပ်ဆောင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့တကွ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလက်ခံတဲ့ ကမ္ဘာ့ပြည်သူပြည်သားများ အားလုံးအား ကျမတို့ကို ထောက်ခံအားပေးကြမယ်လို့ မျှော်လင့်ပါတယ်”

ပန်ကြားလွှာ၏ အဆုံးတွင်မူ… ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ထိုးထား၏။


(၂၁ဝ)
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးအား ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ပင် ကျင်းပ၏။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ပြဋ္ဌာန်းထားသည့် ဥပဒေအမှတ် ၄/၈၈ …“ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ၊ ဥပဒေအမှတ် ၆/၈၈ …“ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ” နှင့် ဥပဒေအမှတ် ၁၄/၈၉…“ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ” တို့မှ ဒီမိုကရေစီကျင့်ထုံး၊ ကျင့်နည်းများနှင့် မကိုက်ညီသည်တို့ကို ပြင်ဆင်၍… ပြည်သူ့လွှတ်တော်တွင် အတည်ပြုရန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးမှ သဘောတူညီကြောင်း ဆုံးဖြတ်ချက်ချ၏။ ပြီးလျှင်…

၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ၊ ပုဒ်မ ၅ နှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပုဒ်မ ၁ဝ တို့အား ပြည်သူ့လွှတ်တော်တွင် ပယ်ဖျက်ရန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးက ဆုံးဖြတ်၏။ ရွှေဂုံတိုင်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးက… ပြည်သူ့လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများ၊ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး ဥပဒေများ၊ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ၊ တက္ကသိုလ်များ အက်ဥပဒေ၊ အများပြည်သူများအား အတင်းအကျပ် လုပ်အားပေးစေခိုင်းခြင်းနှင့် ပတ်သက်သည့် ကျေးရွာအက်ဥပဒေပုဒ်မ ၈ နှင့် ၁၂ တို့အား ပြန်လည်၍ သုံးသပ်ပြီး ပြင်ဆင်သွားရန်အတွက် ပြည်သူ့လွှတ်တော်သို့ တင်ပြမည်ဟု ဆုံးဖြတ်ကြသည်။ ရွှေဂုံတိုင်လွှတ်တော်က လူထုမှ ပေးအပ်ထားသည့် အာဏာနှင့် ဥပဒေပြု၍နေသည်။ ရွှေဂုံတိုင်အာဏာက … သေနတ်ပြောင်းဝမှလာသော အာဏာမဟုတ်… လူထု၏ နှလုံးသည်းပွတ်မှ စီးဆင်းလာသည့် လူထုအာဏာ…။


(၂၁၁)
စစ်အုပ်စုမှ လယ်ယာကဏ္ဍနှင့်ပတ်သက်၍ တမျိုးထွက်ပြန်၏။ လယ်မြေဧကပေါင်း ၄၇၁,၃၂၃ ဧကအား စီးပွားရေးလုပ်ငန်းရှင်ကြီးများကို နှစ် ၃ဝ ငှားရမ်းခွင့်ပြုပြီး၊ လယ်ယာလုပ်ငန်းအား လုပ်ကိုင်စေ၏။ အချို့သော ဓားမဦးချ လုပ်ကိုင်နေကြသည့် လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေများသည်လည်း လုပ်ငန်းရှင်ကြီးများအား လုပ်ခွင့်ပေးသည့် မြေယာအတွင်း ပါသွားကြ၏။ လယ်သမားတို့က လယ်မဲ့၊ မြေမဲ့ ဖြစ်သွားကြရ၏။ စစ်အုပ်စု၏ မြေယာဥပဒေသစ်အရ … ဧကထောင်နှင့်ချီ၍ လုပ်ကိုင်ခွင့်ရကြသည့် လုပ်ငန်းရှင်ကြီးများက ထွက်ရှိလာသည့် စပါး၏ ၅ဝ % အား ပြည်ပသို့ တင်သွင်းခွင့် ပေးထားသဖြင့် ပြည်တွင်းဆန်စပါး ဈေးကွက်တွင် ဆန်းစပါး ပြတ်လပ်မှုများ ရှိလာ၏။

ဆန်ဈေးက ထိုး၍တက်နေ၏။ အထူးသဖြင့်… မြို့ပြရှိ လက်လုပ်လက်စားလူထုမှာ ဆန်ဈေးကြီးမြင့်သည့် ဒဏ်အား ခါးစည်း၍ ခံနေရသည်။ အချို့က … ထမင်းမစားနိုင်…။ ဆန်ပြုတ် ပြုတ်သောက်ကြရ၏။ ‘ ထမင်းရည်’ သည် ရောင်းကုန်ပစ္စည်းတမျိုးအဖြစ်နှင့် မြို့ပြ၏ ဈေးကွက်သို့ ဝင်လာ၏။

ဤသို့ ဖြစ်ရှိနေသည့် ဆန်ပြဿနာအား အုတ်တချပ်၊ သဲတပွင့်မျှဖြစ်စေ ဝင်ရောက်၍ ဖြည့်စွမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားမိ၏။ မည်သို့လုပ်ဆောင်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည်တွေး၏။ လက်တွေ့လုပ်နိုင်သည်က စမည်။ ဤအတွက် ရန်ကုန်မြို့လူထုအား တတ်နိုင်သ၍ ဆန်ဝေသွားရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်၏။

၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်ရှိ ဆင်းရဲသည့်လူထုအား ဒေါ်အောင်ဆန်းစုကြည်မှ ဆန်ဝေ၏။ အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်းမှပင် ဝေ၏။ ပြဿနာမရှိခဲ့…။ အေးအေးချမ်းချမ်းနှင့်ပင် ပြီးမြောက်ခဲ့၏။ ၁၉၉၈ ခုနှစ် နိုဝင်လာလ ၃ဝ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ဒေါ်အောင်ဆန်းစုကြည်မှ ဆန်လှူဒါန်း၏။ ဤတွင် …အာဏာပိုင်တို့က … အနောက်ရွှေဂုံတိုင်လမ်းအား ပိတ်လိုက်ကြ၏။ ဆန်ပေးဝေလှူဒါန်းနေသည့် နေရာသို့ လူထုကြီးအား သွားလာခွင့်မပေး…။

ပြီးလျှင်… အမှတ် ၉၇/ခ ပိုင်ရှင်အား ဗဟန်းမြို့နယ် အာဏာပိုင်ဥက္ကဋ္ဌက ခေါ်တွေ့ပြီး အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း နေအိမ်အရှေ့တွင် အများပြည်သူများအား ဆန်ပေးဝေလှူဒါန်းခြင်း မပြုပါ… ဟူ၍ အတင်းအကျပ် လက်မှတ်ထိုးခိုင်း၏။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်… ပြုမူဆောင်ရွက်သည့် လုပ်ဆောင်မှု မှန်သမျှအား ကန့်သတ်ပိတ်ဆို့၍နေသည်။

(၂၁၂)
၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်…။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့…။
ရန်ကုန်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဒီဇင်ဘာလ ၁ဝ ရက် နံနက်ပိုင်းတွင်၊ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၅ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားအား ပြုလုပ်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များအားလုံး အခမ်းအနားသို့ သွားရောက်ကြ၏။

ပြီးလျှင်… အဖွဲ့ချုပ်ရုံး၌လည်း နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲအား နေ့ခင်းပိုင်းတွင် ကျင်းပ၏။ လူ့အခွင့်အရေး ဆိတ်သုဉ်းမြေမှ လူ့အခွင့်အရေးအခမ်းအနားပွဲများဟု့ ဆိုရမည်။ အဖွဲ့ချုပ်ရုံး၏ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စကားပြောသည်။

“…. မနက်က ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြုလုပ်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၅ဝ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျမတို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေ အားလုံးသွားပြီးတော့ တတ်ပါတယ်။ အဲ့ဒီအခမ်းအနားမှာ… သီရိလင်္ကာနိုင်ငံက စီးပွားရေး နိုဘယ်ဆုရထားတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ အမာသီယာဆန်း ပြောသွားတာနဲ့ပတ်သက်ပြီး ကျမ ပြန်ပြီး ပြောပြချင်ပါတယ်။ ဒေါက်တာဆန်း ပြောသွားတာက … လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲခြားလို့ မရဘူး။ တဆက်တစပ်တည်း တည်ရှိနေတဲ့ အကြောင်းကို အဓိကပြောသွားတာပါ။

တာဝန်သိတဲ့ အစိုးရများနဲ့ လွတ်လပ်တဲ့ သတင်းစာလောက၊ သတင်းဖြန့်ချိရေးရှိတဲ့ နိုင်ငံတွေမှာ ဆိုလို့ရှိရင် ငတ်မွတ်ခေါင်းပါးခြင်းဆိုတာ မရှိဘူးလို့ ဒေါက်တာဆန်းက ပြောသွားပါတယ်။ နိုင်ငံတနိုင်ငံဟာ ဆင်းရဲလို့၊ ချမ်းသာလို့ရယ် မဟုတ်ပါဘူး။ တာဝန်သိတဲ့ အစိုးရဟာ အဓိကပဲဆိုတာ ရှင်းပြသွားပါတယ်။ ဒါကို သူက ဘယ်လိုရှင်းပြလဲဆိုတော့… အစိုးရတခုက တာဝန်သိတယ်ဆိုလို့ရှိရင် သူ့နိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ သိရမယ်။ ဥပမာဆိုလို့ရှိရင် ဒီနှစ်တော့ …ဆန်ရေစပါး အထွက်ဟာ မကောင်းဘူးဆိုတာ တွက်နိုင်ရမယ်။ ရေကြီးလို့ပဲဖြစ်ဖြစ်၊ မိုးခေါင်လို့ပဲဖြစ်ဖြစ်၊ ပိုးမွှားတွေက ဖျက်ဆီးလို့ပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့် ဖြစ်တာဆိုလို့ရှိရင် လွတ်လပ်တဲ့ သတင်းဌာနတွေ၊ လွတ်လပ်တဲ့ သတင်းဖြန့်ချိရေး လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေမှာဆိုရင် အတိုက်အခံဘက်ကရော၊ သတင်းဌာနတွေကရော၊ ဒါကိုစပြီးတော့ ရေးတော့မယ်။ ဒီနှစ်တော့ ဆန်း၊ စပါး ရှားတော့မယ်။ အဲဒါကြောင့်မို့လို့ ငတ်မွတ်ခေါင်ပါးခြင်းဘေးနှင့် ရင်ဆိုင်ရတော့မယ်ဆိုပြီးတော့ အတိုက်အခံကလည်း တဖွဖွပြောမယ်။ လွှတ်တော်ထဲမှာလည်း ထပြီးတော့မေးမယ်။ သတင်းစာလောက၊ကလည်း ဒီသတင်းတွေကို တခါတည်းရေးပြီး သတင်းဖြန့်တော့မယ်။ ဒီမှာ ငတ်မွတ်ခေါင်ပါးခြင်းဘေးနဲ့တော့ ရင်ဆိုင်ရမှာပဲ။ တနိုင်ငံလုံး မဟုတ်ရင်တောင်မှ ဘယ်တိုင်း၊ ဘယ်ပြည်နယ်တွေမှာတော့ ဆန်ပြတ်လပ်မှုတွေ ဖြစ်လာမယ်။ ဒီလိုရေးလာကြ၊ ပြောလာကြရင်၊ တာဝန်သိတဲ့ အစိုးရက ငြိမ်နေလို့ မရဘူး။ ချက်ချင်း အရေးယူဆောင်ရွက်ပေးရတယ်။

ပြည်တွင်းထဲမှာဆိုရင်လည်းပဲ ပိုနေတဲ့ ပြည်နယ်က ဆန်တွေကို လိုနေတဲ့ ပြည်နယ်ကို ပို့ပေးတာတို့တွေ လုပ်ရတယ်။ နိုင်ငံတခုလုံးရဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်လည်း နိုင်ငံတကာမှ အကူအညီတောင်းနိုင်တယ်။ အဲလိုတောင်းတဲ့အခါမှာလည်း ပြည်သူ့လူထုရဲ့ ဆန္ဒနဲ့အညီ တင်မြှောက်ထားတဲ့ အစိုးရ၊ တာဝန်သိတဲ့ အစိုးရဆိုရင် နိုင်ငံတကာကလည်း အထောက်အကူပေးဖို့ ဝန်မလေးဘူး။ ဒါကြောင့်မို့ ဒီလိုငတ်မွတ်ခေါင်ပါးခြင်းဘေးနဲ့ မရင်ဆိုင်ရဘူး။ ဒေါက်တာဆန်းဟာဆိုလို့ရှိရင် အာဖရိကရော၊ အာရှရော ဆင်းရဲတဲ့ နိုင်ငံလေးတွေကို သွားရောက်ပြီး လေ့လာခဲ့တယ်။ ဒီနိုင်ငံလေးတွေဟာ ဆင်းရဲပေမယ့် တာဝန်သိတဲ့ အစိုးရ ရှိတယ်။ လွတ်လပ်တဲ့ အတိုက်အခံရှိတယ်။ လွတ်လပ်တဲ့ သတင်းဖြန့်ချိရေးရှိတယ်။ နောက်ပြီး… မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်တဲ့ စနစ်ရှိတယ်။ အဲဒါကြောင့်မို့လို့ အဲဒီနိုင်ငံလေးတွေဟာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တရာယ်နဲ့ ရင်မဆိုင်ရဘူး။ ဒီနှစ်မှာ ဒေါက်တာဆန်းကို စီးပွားရေးနိုဘယ်ဆု ချီးမြှင့်ခဲ့တယ်။ အဲဒါဟာ ဒေါက်တာဆန်းရဲ့ … ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး ခွဲခြားမရနိုင်ဘူးဆိုတဲ့ အယူအဆ၊ အတွေးအခေါ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ စီးပွားရေးနိုဘယ်ဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်”

ဒေါ်အောင်ဆန်းစုကြည်က ရှည်လျားစွာ ဟောပြောပြီးသည့်နောက် သူမ၏ စကားအား အဆုံးသတ်လိုက်၏။ အားလုံးက တိတ်ဆိတ်ငြိမ်သက်စွာနှင့်။ မြို့တော်ရန်ကုန်၏ ဒီဇင်ဘာက … သဇင်ရနံ့မသင်းပျံ့…။ မြို့တော်၏ ဆင်းရဲသားများ ဈေကွက်တွင်မူ …ထမင်းရည် တပုလင်းဈေးက အတတ်အကျ မည်မျှရှိနေမည်နည်း….။


No comments:

Post a Comment