Wednesday, April 28, 2010

အရောင်တွေကြားက ထိုင်း ပဋိပက္ခ

မင်းဆုမြတ်

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ “အနီ”၊ လက်ရှိ အစိုးရကို ထောက်ခံတဲ့ “အဝါ”၊ အနီတွေ ဆန္ဒပြတာကို ဆန့်ကျင်ဖို့ ပေါ်ထွက်လာတဲ့ “ရောင်စုံ” အပြင် လုံခြုံရေး ယူရတဲ့ အစိုးရတပ် “အစိမ်း” စသည် ဖြင့် ထိုင်းနိုင်ငံရဲ့ အရောင်နိုင်ငံရေး အကျပ်အတည်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ပြန်စခဲ့ပြီး ဗုံး၊ သေနတ် များနဲ့ တိုက်ခိုက်မှု များလည်း ရှိနေတဲ့ အတွက် ပြည်တွင်းစစ် တခုလို ဖြစ်နေပြီလို့ ဆိုနေကြပါပြီ။

ဒီမိုကရက်တစ်ပါတီ အဆောက်အဦကို ပထမဆုံးအကြိမ် လောင်ချာနဲ့ပစ်ခဲ့ပြီးနောက်မှာ သုဝဏ္ဏဘူမိ လေ ဆိပ်ကို တိုက်ရိုက်ပို့နေတဲ့ လောင်စာကန်ကိုလည်း လောင်ချာနဲ့ ပစ်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့ ညက မိုးပျံ ရထားပေါ်ကနေ ရောင်စုံဆန္ဒပြသူတွေကို အဝေးပစ် M79 လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်တာ တတိယအကြိမ် ပါ။

အဲလို တိုက်ခိုက်ပြီးတဲ့နောက် ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ ရှပ်နီခေါင်းဆောင်တွေနဲ့ ရဲလုံခြုံရေးတွေ သဘောတူညီကြပြီး အခင်း ဖြစ်ခဲ့တဲ့ နေရာကနေ နှစ်ဘက်စလုံး မီတာ ၁၀၀ ဆီ နောက်ဆုတ် ပေးလိုက်ကြ ပါတယ်။ ရှပ်နီတွေက သူတို့ရဲ့ တောင်းဆိုမှုတွေကို တထစ်လျှော့မယ်လို့ အသံထွက်လာတယ်။

ဒီတိုက်ခိုက်မှုတွေရဲ့ လက်သည် တရားခံနဲ့ ပတ်သက်လို့ လက်ရှိ ဝန်ကြီးချုပ် အဖိဆစ် အစိုးရကတော့ ဆန္ဒပြ အုပ်စုတွေ ကြားထဲမှာ အကြမ်းဖက်သမားတွေ စိမ့်ဝင်နေတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အပြန်အလှန် သံသယ ရှိမှုနဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒုံးလောင်ချာနဲ့ ပစ်ခံရလို့ ငါးနေရာတိတိ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပြီး ထိုင်းအလံတော်ကို လက်ကောက် ၀တ်တွေမှာ ပတ်ထားတဲ့ ရောင်စုံသမားတွေ လမ်းမထက်မှာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ငြီးတွား လူးလိမ့်နေကြတယ်။ လူနာတွေကို စစ်သားတွေက သယ်ထုတ်နေကြတယ်။ လူတော်တော်များများက ၀ပ်နေကြတယ်၊ တချို့က ပြေးလွှားနေကြတယ်။

အသံကုန် ဥသြဆွဲပြီး ၀င်လာနေတဲ့ အရေးပေါ် လူနာတင်ယာဉ်တွေ၊ အသင့် အနေအထားနဲ့ သေနတ် မောင်း တင်ပြီး မိုးပျံရထားပေါ်ကို သတိနဲ့တွားတက်နေတဲ့ စစ်သားတွေ၊ ပျားပန်းခတ်နေတဲ့ ရဲလုံခြုံရေးတွေ၊ အမိအရ သတင်းမှတ်တမ်းတင်နေတဲ့ သတင်းထောက်တွေနဲ့ တကယ့်ကို စစ်မြေပြင်ကြီးတစ်ခုအလား ထင်မိတယ်။ ဖြစ်ဖြစ်ပြီးချင်းမှာ မိုးပျံရထားဘူတာ လေးနေရာနဲ့ မြေအောက်ရထားဘူတာ ငါးနေရာကို ပိတ်လိုက်တယ်။ ယာဉ်အသွားအလာတွေလည်း ခဏရပ်တန့်သွားပါတယ်။

လူတိုင်းလိုလို ထိုင်းတီဗီ သတင်းတွေကို ထိုင်ကြည့်နေကြတယ်။ ထိုင်းတွေရဲ့ မျက်နှာတွေက အိုလို့။ သူတို့ မျက်ဝန်းတွေထဲမှာ စိတ်ထိခိုက်ခြင်းတွေ စိတ်မချမ်းမြေ့ခြင်းတွေကို မြင်နေရတယ်။

သူတို့ ဆန္ဒပြနေတဲ့နေရာကို ပစ်ခတ် တိုက်ခိုက်ခံရပေမယ့် အနီဆန့်ကျင်ရေး အရောင်စုံဆန္ဒပြသူတွေက မလျှော့သေးဘဲ တော်ဝင်ပလာဇာမှာ ဆုံရပ်လုပ်ပြီး ညနေ လေးနာရီကနေ ခုနှစ်နာရီအထိ ချီတက်ဖို့ ထပ်စီစဉ်ကြပါတယ်။

ဒီ တတိယမြောက် ပစ်ခတ် တိုက်ခိုက်မှု မဖြစ်ခင်က ဘန်ကောက်မှာ စစ်ဖြစ်နေတယ်လို့ ဟာသလုပ် နေကြ ပါသေးတယ်။ ဒါပေမယ့် ဘန်ကောက်မှာ အရာရာဟာ မကြာခင် စစ်ဖြစ်တော့မလိုဘဲ လှုပ်လှုပ်ရွရွနဲ့ ပျားပန်းခတ်နေခဲ့ကြတယ်။

နိုင်ငံခြားသားတိုင်းလိုလိုက ကင်မရာတွေ ကိုယ်စီကိုင်ကာ အိုက်တင်ပေးနေတဲ့ ဆန္ဒပြသူတွေ၊ ခပ်တည်တည် မျက်နှာပေးနဲ့ ရဲလုံခြုံရေးတွေကို တဖျတ်ဖျတ်နဲ့ ဓာတ်ပုံမှတ်တမ်းတွေ တင်နေကြတယ်။

ထိုင်းမှာ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးအနေနဲ့ စနစ်တကျ ပြင်ဆင်ထားတဲ့ စင်မြင့်ကြီးတွေထက်က အသံမြှင့် စပီကာကြီးတွေကို လေးဘက်လေးတန် တပ်ပြီးကို အော်ဟစ်ခွင့်ရထားတယ်။ နောက်ပြီး ပရိုဂျက်တာ ပိတ်ကားကြီးတွေ နေရာအနှံ့မှာ ထောင်လို့။ ဆန္ဒပြသူတွေက ဖျာတွေခင်းလို့။ အလျှံပယ် ဝေငှပေးထားတဲ့ အစားအစာ စုံလင်စွာနဲ့ ဇိမ်ကိုကျနေကြတယ်။ သူတို့ရဲ့ သင်္ကေတ ခြေဖ၀ါးပုံ လက်ခုပ်တွေ (သက်ဆင်ကို ဆန့်ကျင်တဲ့ အ၀ါတွေတုန်းက လက်ဝါးပုံ) တခွပ်ခွပ် တဖျက်ဖျတ်တီးလို့။ ညောင်းရင် နင်းနှိပ်ပေးတဲ့ မာဆတ်ထိုင်ခုံလေးတွေလည်း အသင့်ရှိသေး။ နိုင်ငံခြားသားတွေက တအံ့တသြ ငေးမောနေကြတယ်။

အမျိုးသားရေး ကြွေးကြော်သံတွေ အော်လိုက်၊ သီချင်းတွေဆိုလိုက်၊ ပြိုင်တူကလိုက်၊ စင်ပေါ်က တိုင်ပေးတဲ့ သံချပ်အတိုင်း ပြိုင်ပြီး အော်လိုက်၊ သူ့အရပ်နဲ့ သူဇာတ်ကတော့ ဟုတ်နေတာပါပဲ။ ရှပ်နီတွေက အနီရောင် ဦးထုပ်၊ လည်ပတ်၊ ပုဝါ၊ မျက်မှန်၊ လက်ပတ်၊ ဖိနပ်တွေနဲ့ ရဲရဲတောက်နေကြလေရဲ့။

ဆန္ဒပြပွဲဟေ့ဆိုရင် စူးစမ်းလိုစိတ်နဲ့ ကင်မရာ၊ အသံဖမ်းစက်တွေဆွဲပြီး သွားကြည့်လေ့ရှိတဲ့ ကိုယ်ကတော့ အခုလည်း စစ်ပြင်ထားတယ်ဆိုတဲ့ နေရာကိုသွားဖြစ်တယ်။ အေးစိမ့်နေတဲ့ မြေအောက်ရထားပေါက် အ၀ကနေ အထွက်၊ အပြင်မြင်ကွင်းကို လှမ်းကြည့်လိုက်တော့ စီလုံမှာ လူတွေဟာ ပင်လယ်ကြီးအလားပဲ။ အနီတွေ တပ်စွဲထားတဲ့ မြို့လယ်ခေါင် နာမည်ကျော် ဖက်ဖုန်းအနီး အမေရိကန်သံရုံး အစရှိတဲ့ သံရုံးတွေ အများစုရှိနေတဲ့ ၀စ်ထရုလမ်းမကြီးပေါ်က လုမ္ပနီပန်းခြံ နံဘေးမှာ အနီရောင် အပူလိုင်းလုံးတွေ တ၀ုန်းဝုန်းနဲ့ ရိုက်ခတ်နေလေရဲ့။ ကားပိတ်ဆို့လွန်းတယ်လို့ နံမည်ကြီးတဲ့ ဘန်ကောက်ရဲ့ လမ်းတွေ ပိတ်ကာထားလို့ မောင်းချင်သလို မောင်းနေရတဲ့ ကားတွေက တ၀ီဝီ၊ ခရာမူတ်သံလည်း တရှီရှီ၊ ဘန်ကောက်မြို့ကြီးတခုလုံး ကမ္ဘာပျက်နေသလိုပဲ။

မြို့လယ်ခေါင်တည့်တည့် လူစည်ကားလှတဲ့ နေရာမှာ တုတ်ဓား လက်နက်အစုံအလင်၊ ခံတုတ်ကျင်းတွေ၊ သံဆန်ခါ ဆူးကြိုးတွေ၊ ကားတာယာဘီးတွေ၊ ချွန်မြနေတဲ့ ၀ါးလုံးတွေကို စီထောင်ပြီး ကာရံထားတယ်။ ခဲတွေ ပုလင်းတွေ တုတ်တွေ ၀င်မလာအောင် အဲဒီ အပေါ်မှာ တာလပတ် အမည်းကြီးတွေနဲ့ ပိတ်ကာရံထားတယ်။ ချောင်းကြည့်ပေါက်တွေကနေ မှန်ပြောင်း၊ မှန်ဘီလူးတွေနဲ့ ချောင်းကြည့်ပြီး လောက်လေး၊ ခဲ၊ တုတ် အဖျားမှာ ဓားချွန်တပ်ထားတဲ့လှံ စတဲ့ ရရာလက်နက်ဆွဲကိုင်လို့ အဆင်သင့်အနေအထားနဲ့ တဘက်နဲ့တဘက် စစ်ပြင်ထားတာလည်း တကယ့် စစ်မြေပြင်ကြီးအလားပဲ။

မိုးမျှော်တိုက်ကြီးတွေ၊ နီယွန်ဆိုင်းဘုတ်ကြီးတွေ၊ မိုးပျံ ရထားတွေ စတဲ့ ဘန်ကောက်မြို့လယ်ခေါင် မြင်ကွင်းက လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်သားတွေ၊ ဒိုင်းတွေ တုတ်တွေ ကိုင်ထားတဲ့ ရဲလုံခြုံရေးတွေနဲ့ အဆီအငေါ်မတည့် ဖြစ်နေတယ်။

ဟိုမှာဘက်ခြမ်းမှာကတော့ အရောင်စုံ ဆန္ဒပြသူများတဲ့။ ထိုင်းအလံတွေ ကိုင်ပြီး ကားလမ်း တဘက်ခြမ်းက အနီရောင်ဆန္ဒပြသူတွေကို အော်ဟစ် ကြိမ်းမောင်းနေကြတယ်။ ရောင်စုံတွေရှေ့မှာ လုံခြုံရေး ယူပေးထားတာက ထိုင်းတော်ဝင် ရဲလုံခြုံရေးတွေ။ တဘက်နဲ့တဘက် ကားလမ်းမကြီးပဲ ခြားပြီး ရန်စောင်နေကြတယ်။

ရောင်စုံတွေက အော်လံတွေနဲ့ အသံကုန်ဟစ်ပြီး အော်နေတဲ့အချိန်မှာ အနီတွေက စင်မြင့်ထက်ကနေ မိုက်ခရိုဖုံးနဲ့ စပီကာကြီးတွေ အသံကုန်ဖွင့်ပြီး ရောင်စုံတွေဘက်ကို သီချင်းတွေ ပြိုင်အော်ဆို၊ လက်ခုပ်တွေ အချက်ညီညီ တီးပြီး ကခုန်နေကြတယ်။ တဘက်က ကနေတာကို ရောင်စုံတွေက ပိုဒေါသထွက်၊ လက်သီးလက်မောင်းတန်းပြီး အသံကုန် ဟစ်ပြီးအော်။ အနီတယောက်တလေ ရောင်စုံတွေဘက် ရောက်လာရင် ထောင်းထုလွှတ်။ ရဲတွေက ဂုတ်ကနေဆွဲ အနီတွေဘက် ပြန်လွှတ်။ အလယ်ကနေ မြင်ကွင်းကို အသေအချာကြည့်နေတဲ့ ကိုယ်တို့တွေကတော့ အားရပါးရကို ရယ်မိတယ်။

ရယ်သာရယ်နေရတယ်၊ ကားအိပ်ဇောပေါက်သံလို၊ ဆိုင်ကယ်စက်ကုန်ဖွင့် မောင်းသံလို ဖုံးခနဲ အုံးခနဲ အသံ တွေကြားရင် အားလုံးလိုလို မျက်စိမျက်နှာပျက်ပြီး ပြေးပေါက်ရှာနေကြတာ သတိထားမိတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာ လူ ၂၀ ကျော်သေပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တာမို့ နောက်တကြိမ်ဖြစ်ရင် ကိုယ့်အသက်ကိုယ် ဖက်နဲ့ ထုပ်ထားရမယ်ဆိုတဲ့ အသိက ရှိနေကြပြီးသား။

ဘန်ကောက်ရဲ့ လေထု အပူလိုင်းတွေကြား၊ လူတွေကြားထဲမှာ အပူငွေ့တွေ လောင်မြိုက်လွန်းလို့ တကိုယ်လုံး ပြုတ်အိုးထဲရောက်နေသလို ထင်ရတယ်။

နေပူပူ လေပူပူမှာ တဲတွေထိုးပြီး ဖြစ်သလိုနေ ဖြစ်သလိုစား၊ အဲဒီလို လနဲ့ချီပြီး ဆန္ဒပြသူတွေရဲ့ ပင်ပန်းမူကို စာနာမိသလို ၀တ်စုံပြည့်နဲ့ တုတ်တွေ ဒိုင်းတွေကိုင်ပြီး လုံခြုံရေးယူနေတဲ့ လုံခြုံရေး ၀န်ထမ်းတွေရဲ့ ပင်ပန်းမူကိုလည်း ကိုယ်ချင်းစာမိတယ်။ သေချာတာတော့ အားလုံးမောနေကြပြီ။

အနီတွေဆိုလည်း သွေးတွေ ဖောက်လိုက်ကြ၊ သွေးတွေ ဖျန်းလိုက်ကြ၊ ကားတွေနဲ့ မြို့ကို ပတ်ပတ်လည် ချီတက်လိုက်ကြ၊ အော်ကြဟစ်ကြ။ ဘန်ကောက်နေ ပြည်သူတွေလည်း တော်တော်လေး စိတ်ညစ်နေကြပြီတဲ့။

စီလုံရဲ့ အဲဒီမြင်ကွင်းမှာ လူတွေက ခြောက်စုလောက်ကွဲနေတယ်။ အနီ၊ ရောင်စုံ၊ လုံခြုံရေး ယူပေးနေတဲ့ ရဲနဲ့စစ်သား၊ ပွဲကြည့် ပရိသတ်နဲ့ ကိုယ့်လမ်းကိုယ်သွားနေတဲ့ ယာဉ်တန်းတွေ လူတွေပါပဲ။ စစ်ဖြစ်တော့မလို ပြင်နေတဲ့ ဘန်ကောက်မြို့လယ် လမ်းမကြီးထက်မှာ ပုံမှန်လမ်းဖွင့်ပေးထားပြီး ယာဉ်သွားယာဉ်လာလည်း မပြတ်ဘူး။ ကိုယ်တွေကတော့ တံတားကြီးနှစ်စင်းကြားက ကားအတားတွေပေါ် တက်ပြီး ဘေးကနေ ရပ်ကြည့်နေတယ်။ ရုတ်တရက် သီချင်းသံတွေ တိတ်သွားတယ်။ အခြေအနေ သိပ်ကောင်းတော့ဟန် မတူဘူး။ ကင်မရာကို အသင့်ဖွင့်ထားလိုက်တယ်။

ရှပ်နီတွေဘက်ကို ရောင်စုံဆန္ဒပြသူတွေဘက်က စပြီး ပုလင်းတွေနဲ့လှမ်းပစ်တယ်။ ဧပြီ ၁၀ အရေးအခင်းမှာ ဂျပန် သတင်းထောက် တယောက် အသက်ဆုံးခဲ့ရပြီးတဲ့ နောက်ပိုင်း ထိုင်း ရဲလုံခြုံရေးတွေက နိုင်ငံခြားသတင်းထောက်တွေကို အနီးကပ် လုံခြုံရေးယူပြီး တဖွဖွ သတိလိုက်ပေးနေတာ မြင်ရတယ်။ လူအုပ်ကြီး ပြိုဆင်းလာရင် ကင်မရာသမားတွေ သတင်းထောက်တွေအနေနဲ့ လိုက်မပြေးဘဲ ဘေးကို ကပ်နေဖို့၊ ပုလင်းတွေ ခဲတွေ သေနတ်တွေနဲ့ပစ်တဲ့အခါ ဟဲလ်မက် ဆောင်းထားဖို့၊ မျက်ရည်ယိုဗုံး ခွဲတဲ့အခါ ရေစွတ်ထားတဲ့ မျက်နှာသုတ်ပ၀ါတွေ ဆောင်ထားဖို့ ထိုင်းရဲတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ သတင်းထောက်များ အစည်းအရုံးက အထူးထုတ်ပေးထားတဲ့ သတင်းထောက် လည်ပတ် အစိမ်း၊ လက်ပတ်အစိမ်းရောင်တွေကို မြင်သာတဲ့ နေရာမှာ စည်းနှောင်ထားဖို့၊ သတင်းထောက် ကတ်ပြားတွေကို ဆွဲထားဖို့ကိုလည်း တတွတ်တွတ် တတ်သမျှ မှတ်သမျှ အင်္ဂလိပ်စာနဲ့ လိုက်မှာနေကြပါတယ်။

မြန်မာသတင်းထောက် အချင်းချင်းကလည်း ဌာနမတူညီ ပေမယ့် လုပ်ဖော်ကိုင်ဖက် စိတ်ဓာတ်တွေနဲ့ အချင်းချင်း ဖုန်း ဆက်သွယ်ဖို့ တကယ်လို့ အကြမ်းဖက်မူ စတဲ့အခါ ဖုန်းလိုင်းတွေ ပြတ်တောက်သွားရင် မိနစ်ပိုင်းအတွင်း ဆုံရပ်နေရာကို အပြေးပြန်လာဖို့ သတိပေးခဲ့ကြပါတယ်။

ဘန်ကောက်မှာ အလုပ်လုပ်နေကြရတဲ့ မြန်မာကုမ္ပဏီဝန်ထမ်းတွေ၊ ဈေးရောင်းနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာကျောင်းသားတွေလည်း အချင်းချင်းဆက်သွယ်ကြပြီး အနီတွေ ဆန္ဒပြတဲ့နေရာ၊ အကြမ်းဖက် ဖြိုခွင်းမူတွေ ဖြစ်နိုင်တဲ့ နေရာတွေကို မသွားကြဖို့၊ သွားရင်လည်း ရှောင်ကွင်းပြီး ထွက်ကြဖို့ အီးမေးလ်တွေ ဖုန်းတွေကနေ သတိပေးကြပါတယ်။

အသိမိတ်ဆွေတွေက ကောလာဟလတွေ အမျိုးစုံသတင်းပေးပြီး တားကြပေမယ့် ကင်မရာရယ် အသံဖမ်းစက်ရယ်ကို ကိုင်ပြီး လမ်းကိုထွက်တော့ လမ်းပေါ်မှာ လူတွေက တော်တော်ရှင်းနေတာ သတိထားမိတယ်။

မြေအောက်ရထားကို ဆင်းတော့ လုံခြုံရေးတွေ အထပ်ထပ်ချထားပြီး အိတ်တွေကို သေသေချာချာစစ်နေ တာ သတိထားမိတယ်။ စီလုံအထိ လက်မှတ်ဖြတ်ပြီး ရထားထဲဝင်တော့လည်း စစ်သား လုံခြုံရေးတွေ တွေ့ရတယ်။ ထိုင်းအနုပညာပြတိုက် မှတ်တိုင်အရောက်မှာတော့ ရထားက လုံးဝကို ရပ်ပစ်လိုက်တယ်။ ခရီးသည်တွေ လူပ်လူပ်ရွရွဖြစ်ပြီး မေးကြည့်တော့ စီလုံမှာ အဝေးပစ် လောင်ချာနဲ့ ပစ်တယ်တဲ့၊ ဗုံးပေါက်တယ်တဲ့။ မြေအောက်ရထားနဲ့ မြေပေါ်ရထား ပိတ်ပြီတဲ့။ ခြေဖျားလက်ဖျားတွေ အေးစက်ပြီး ကိုယ့်နှလုံးခုန်သံတွေ တဒိန်းဒိန်းဖြစ်လာတယ်။

အားလုံး ရထားကနေ ထွက်ပြီး အပြေးအလွှား ထွက်ပေါက်ကို ရောက်တော့ ကားလမ်းတွေ အကုန်ကျပ်ပြီး ရပ်နေတဲ့ ယာဉ်တန်းကြီးကိုမြင်တယ်။

ရင်တွေတုန်လာလို့ ခဏလေး ကားမှတ်တိုင်က ခုံပေါ်မှာ ကယောင်ကတမ်းနဲ့ ထိုင်မိတော့ ငယ်သံပါအောင် အော်ငိုလိုက်တဲ့ အသံစူးစူးဝါးဝါးကို ကြားလိုက်ရတယ်။ ထိုင်းအဘွားကြီးတယောက် ဖုန်းကို ကိုင်ပြီး ငိုနေတာတွေ့တယ်။ ဘာတွေပြောမှန်း မသိပေမယ့် ဗုန်းပေါက်တဲ့ကိစ္စနဲ့ ဆက်စပ်မလားလို့ တွေးမိတယ်။ ဘန်ကောက်တမြို့လုံး ပွက်ပွက်ကို ညံနေပြီဖြစ်ပါတယ်။ လူတွေ မသေပါစေနဲ့ ဘေးကင်းပါစေလို့ ဆုတောင်းရင်း ဖြစ်တဲ့အထဲမှာ မြန်မာတွေ မပါပါစေနဲ့ဆိုတဲ့ အတ္တနဲ့လည်း ဆုတောင်းမိတယ်။

တဦး သေတယ်၊ ၈၀ ကျော်ဒဏ်ရာ ရတဲ့ အထဲမှာ နိုင်ငံခြားသား တချို့ပါတယ်လို့ သတင်းရပါတယ်။ အနီ တလှည့် အ၀ါတလှည့်နဲ့ မပြီးနိုင်သေးတဲ့ ထိုင်းနိုင်ငံရေး အခန်းဆက် ဇာတ်မျောကြီးကို ကိုယ်တိုင်ဘေးကနေ ရပ်ကြည့်ရင်း သူတို့တွေ ဘယ်လိုများ ဇာတ်သိမ်းမှာပါလိမ့်လို့ တွေးမိတယ်။ နောက်ပြီး မဆီမဆိုင် ငါတို့နိုင်ငံမှာသာဆို အနီတွေ ဘာတွေဖြစ်ကုန်မလဲလို့လည်း တွေးမိလိုက်ပါသေးတယ်။

No comments:

Post a Comment