Thursday, April 29, 2010
တရားဥပဒေစိုးမိုးမှုနဲ့ စီဗယ်လ်လေဘာတီးစ်
တရားဥပဒေစိုးမိုးမှု မရှိရင် လူမှုလွတ်လပ်မှုအခွင့်အရေးများ (Civil Liberties) ဘယ်တော့မှ ပေါ်လာမှာ မဟုတ်သလို ဒီမိုကရေစီရဲ့ အနှစ်သာရကိုလည်း ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ပါဘူး။ တိတိကျကျဆိုရင် အရပ်သားလူ့အဖွဲ့စည်း (Civil Society) ကို အကာအကွယ်ပေးရမယ့် ရဲ၊ အစိုးရရှေ့နေ၊ တရားသူကြီးတွေက စစ်အာဏာရှင်တွေ အလိုကျ အမိန့်နာခံပြီး၊ တရားရုံးတွေက လူတစုရဲ့ အသုံးချခံ လက်ကိုင်ဒုတ်ဘဝ ရောက်နေသမျှ ကာလပတ်လုံး ဘယ်တော့မှ တရားဥပဒေစိုးမိုးမှု ရှိလာမှာ မဟုတ်ပါဘူး။
အဲဒီလို တရားဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေမျိုးမှာ တမတ်သားလေးပဲရရ၊ တပဲသားလေးပဲရရ ပါတီထောင်ပြီး အမတ်ဝင်ရွေးမယ်လို့ စိတ်ကူးရှိနေတဲ့ သူတွေဟာ ကံကောင်းလို့ အရွေးချယ်ခံရရင်တောင် လွှတ်တော်ထဲ မရောက်ခင်မှာ ထောင်နန်းစံရမယ် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးပြပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲကနေ အမတ်အဖြစ်က ရုပ်သိမ်းခံရအောင်လုပ်ဖို့က သေချာသလောက်ပါပဲ။
ဘာကြောင့်သေချာနေရသလဲဆိုရင် ၂ဝ၁ဝ မတ်လက ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေရဲ့ ပုဒ်မ၂ဝ (က) အရ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေမည်။ (ခ) မည်သည့် တရားရုံးတွင်မှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။ လို့ ထည့်သွင်းဖော်ပြထားတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အလွန်အကျွံ ပေးရာရောက်နေတာမို့ ဥပဒေအရ ဘယ်လိုမှ ခုခံချေပခွင့်၊ စောဒကတက်ခွင့် မရှိဘူးဆိုတာ ထင်ရှားနေပါတယ်။
“တရားဥပဒေစိုးမိုးမှုတွေ ဘာတွေ နားမလည်ဘူး၊ ငါတို့လုပ်ချင်ရာ လုပ်မယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ အမြင်ကပ်တဲ့ သူတိုင်းကို အချိန်မရွေး၊ နေရာမရွေး၊ အမှုမျိုးစုံနဲ့ ထောင်ကျအောင် လုပ်လို့ရတယ်” ဆိုတာကို ဒီရက်ပိုင်းမှာ ဗကသ ခေါင်းဆောင် ကိုကျော်ကိုကို ထပ်ခါတလဲလဲ တရားစွဲခံနေရတာက သက်သေပြနေပါတယ်။
၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ ကျောက်တံတား တရားရုံးက နောက်ထပ်အခါခါ တရားစွဲဆိုတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ ကိုဥာဏ်လင်းအောင်တို့ကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂ဝဝ၈ ခုနှစ် မတ်လ ၁၇ ရက်နေ့က စတင်ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းတရားရုံးမှာ ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) နဲ့ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလက စတင်ရုံးထုတ်ခဲ့တာကို ပြန်ပြောင်းသတိရစေခဲ့ပါတယ်။
မရမ်းကုန်းမြို့နယ် တရားရုံးမှာ တပတ်တကြိမ် ရုံးထုတ်ခဲ့ပေမယ့် ၉ ကြိမ်၊ ၃ လလောက် ရုံးထုတ်ခဲ့ပြီး လုံးဝ စစ်ဆေးမေးမြန်းခြင်း မလုပ်ခဲ့ဘဲ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးကို ပြောင်းရွှေ့ခဲ့ပါတယ်။ စတင်ဖမ်းဆီးခဲ့တဲ့ အချိန်ကနေ ၁ဝ နှစ်နီးပါး ကြာမြင့်လာခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကျမှ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက မြို့နယ်တရားသူကြီး ဦးတင်လတ်ရှေ့မှာ အမှုမှာ ပါဝင်ခဲ့တဲ့ သက်သေ ၆ ယောက်စလုံးကို တနေ့ထဲနဲ့ အပြီးစစ်ဆေးခဲ့ပါတယ်။
ရှာဖွေသိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ VCD အချပ်ထဲမှာ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်ရေးအတ္ထုပတ္တိနဲ့ ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပါနေတာမို့ ဗီဒီယိုဥပဒေ ပုဒ်မ ၃၃ (ခ) နဲ့ တရားစွဲဆိုခဲ့တာပါ။
ဗီဒီယိုအက်ဥပဒေ ပုဒ်မ ၃၃ (ခ) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ စီးပွားရေးအလို့ငှာ ရိုက်ကူး၊ ထုတ်လုပ်ဖြန့်ချိ၊ ငှားရမ်း၊ ပြသခဲ့တယ်ဆိုတဲ့ အထောက်အထား တခုခုနဲ့ ငြိစွန်းမှသာ ဥပဒေအရ ပြစ်မှုမြောက်တယ်လို့ ယူဆနိုင်မှာ ဖြစ်ပေမယ့်၊ ရိုက်ကူးခဲ့တယ်၊ ထုတ်လုပ်ဖြန့်ချိခဲ့တယ်၊ ပြသခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တစုံတရာ မပြနိုင်ဘဲ အရေးယူအပြစ်ပေးပိုင်ခွင့် မရှိပါဘူး။ တကယ်လို့ ရိုက်ကူးခဲ့တယ်၊ ထုတ်လုပ်ဖြန့်ချိခဲ့တယ် ဆိုရင်တောင် ဒါဟာ စီးပွားရေးအလို့ငှာ ရိုက်ကူးထုတ်လုပ် ဖြန့်ချိပြသတာ ဟုတ်၊ မဟုတ် ဥပဒေပြဿနာ ပေါ်လာပြီး ထပ်မံအငြင်းပွားရဦးမှာ ဖြစ်ပါတယ်။
ပြစ်ဒဏ်ချမှတ်တဲ့အခါမှာလည်း ထောင်ဒဏ် ၃ နှစ်သော်လည်းကောင်း၊ ဒဏ်ငွေ ကျပ် ၁ဝဝဝဝ သော်လည်းကောင်း၊ ပြစ်ဒဏ် ၂ မျိုးစလုံးသော်လည်းကောင်း ချမှတ်နိုင်သည်လို့ ပြဋ္ဌာန်းထားပေမယ့် ဆင်ဆာမဲ့ ဗီဒီယိုအခွေတခွေ လက်ဝယ်တွေ့ရှိတယ်ဆိုရုံနဲ့ မညှာမတာ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို သုံးသပ်ကြည့်ရင် ဒါဟာ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တဦးဦးကို နိုင်ငံရေးအမှုနဲ့ တရားမစွဲဘဲ အခြားအမှုတခုခုနဲ့ အချိန်မရွေး ထောင်ချလို့ ရတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။
မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီး ဦးတင်လတ်ဟာ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို မတိုင်ခင်တုန်းကလည်း ရွှေတောင်ကျောင်းတိုက်ဝင်းအတွင်းက ပြည်ကျော်ကျောင်း ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍဝံသကို ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးဇာဂနာ ဓာတ်ပုံ လက်ဝယ်တွေ့တယ်၊ ဗဟန်းမြို့နယ် သိပံ္ပကျောင်းတိုက်ဝင်းအတွင်းမှာ ကျင်းပတဲ့ ၈၈၈၈ နှစ်ပတ်လည် ၁၉ နှစ်ပြည့် ဆွမ်းကပ်လှူပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့တယ်ဆိုတာ အမှုမှာ ပေါ်ပေါက်နေတဲ့အတွက် နိုင်ငံရေးနဲ့ စပ်ဆက်ပတ်သက်နေတာကြောင့်မို့ အငြှိုးအတေးထားပြီး နိုင်ငံရေးအမှုနဲ့ တရားမစွဲဘဲ ရုပ်ရှင်သရုပ်ဆောင်တယောက်ရဲ့ ဝစ်လစ်စလစ်ခွေ ဘုန်းကြီးမွေ့ယာအောက်က တွေ့လို့ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ဖူးတဲ့ တရားသူကြီးတဦးလည်း ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဘုန်းတော်ကြီးတွေကို နိုင်ငံရေးအမှုနဲ့ တရားမစွဲဘဲ သေးသိမ်အောင် အဲဒီဆင်ဆာမဲ့ ဗီဒီယိုအခွေ ဘုန်းတော်ကြီးရဲ့ မွေ့ယာအောက်က တွေ့တယ်လို့ တရားရုံးမှာ သက်သေအားလုံးက တညီတညွတ်ထဲ ထွက်ဆိုစွပ်စွဲခဲ့ကြပေမယ့် အမှုမှာ ပေါ်ပေါက်တာက မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးတွေဟာ ဝိနည်းတော်အရ မွေ့ယာနဲ့ မကျိန်းစက်ဘူးဆိုတာကြောင့် မွေ့ယာအောက်မှာ ဗီစီဒီအချပ်နဲ့ လောင်းကစား လုပ်တယ်ဆိုတဲ့ ငွေ ၅ သိန်းကျော်ကို တွေ့ရှိခဲ့တယ်ဆိုတာ ဘယ်လိုမှကို ယုတ္တိမရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်နေတယ်ဆိုတာကို သိလျက်နဲ့ အဲဒီတရားသူကြီး ဦးတင်လတ်ဟာ ဆင်ခြင်တုံတရား ကင်းမဲ့စွာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ဖူးသူပါ။
စွပ်စွဲခံရတယ့် ဦးဇင်းဦးပဏ္ဍဝံသဟာ ၁၉၉ဝ ခုနှစ် ပထမအကြိမ် ပတ္ထနိက္ကုဇနကံဆောင်စဉ်တုန်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ထောင် ၇ နှစ် ကျခံခဲ့ရဘူးသူမို့၊ အခုတကြိမ် ၂ဝဝ၇ ခုနှစ် ဖြစ်တဲ့အခါမှာ နည်းပေးလမ်းပြ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ အမှုမှာ ဆရာတော် ဦးပဏ္ဍဝံသ ကျောင်းထိုင်တဲ့ ပြည်ကျော်ကျောင်းကို စတင်ဖမ်းဆီးခဲ့တဲ့ နေ့ကစပြီး ချိတ်ပိတ်ထားခဲ့တယ်ဆိုတာ ပေါ်ပေါက်ပါတယ်။
အမှုမှာ အကြောင်းချင်းရာ ပြဿနာပေါ်ပေါက်တဲ့ မွေ့ယာနဲ့ သီတင်းသုံးခြင်း ရှိမရှိ သိရှိစေဖို့ အခင်းဖြစ်နေရာကို တရားသူကြီးကိုယ်တိုင် သွားရောက်ကြည့်ရှုပြီးမှ ဝိနည်းနဲ့မညီဘဲ မွေ့ယာနဲ့ သီတင်းသုံးခြင်း မရှိရင် အမှုမှ အပြီးပြတ်လွှတ်ပေးဖို့ လျှောက်ထားတောင်းဆိုခဲ့ပေမယ့် သွားရောက်ကြည့်ရှုခြင်း မရှိဘဲ အပြစ်ပေးခဲ့တာကိုကြည့်ရင် တရားသူကြီးတွေဟာ ရဲကသာ ဖမ်းခဲ့၊ တရားစွဲဆိုခဲ့ရင် အမှုမှာ သက်သေအထောက်အထား ရှိရှိ၊ မရှိရှိ ပြစ်ဒဏ်ချမှတ်လေ့ရှိတယ်ဆိုတာ ပေါ်ပေါက်နေပါတယ်။
မွေ့ယာနဲ့ သီတင်းသုံးတယ်၊ ဖျာနဲ့သာ သီတင်းသုံးတယ်ဆိုတဲ့ ပြဿနာကို အမှုမှာ အကြီးအကျယ် အငြင်းပွားနေရသလဲဆိုရင် ဗီစီဒီဓာတ်ပြားအချပ်ဟာ ဖျာအောက်မှာသာ ထားပြီး သီတင်းသုံးခဲ့တယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့ ဗီစီဒီအချပ်ဖြစ်ဖြစ် အစင်းရာတွေထင်ပြီး ဖွင့်မရဘဲ ဘာအခွေမှန်းကို သိစရာအကြောင်း မရှိပါဘူး။ မွေ့ယာအောက်မှာ ထားပြီး သီတင်းသုံးတယ်ဆိုရင်တော့ ဖွင့်ကြည့်လို့ရနိုင်တဲ့ စီဒီအချပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက မွေ့ယာအောက်ကနေ တွေ့ရှိခဲ့ပါတယ်ဆိုတဲ့ ငွေကျပ် ၅ သိန်းနီးပါးကို လောင်းကစားငွေအဖြစ် သိမ်းဆည်းခဲ့တယ် ဆိုတာပါပဲ။
အဘယ်ဆင်ခြင်တုံတရားနည်းတဲ့သူမှ ဖျာအောက်မှာ ငွေ ၅ သိန်းကျော် ထားပြီး သီတင်းသုံးမှာ မဟုတ်ဘူး။ ဒါကြောင့် အာဏာရှိတဲ့သူ တဦးဦးနဲ့ ဆွေမျိုးနီးစပ်တော်စပ်မနေရင်၊ တံစိုးလက်ဆောင် ပေးမထားရင် တရားသူကြီးတွေဟာ ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ဖို့ ဝန်လေးနေကြတာ အစဉ်အလာဖြစ်နေပါပြီ။
ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ပြီး ပြစ်မှုမထင်ရှားလို့ လွှတ်ပေးလိုက်မယ်ဆိုရင် အထက်ကို ဘာကြောင့်လွှတ်ပေးရသလဲဆိုတဲ့ ထုချေလွှာတင်ကြရတာမို့ ငွေမရတဲ့ အမှုတွေမှာ အလုပ်ရှုပ်ခံပြီး ထုချေလွှာ တင်လေ့မရှိကြပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုဆိုရင်တော့ အများဆုံး ပြစ်ဒဏ်ချမှတ်လေ့ရှိပြီး လွတ်တဲ့အမှုဆိုတာ မရှိသလောက်ကို ရှားပါတယ်။ နိုင်ငံရေးအမှုတွေထဲမှာ တမှုတော့ ရှားရှားပါးပါး ရှိပါတယ်။ အဲဒါက ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကို သင်းဖွဲ့ဥပဒေ ပုဒ်မ ၆ နဲ့ ဒဂုံမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တဲ့ အမှုမှာ ပြစ်မှုမထင်ရှားသဖြင့် အပြီးအပြတ် လွှတ်ပေးလိုက်သည်ဆိုတဲ့အမိန့် ရှားရှားပါးပါး ချခဲ့တာပါ။ ကာယကံရှင် မိသားစုမှာတော့ တရက်ကလေးသာပဲ ဝမ်းသာရရှာတာပါ။ နောက်တနေ့မှာတော့ နောက်ထပ် တရားရုံးတရုံးဖြစ်တဲ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးက သင်းဖွဲ့ဥပဒေ ပုဒ်မ ၆ နဲ့ပဲ တရားထပ်စွဲထားတယ်ဆိုတာ ကြားလိုက်ရတော့တာပါပဲ။
တကယ်တော့ ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေမှာ ဆင်ဆာမဲ့ ဗီစီဒီအချပ် လက်ဝယ်တွေ့ရှိလျှင် ထောင်ဒဏ် ၃ နှစ်ဆိုတာ မပါပါဘူး။
၁၉၉၆ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ တယ်လီဗေးရှင်းနဲ့ ဗီဒီယိုဥပဒေဆိုတာ မူးယစ်ဆေးဝါးဥပဒေလို လူ့အဖွဲ့စည်းကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ ရာဇဝတ်မှုမျိုး မဟုတ်ပါဘူး။ တိုးတက်လာတဲ့ လူ့အဖွဲ့အစည်းမှာ မင်္ဂလာဆောင်၊ ရှင်ပြု အခမ်းနားတို့လို အခမ်းနားမျိုးတွေမှာ ကိုယ့်မိသားစု၊ ဆွေမျိုးချင်း အမှတ်တရ ရိုက်ကူးကြတဲ့ အခါမျိုးတွေမှာ ဘယ်သူမှ ဆင်ဆာအဖွဲ့ကိုတင်ပြီး ခွင့်ပြုချက် တောင်းမနေကြပါဘူး။ ဥပဒေအရ တောင်းဖို့လည်း မလိုပါဘူး။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်အခွေကို တနိုင်ငံလုံးနီးပါး ကြည့်ဖူးကြမှာပါ။ ဒါတောင် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ခွင့်ပြုချက် တောင်းခံခဲ့မှာ မဟုတ်ပါဘူး။ “ငါက … တိုင်းပြည်မှာ အကြီးဆုံးပဲ။ ဘယ်သူ့ဆီမှ ခွင့်ပြုချက် တောင်းစရာမလိုဘူး။ ငါ့သဘောနဲ့ငါ လုပ်ချင်ရာ လုပ်မယ်” ဆိုတာမျိုး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ မရရပါဘူး။ နိုင်ငံသားအားလုံး တပြေးညီထဲ သာတူညီမျှ အခွင့်အရေးရပြီး၊ ပြဋ္ဌာန်းဥပဒေတွေကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာမှသာ ဥပဒေစိုးမိုးမှု ရှိလာမှာ ဖြစ်ပါတယ်။
ဥပဒေကို လေးစားလိုက်နာဖို့ကလည်း ပြည်သူကို ကိုယ်စားပြုတဲ့ ဥပဒေပြုအဖွဲ့က ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းထားမှာသာ ပြည်သူလူထုတရပ်လုံးက လေးစားလိုက်နာကြမှာ ဖြစ်ပါတယ်။ ပုံ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆိုပြီး ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းထားမှတော့ ဥပဒေစိုးမိုးမှုဆိုတာ ဘယ်လိုမှ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။
ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ဥပဒေပြုလွှတ်တော်က ထုတ်ပြန်ထားတဲ့ ဥပဒေမျိုးမဟုတ်ဘဲ လူတဦးက အချိန်မရွေး ဥပဒေထုတ်ပြန်လိုက်၊ သူကပဲ အရင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုသလို ဖျက်လိုက် လုပ်နိုင်နေသရွေ့ ဘယ်တော့မှ တရားဥပဒေစိုးမိုးမှု ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို ကိုကျော်ကိုကိုက ဦးဆောင်ပြီး၊ ၂ဝဝ၇ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့စဉ်က ပါဝင်ခဲ့တယ်လို့ တရားရုံးတွေပေါ်မှာ အတိအကျ စွပ်စွဲပြီး အသက် ၁၈ နှစ် မပြည့်သေးတဲ့ ပထမနှစ် သင်္ချာကျောင်းသား ကိုရဲမြတ်ဟိန်း အပါအဝင် ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမင်းဦး၊ မဟန်နီဦး၊ ကိုကြည်ဖြူတို့ကို ၂ဝဝ၈ ခုနှစ်အတွင်းက သင်းဖွဲ့ဥပဒေ ပုဒ်မ ၆ နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၂၉၅၊ ၂၉၅ (က)၊ ၅ဝ၅ (ခ) တို့နဲ့ တရားရုံးပေါင်းများစွာက ထောင်ဒဏ်များစွာ ချမှတ်ပြီးခဲ့ပါပြီ။
အဲဒီအချိန်တုန်းကတည်းက ဘာကြောင့်များ ကိုကျော်ကိုကိုအပေါ် တရားမစွဲခဲ့ဘဲ၊ အခု ၂ဝ၁ဝ ခုနှစ်ကျမှ တောင်ကြီးထောင်ကနေ ပြန်ခေါ်ပြီး၊ ၅ဝ၅ (ခ) နဲ့ ပုဒ်မ ၆ တို့နဲ့ တရားထပ်စွဲရသလဲဆိုရင် တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို သက်သေပြလိုက်တာပါပဲ။ အဲဒီလို တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် လူမှုလွတ်လပ်မှု အခွင့်အရေးတွေလည်း ပျောက်ကွယ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်သလို၊ ရွေးကောက်ပွဲအောင်နိုင်ပြီး အစိုးရဖွဲ့နိုင်ဖို့ဝေးစွ၊ လွှတ်တော်တွေထဲမှာ တပဲသား အတိုက်အခံ၊ တရွေးသား အတိုက်အခံတောင် မရှိရအောင် စီစဉ်ထားတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း သုံးသပ်ရင်း နိဂုံးချုပ်အပ်ပါတယ်။
No comments:
Post a Comment