Friday, April 2, 2010

ရွှေလီရေအား လျှပ်စစ်မီးသုံးရန် ဒေသခံများ ငွေထည့်ရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ မန်တပ်ရွာ အနီးရှိ ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ မူဆယ် နမ့်ခမ်းမြို့များ သို့ မီးစတင်ဖြန့်ဝေရန် ဒေသခံများထံမှတစ်အိမ်ထောင် ကျပ်ငွေ ၆ သောင်းနှုန်း ယမန်နေ့က စတင် ကောက်ခံနေ ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ၀ယ်ယူနေသည့် လျှပ်စစ်မီးအစား ရွှေလီရေအား လျှပ်စစ်မီးဖြင့် အစားထိုး ဖြန့်ဝေမည် ဖြစ်သဖြင့် ၄င်းငွေအား မတ်လ ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် အာဏာပိုင်များက ညွှန်ကြား ကောက်ခံနေကြောင်း နမ့်ခမ်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒွီွှေလီရေအားလျှပ်စစ်ကနေ မီးပေးတော့မယ်ဆိုပြီး နမ့်ခမ်းတစ်မြို့လုံး အိမ်တွေကို စာပို့ထားတယ် တရုတ်မီး ပိတ်လိုက် ပြီး ရွှေလီ ရေအားလျှပ်စစ်မီးနဲ့ အစားထိုးမယ်ဆိုတော့ အဲဒါ တစ်အိမ်ထောင်ကို ငွေ ၆ သောင်းထည့် ရမယ် ” ဟု နမ့်ခမ်းမြို့ခံက ပြောသည်။


ထို့အတူ မူစယ်မြို့တွင်လည်း မီတာဘောက်စ်အတွက် တစ်အိမ်ထောင် ကျပ် ၆၅၀၀၀ ထည့်ဝင်ရမည် ဖြစ်ပြီး ရက်နောက် ကျပါက ကျပ် ၈၅၀၀၀ ပေးဆောင်ရမည်ဟုလည်း ဆိုပါသည်။

ဒေသထွက် လျှပ်စစ်မီး ဖြန့်ဝေတော့မည် ဖြစ်သောကြောင့် ယခင်သုံးစွဲခဲ့သည့် မီတာဘောက်စ်အား ပြောင်းလဲ အသုံးပြုရန် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

“ငွေလိုက်ကောက်နေပြီ လျှပ်စစ်ဦးစီးမှူးပါတယ် မယက ဥက္ကဋ္ဌ ပါတယ် ဒီနေ့ငွေမထည့်ရင် မီးဖြတ်မယ်လို့ ပြော တယ် ” ဟု သူက ဆိုသည်။

ပြောင်းလဲအသုံးပြုမည့် မီတာဘောက်စ်သည် ပြင်ပပေါက်ဈေး ကျပ် ၆၀၅၀၀ ရှိပြီး လျှပ်စစ်ဋ္ဌာနမှ ကျပ် ၆၀၀၀၀ နှုန်း ဖြင့်ဖြန့် ဝေလျှက်ရှိရာ သတ်မှတ်ရက် နောက်ကျ ငွေပေးသွင်းပါက တစ်ရက်လျှင်ကျပ် ၁၂၀၀၀ နှုန်း ဒဏ်ငွေဆောင်ရ မည်ဟု ဆိုသည်။

“သူတို့က မီတာဘောက်စ်လဲပြီးရင် တရုတ်မီးပိတ်ပြီး ရေအားလျှပ်စစ်မီးပေးတော့မယ်ပေါ့ အဲဒါ နောက်ကျရင် ဒဏ်ငွေက ၁၂၀၀၀ ပေးရမယ် တစ်သောင်းက လျှပ်စစ်ရုံး ၂၀၀၀ ကတော့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကို ပေးရ မယ်” ဟု ဆိုသည်။

ရွှေလီရေအားလျှပ်စစ်စီမံကိန်းအား လွန်ခဲ့သည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ဒေသခံများထံ လျှပ်စစ်မီးစတင်ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment