Tuesday, April 20, 2010

လက်နက်ကြီးတင်ဆောင်ထားသည့် စစ်ကားအစီး ၄၀ တနိုင်းမြို့ဖက်ဦးတည်

ဇော်ကြီး။

မြစ်ကြီးနား မြို့မှ လက်နက်ကြီး တင်ဆောင် လာသည့်ကား အစီး ၁၀၀ ခန့် အနက် အစီး ၄၀ အား တနိုင်း ဖက်သို့ ပို့ဆောင် ရန်ပြင်ဆင် ထားသည်ဟု ဒေသခံများ ကပြောသည်။

“ဗန်းမော်ဖက်ကနေတဆင့် ချီတက်လာတဲ့ အမြောက်တွေတင်လာတဲ့ ကားပေါ့နော်၊ ယာဉ်တန်းပေါ့။ အခုအချိန်မှာပဲ နမ္မတီးမှာသူတို့နားနေတာတွေ့ရတယ်။ ဒီမှာ သူတို့ အစီး ၄၀ ရောက်တယ်။ လက် နက်ကြီးခြောက်လက်ပါတယ်။ ခန့်မှန်းရတာတော့ တနိုင်းဖက်ကို ချီတက်မယ်လို့ ယူဆရတယ်။ နမ္မတီး တနိုင်းကားလမ်းပေါ်မှာ ရပ်ပြီးနားနေတယ်။ ဟု ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။”

ယင်းစစ်ကားများသည် နမ္မတီးမြို့သို့ ယနေ့နေ့လည်ပိုင်းက ရောက်ရှိလာခြင်းဖြစ်ကာ လက်နက်ကြီး တင်ထား သည့်ကားမှအပ ကျန်ကားများအား စစ်မိုးကာများဖြင့် ဖုံးအုပ်ထား သော်လည်း အလေးချိန်များသဖြင့် ကားလေး များဖြောင့်တန်းနေသည့်အတွက် ခဲယမ်းများ ဖြစ်နိုင်သည်ဟု ၎င်းကခန့်မှန်းပြောဆိုသည်။

“ကျန်တဲ့ကားတွေ ဘာတွေပါလည်းတော့မသိဘူး။သူတို့အလုံပိတ်ထားတယ်။ ဒါပေမယ့် ကားလေးတွေ ကိုကြည့်ရတာတော့ အလေးအပင်တွေတင်ထားတဲ့ သဘောပဲ။ ကားလေးတွေက ယာဉ်အလွတ်ပုံစံမျိုး မဟုတ်ဖူး။ လက်နက်ကြီး ကျည်တွေဖြစ်မယ်ထင်တယ်။”

ထို့အပြင် မိုးကောင်းမြို့ဒေသခံတပ်၏ လက်အောက်ခံတပ်ရင်းများမှ စစ်မှုထမ်းများ၏ မိသားစုဝင်အားလုံးကို မြို့ တွင်း၌ နေထိုင်ခွင့်မပေးတော့ပဲ သက်ဆိုင်ရာတပ်ရင်းများသို့ ပြန်လည်ခေါ်ယူ၍ တပ်လန့်ထားကြောင်း စစ်တပ် အသိုင်းအ၀ိုင်းကလာသည့် သတင်းများအရ သိရသည်ဟု ဆက်ပြောသည်။

“သူတို့ အိမ်ထောင်သည်တွေ မိသားစုတွေ အပြင်မှာနေတဲ့ဟာတွေ အကုန်လုံး သူတို့ တပ်ထဲကို ဆွဲ ထည့်တယ်။ ဆွဲထည့်ပြီးတော့ မိန်းမရောယောကျာ်းရော အကုန်လုံး ရယ်ဒီပုံစံမျိုးနဲ့ ပြင်ဆင် ထား တယ်လို့ သိရတယ်။ ၂၄ နာရီ အသင့်ပြင်ခိုင်းထားတာပေါ့။ ရိက္ခာ ၃ ရက်စာနဲ့ တပ်ထဲမှာ အသင့် ပြင်ပြီးနေခိုင်းထားတယ်လို့ကြားတယ်။”

မြန်မာစစ်အစိုးရက ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) အား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နှင့်ပတ် သက်၍ ဖိအားပေးနေချိန် ယခုလိုစစ်ယာဉ်တန်းနှင့် လက်နက်ခဲယမ်း တင်ဆောင်လာသည့်ကားများ ရောက်ရှိလာ သည့်အတွက် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

လွန်ခဲ့သည့် ဧပြီလ ၄ ရက်နေ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ပြီး စစ်အစိုးရက လာမည့်ဧပြီလ (၂၈) ရက်နေ့အား နောက်ဆုံးရက်အဖြစ် သတ်မှတ်ပေး ခဲ့သည်။


No comments:

Post a Comment