Monday, April 19, 2010

ချင်းမိုင်ခရိုင်အတွင်း တရားဝင်နေထိုင်ခွင့်ရသူများ ယာဉ်မောင်းလိုင်စင် လုပ်ခွင့်ရ

ဇော်ကြီး။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူတိုင်း ယာဉ်မောင်း လိုင်စင် ပြုလုပ်ခွင့်ပြုမည်ဟု ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဌာနက တရားဝင်စာ ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် အိမ်နီးချင်း နိုင်ငံများမှ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး ထိုင်းအစိုးရ၏ တရားဝင်နေထိုင်ခွင့်လက်မှတ် တမျိုးမျိုး ကိုင်ဆောင်ထားသူအားလုံးအတွက် အကြုံးဝင်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မိမိကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ဆေးရုံ (သို့မဟုတ်) ဆေးခန်းတစ်ခုခု၏ ကျန်းမာရေးထောက်ခံချက်၊ တစ်လက်မအရွယ် ဓါတ်ပုံနှစ်ပုံတို့ လိုအပ်ပြီး မြို့နယ်ကုန်းလမ်းပို့ဆောင်ရေးရုံးများ၌ ပြုလုပ်ပေးနေသည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီရေးအဖွဲ့ MAP ဖောင်ဒေးရှင်းမှ စိုင်းဂျိုးက ယခုလို ပြောသည်။

“ကျနော်တို့ရုံးက အဲဒီမှတ်ပုံတင်ကိုင်တဲ့သူတချို့တောင်သွားလုပ်မယ်ပြောတယ်။ တောင်ပေါ် သားကဒ် ရှိတဲ့သူ တစ်ယောက်နှစ်ယောက်ရှိတယ်။ အခု ဒီနေ့တော့ အလုပ်သမားတစ်ယောက် သူသွားလုပ်နေ တယ်။ သူတို့ပြောတာ ရတယ်တဲ့။”

နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် ရှိသူများ အနေနှင့် လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန် ယခုလို ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်၌ဖော်ပြကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးက ခုလိုပြောသည်။

“သူတို့ရေးထားတာက ရဲနဲ့တွေ့ရင် ရဲက နှစ်ထောင်နှစ်ထောင်တောင်းတယ်ပေါ့။ အဲလိုမျိုး မဖြစ်စေ ချင် ဘူး ပေါ့နော်။ နောက်ပြီးတော့ ဒီလူတွေကလည်း မြန်မာပြည်ကနေ ထိုင်းမှာ အလုပ်လာလုပ်တယ် ဆိုပေမယ့်လည်း နေ့တိုင်းနေ့တိုင်း ဆိုင်ကယ်တွေ ကားတွေက သုံးနေရတာပေါ့။ အဲဒီတော့ မရှိလို့ မ ဖြစ်တဲ့ အနေအထားမှာရှိတော့ သူတို့ကနေပြီးတော့ စဉ်းစားပေးတဲ့သဘောမျိုးပေါ့နော်။”

ချင်းမိုင်ခရိုင်ရုံးကြီးအပါအ၀င် ခရိုင်အတွင်းရှိ မဲတိုင်၊ မိန်းဖန်၊ ဟန်ဒုံး၊ ကျိုင်းဒေါင်းဝ် စသည့်မြို့နယ်များရှိ ကုန်း လမ်း သယ်ယူပို့ဆောင်ရေးရုံးများတွင် ပြုလုပ်ပေးမည်ဟု သိရသည်။


No comments:

Post a Comment