Wednesday, April 28, 2010

၄၈ နာရီအတွင်းမှာ


ကဆုန်နွေ၏ အောက်တွင်… နေပြည်တော်၏ လမ်းမများက တံလျပ်များနှင့်….။

အဝေးမှမြင်ရသည့် ရေအလျင်က အနီးသို့ရောက်လျှင်မူ… ကွယ်ပျောက်၍သွား၏။ တံလျပ်များကြောင့် နေပြည်တော်၏ လမ်းမများက ပဉ္စလက်ဆန်နေ၏။ မရှိသည်ကို အရှိအလား ထင်မှတ်မှားနေစေ၏။ ကြိုကျဲသော သစ်ပင်တို့က …နေပြည်တော်အား အေးချမ်းသည့် အရိပ်အာဝါသအား မပေးစွမ်းနိုင်…။ ပူပြင်းသော နွေ၏ လောင်မြိုက်မှုအား နေပြည်တော်သည် လူးလွန့်၍ ခံနေရ၏။ နီညိုသော မြေသားတို့က အပူဒဏ်ကြောင့် မွဲခြောက်ခြောက်….။

ဆောက်လက်စ ပြည်သူ့လွှတ်တော် အဆောက်အဦးကြီးက နေရောင်အောက်၌ ထီးတည်း…။ အထီးကျန်လွန်းလှ၏။

လေအေးပေးစက် တပ်ဆင်ထားသဖြင့် ခန်းမဆောင်များအတွင်း အေးမြမှုအား ဖန်တီးရယူထားနိုင်သော်လည်း… မြင်ရသည့် ခန်းမအပြင်၏ မြင်ကွင်းများကမူ …စိုလွင်မှုမရှိ…။ အေးမြမှုကင်းမဲ့၍… မွဲခြောက်ပူလောင်လွန်းလှ၏။ ဖန်တီးရယူနိုင်မှု ဟူသည်ကား… အကန့်အသတ်နှင့်…။

နွေနေ့များက … တနေ့ပြီး … တနေ့ ကုန်လွန်၍နေ၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် ဆုံးဖြတ်ချက်ချရမည့် အချိန်များက တရွေ့ရွေ့နှင့် နီကပ်၍လာပြီ။ မည်သို့ဆုံးဖြတ်မည်နည်း…။ ချထားသည့် သဘောထားအတိုင်း ရပ်တည်၍ ဆုံးဖြတ်မည်လား…။ ထုတ်ပြန်ထားခဲ့သည့် ဥပဒေအတိုင်း လျှောက်လှမ်း၍ သွားမည်လား…။ ပေးထားခဲ့သည့် ရာဇသံအတိုင်းပင် စီရင်မည်လား….။

သို့တည်းမဟုတ်….။ အခြား … ရွေးလမ်းသစ်တခုအား ရွေးချယ်မည်လား…။ အလျှော့…အတင်း၊ အပေး…အယူများနှင့် စေ့စပ်၍ညှိနှိုင်းမည်လား….။

လားပေါင်းများစွာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား မေး၍နေ၏။ စိန်ခေါ်၍နေ၏။ အဆုံးအဖြတ်က…. ဗိုလ်ချုပ်မှူးကြီးသန်းရွှေတွင် ရှိ၏။ နေပြည်တော်တွင် ရှိ၏။

အဆုံးအဖြတ်က စစ်တုရင်စကားအရဆိုပါမူ … တကွက်ရွှေ့ရုံနှင့် တပွဲလုံးပြီးသွားနိုင်သည့် ရွှေ့ကွက်အား ရွှေ့ရမည့် အခြေအနေ….။ မလွယ်…။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လေးလေးနက်နက် တွေး၏။ အပြန်ပြန်အလှန်လှန် စဉ်းစား၏။ ဆုံးဖြတ်ချက်ကိုမူ …. ချ၍မရသေး…။

ဗိုလ်ချုပ်စိုးဝင်း၊ ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ထံမှ အစီအရင်ခံစာများ ဝင်လာ၏။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေးပါတီ UWSA တို့က …. သူတို့၏ တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးအား ထပ်မံ၍ ငြင်းဆိုလိုက်သည်ဟု ဆို၏။

နောက်ဆုံးနေ့ရက်အား အကြိမ်ကြိမ်ရွှေ့ပေးခဲ့ပြီး၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် အပစ်ရပ်အဖွဲ့များအား နည်းလမ်းမျိုးစုံနှင့် ကြိုးစားခဲ့၏။ မရ…။ အပစ်ရပ်အဖွဲ့များက ခေါင်းမာ၍နေကြ၏။ အပစ်ရပ်အဖွဲ့များအတွင်းတွင် UWSA က လက်နက်ကိုင်အင်အား အကြီးမားဆုံး အဖွဲ့အစည်း ဖြစ်၏။ လက်နက်ကိုင် တော်လှန်ရေးတွင် ပထဝီနိုင်ငံရေးအရလည်း UWSA က အရေးပါ၏။

ဤအတွက်ပင် …. လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့မှစ၍ ‘ဝ’ နယ်သို့ ဆန်ရိက္ခာကုန်စည်တင်ပို့မှုအား ဖြတ်တောက်ပစ်လိုက်ပြီး၊ ၃၁ ရက်နေ့အား နောက်ဆုံးရက်အဖြစ် သက်မှတ်ပြီး… ပန်ဆိုင်းရှိ NGO များအားလုံးနှင့် အစိုးရဝန်ထမ်းများအားလုံး၊ ထွက်ခွာခဲ့ရန် နေပြည်တော်က အမိန့်ထုတ်ပြန်ခဲ့၏။ ပြီးလျှင် … တပ်မ (၃၃) (၅၅) (၇၇) (၉၉) တို့အား UWSA ၏ နယ်မြေအတွင်းသို့ ထပ်၍ပို့၏။ တာချီလိတ်တွင် အခြေစိုက်၍ လေတပ်လှုပ်ရှားနိုင်ရေးအတွက်လည်း ပြင်ဆင်၏။

တဖက်မှလည်း တရုတ်ပြည် ယူနန်အုပ်ချုပ်ရေးအဖွဲ့အား သံတမန်ရေးအရ ချဉ်းကပ်ပြီး… UWSA အား ဖိအားပေးရန် အကူအညီ တောင်းခံခဲ့၏။

တရုတ်တို့ကလည်း ပန်ဆိုင်းသို့သွားပြီး ‘ဝ’ တို့အား ဖျောင်းဖျ၏။ မရ….။ UWSA က သူ၏ အခြေခံရပ်ခံချက်မှ ဆုတ်၍မပေးခဲ့…။ ဤတွင် KIO, SSA-N, NDAA (မိုင်းလားအဖွဲ့) တို့ကလည်း UWSA ၏ သဘောထားအတိုင်းပင် မာမာခံခံနှင့် ရပ်ခံလာကြ၏။

ဧပြီလ ၂၂ ရက်နေ့တွင် KIO တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါး ပြောဆိုခဲ့သည့် စကားများက… ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား စိတ်ကသိကအောက်ဖြစ်စေ၏၊ မည်သို့မျှသည်းမခံနိုင်….။

“ဒီ နယ်ခြားစောင့်တပ်ကိစ္စကို အစိုးရက လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင်တော့ သူတို့အတွက်လည်း မကောင်းဘူး၊ ကျနော်တို့အတွက်လည်း မကောင်းဘူး။ ပြည်သူအားလုံးအတွက်လည်း မကောင်းပါဘူး။ အဓိကကတော့ အစိုးရရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ ကျနော်တို့ကတော့ လက်ရှိ တည်ငြိမ်အေးချမ်းနေတဲ့ အနေအထားကို ထိခိုက်စေလိုတဲ့ သဘောမရှိဘူး။ ဆန္ဒလည်း မရှိဘူး…”

ပြီးလျှင်… ‘ဝ’ ခေါင်းဆောင်များကလည်း … “မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို ဝ' ပြည်နယ်အစိုးရ ခွင့်ပြုချက်မရဘဲ ‘ဝ’ နယ်ထဲ ဝင်ရောက်လာပါက မိမိကိုယ်မိမိ ကာကွယ်သည့်မူအရ အသက်ရင်း ခုခံတိုက်ခိုက်သွားမည်” ဟု ပြတ်ပြတ်သားသားပင် တပ်မတော်အား စိန်ခေါ်နေ၏။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးနှင့်ပတ်သက်၍လည်း ‘ဝ’ခေါင်းဆောင်များက … ‘ဝ’ ပြည်သူလူထုကြီးက ထောက်ခံနေသရွေ့ UWSA ဟာ တရားဝင်တည်ရှိနေမှာ ဖြစ်တယ်။ ဘယ်ကော်မရှင်မှာမှ မှတ်ပုံတင်နေစရာ မလိုပါဘူး… ဟူ၍ ဆိုနေကြ၏။ ‘ဝ’ တို့ ရပ်တည်ချက်က အခိုင်အမာပင်…။

ဧပြီလ ၂၂ ရက်နေ့၊ ရက်စွဲနှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ်တပ်ဖွဲ့… ဖွဲ့စည်းရေးတို့အား လက်မခံကြောင်း ငြင်းဆိုသည့်စာကို မွန်ပြည်သစ်ပါတီ NMSP မှ အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံသို့ ပေးပို့လာပြန်၏။

ပြီးလျှင်…. UWSA, KIO, SSA-N နှင့် NDAA အဖွဲ့များမှ ခေါင်းဆောင်များ ပန်ဆန်းတွင် တွေ့ဆုံကြပြီး စစ်ရေးမဟာမိတ် ဖွဲ့ကြ၏။ တဖွဲ့အား တိုက်ခိုက်လာလျှင် …. ကျန်သည့်အဖွဲ့အားလုံးမှ နအဖ အား ပြန်၍တိုက်ခိုက်ရန် သဘောတူညီခဲ့ကြ၏။ အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့များတွင် UWSA, KIO, SSA-N, NDAA နှင့် မွန်ပြည်သစ်ပါတီတို့က လက်နက်ကိုင်အင်အား အတောင့်တင်းဆုံးသောအဖွဲ့များ ဖြစ်၏။ အပစ်ရပ်အဖွဲ့အားလုံးရှိ လက်နက်ကိုင်အင်အား၏ ၈ဝ % မျှ ရှိမည်။ မလွယ်….။

ပေးထားခဲ့သည့် ရာဇသံအတိုင်း …. နယ်ခြားစောင့်တပ် အသွင်မကူးပြောင်းသည့် အပစ်ရပ်အဖွဲ့များအား မတရားအသင်းအဖြစ် ကြေညာပြီး … စစ်ရေးအရ ဆင်နွှဲမည်လား…။ ဒါမှမဟုတ်…. စစ်ရေးအရ ထိုးစစ်ဆင်ခြင်းကို မပြုလုပ်သေးဘဲ… ရှိရင်းစွဲအခြေအနေအတိုင်း ဆက်၍ထိန်းထားပြီး…၊ နောက်တက်လာမည့် အစိုးရနှင့်မှ ဆက်ဆွေးနွေးကြ… ဟူ၍ အပစ်ရပ်များအား ဆက်၍အချိန်ဆွဲထားမည်လား….။

ဤသို့ဆိုလျှင် …. ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်တို့က မည်သို့ သဘောထားပေးကြလေမည်နည်း…။ အပစ်ရပ်အဖွဲ့များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလက၊ ကျိုင်းတုံတွင် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောခဲ့သည်များအား ပြန်၍အမှတ်ရမိ၏။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆုံးဖြတ်ချက်ချရန် ခက်နေ၏။ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ချက်အား ချရမည်။ ၄၈ နာရီသာ ကျန်တော့၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေး၏၊ စဉ်းစား၏၊ ဆုံဖြတ်ချက်ကိုကား… ချ၍မရသေး။


No comments:

Post a Comment