Friday, April 30, 2010

ဖူးကစ်ဆရာမီ ပန်းကန်လုံးစက်ရုံ အလုပ်သမားအခွင့်အရေးတိုက်ပွဲ

သီဟဟိန်း

မဲဆောက်မြို့မှာ အလုပ်သမားအများစုဟာ အထည်ချုပ်စက်ရုံတွေ၊ သိုးမွေးစက်ရုံတွေမှာ လုပ်ကြတာမှန်ပေမယ်လို့ အဲဒီစက်ရုံတွေလိုပဲ တခြားစက်ရုံတွေမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ ရှိပါတယ်။ အဲဒီအထဲကမှ ပန်းကန်လုံး စက်ရုံတခုရဲ့ အလုပ်သမားတိုက်ပွဲအကြောင်းကို တင်ပြချင်ပါတယ်။

မဲဆောက်မြို့မှာ ကျနော်တို့ အလုပ်သမားတွေအတွက် သက်သာဈေးလို့ခေါ်ရင်လည်း မမှားတဲ့ သောကြာဈေး၊ စနေဈေး၊ တနင်္ဂနွေဈေးဆိုပြီး နယ်မြေအလိုက် ညနေဈေးကလေးတွေ ဖွင့်လှစ်ပြီး ဈေးနှုန်းချိုချိုနဲ့ ရောင်းချတာတွေ ရှိပါတယ်။ အခုလက်ရှိမှာတော့ သောကြာနဲ့ စနေဈေးကို တနေရာတည်းမှာ (၂) ရက်ဆက်ပြီး ရောင်းပေးပါတယ်။ အဲဒီဈေးရဲ့ဘေးမှာ ပန်းကန်လုံးစက်ရုံဟု လူသိများတဲ့ စက်ရုံတရုံရှိပါတယ်။ အလုပ်သမားတွေအခေါ် ဖူးကစ်ဆရာမီ ပန်းကန်လုံးစက်ရုံလို့ ခေါ်ပါတယ်။ စက်ရုံရဲ့သူဌေးက တိုင်ဝမ်တရုတ်သူဌေးဖြစ်ပြီး ထိုင်းနိုင်ငံသားတဦးနဲ့ ဖက်စပ်လုပ်ပါတယ်။ စက်ရုံကိုတော့ အဲဒီတရုတ်သူဌေးကပဲ တိုက်ရိုက်အုပ်ချုပ်ပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေး အလုပ်သမားဦးရေ (၁၅၀) ကျော်လောက်ပဲ ရှိပါတယ်။

စက်ရုံရဲ့လုပ်ငန်းခွင်အဆင့်ဆင့်ကို အနည်းငယ် ပြောပြချင်ပါတယ်။ အပြားအထူ လက် (၄) လုံးလောက်ရှိပြီး ထမင်းစား၊ စားပွဲဝိုင်းနီးပါးလောက်ကျယ်တဲ့ ဓာတုဗေဒဆေးစပ်ပြီးသား ရွှံ့အပြားကြီးတွေကို စက်နဲ့ အရည်ဖျော်ရပါတယ်။ အရည်ဖျော်ထားတဲ့ ရွှံ့ရည်တွေကို ပိုက်နဲ့သွယ်ပြီး မိုလို့ခေါ်တဲ့ ပုံစံခွက်ထဲကို လောင်းထည့်ရပါတယ်။ အရုပ်တရုပ်အတွက် ပုံစံခွက်နှစ်ခြမ်းလောင်းရပါတယ်။ အဲဒီလိုလောင်းပြီးသား နှစ်ခြမ်းကို ပြန်ဆက်ရပါတယ်။ ပိုနေတဲ့ အစတွေကို လှီးထုတ်ရပါတယ်။ ရေဆေးရပါတယ်။ အလုပ်သမားတွေကတော့ ရေချိုးတယ်လို့ ခေါ်ပါတယ်။ ပြီးရင် မီးအကြမ်းဖုတ်ရပါတယ်။ မီးဖုတ်တဲ့နေရာမှာ ဂက်စ်ကို အသုံးပြုပါတယ်။ မီးဖိုပေါ်မှာ စင်တွေနဲ့ ဖုတ်ရပါတယ်။ အကြမ်းမီးဖုတ်ပြီးသားတွေကို အချောပြန်ဆေးရပါသေးတယ်။ ပြီးရင် ဖိုကြီးနဲ့ ပြန်ဖုတ်ရပါတယ်။ ဖိုကြီးဆိုတာက အရုပ်တွေအများကြီး ထည့်ဖုတ်နိုင်တဲ့ မီးဖိုကြီးပါ။ ဖိုကြီးနဲ့ ဖုတ်ပြီးသားတွေကို ကြွေရည်စိမ်၊ ဆေးခြယ်၊ စတစ်ကာကပ်ရပါတယ်။ ပြီးရင် မီးပြန်ဖုတ်ရပါသေးတယ်။ မီးဖုတ်ပြီးသားတွေကို QC (Quality Control) စစ်ပြီးရင် နောက်ဆုံးအဆင့် ပါကင်ထုပ်ရပါတယ်။

အဲဒီလိုလုပ်ငန်းတွေ အဆင့်ဆင့်ရှိသလို အလုပ်သမားတွေရဲ့ လုပ်အားခတွေကလည်း မတူကြပါဘူး။ အားလုံးကတော့ နေ့စားအလုပ်သမားတွေပဲ ဖြစ်ကြပါတယ်။ မီးဖုတ်တဲ့နေရာက အလုပ်သမားတွေကို တနေ့ ဘတ် (၈၀)၊ (၉၀) အထိ ပေးထားပေမယ့် ကျန်တဲ့နေရာတွေက အလုပ်သမားအများစုကတော့ တနေ့ကို ဘတ် (၅၀)၊ (၆၀) လောက်ပဲရကြပါတယ်။ မီးဖုတ်သမားတွေက သူများတွေထက် ပိုရကြပေမယ့် အလုပ်မှာ တာဝန်ခံရပါတယ်။ ပျက်ရင် လျော်ပေးရပါတယ်။ သူ့နေရာနဲ့သူ အလုပ်သမားတွေကို အုပ်ချုပ်ရတဲ့ ၀ဏ္ဏတွေရှိကြပါတယ်။ ၀ဏ္ဏတွေကိုတော့ တနေ့ဘတ် (၁၀၀) ပေးထားပါတယ်။

အလုပ်ချိန်ကတော့ တနေ့ကို (၈) နာရီ အလုပ်လုပ်ရပါတယ်။ မနက် (၈) နာရီကနေ နေ့လယ် (၁၂) နာရီ၊ နေ့လယ် (၁) နာရီ ကနေ ညနေ (၅) နာရီထိ။ အဲဒီ (၈) နာရီထက်ကျော်သွားရင် အချိန်ပိုကြေး တနာရီကို (၇) ဘတ်နှုန်း ပေးထားပါတယ်။ ရွှံ့ဖျော်ရတဲ့ အလုပ်သမားတွေနဲ့ မီးထိုးအလုပ်သမားတွေ အလုပ်ချိန်မမှန်ကြပါဘူး။ အလုပ်အရေးကြီးရင် ကြီးသလို မနက် (၆) နာရီကနေ အလုပ်စ၀င်ရတာရှိသလို ညနေ (၃) နာရီတို့ ည (၁၂) နာရီတို့ အချိန်မတော် အလုပ်ဆင်းရတာတွေလည်း ရှိပါတယ်။ အလုပ်သမားအားလုံးလိုလိုကတော့ အလုပ်အရေးကြီးရင် နေ့ရော ညပါဆင်းရပြီး အလုပ်ချိန် (၈) နာရီထက်ကျော်ရင်တော့ ပိုသွားတဲ့ နာရီတွေကို အချိန်ပိုကြေး တနာရီ (၇) ဘတ်နှုန်းနဲ့ ရကြကြောင်း သိရပါတယ်။

၂၀၀၂ ခုနှစ်က အလုပ်စ၀င်ခဲ့တဲ့ အလုပ်သမတယောက်ကတော့ သူ အလုပ်စ၀င်တုန်းက တနေ့ကို (၄၅) ဘတ်ရကြောင်း၊ (၃) လလောက်လုပ်ပြီးတဲ့အခါမှာ (၅) ဘတ်တိုးပေးကြောင်း၊ ၂၀၀၆ ခုနှစ် စက်ရုံပြဿနာတက်တဲ့အချိန်မှာ (၆၃) ဘတ်သာ ရရှိကြောင်း ပြောပါတယ်။

အလုပ်သမားတွေ နေဖို့ စက်ရုံက လိုင်းခန်းတွေ ထားပေးထားပါတယ်။ လိုင်းခန်းခ မပေးရပေမယ့် ရေဖိုး၊ မီးဖိုး ဖြတ်ပါတယ်။ တလကို ရေဖိုး၊ မီးဖိုး (၁၀၀) ကျော်လောက် ပေးရပါတယ်။ တချို့မိသားစုတွေမှာ ညီအစ်ကိုမောင်နှမတွေ၊ သားသမီး၊ မိဘတွေ လာနေတာမျိုး ရှိပါတယ်။ အဲဒီလို စက်ရုံဝန်ထမ်းမဟုတ်တဲ့ မိသားစုဝင်တွေ လာနေတယ်ဆိုရင် အဲဒီအတွက် တယောက်ကို အိမ်လခအဖြစ် ဘတ် (၂၀၀) ပေးရပါတယ်။

အဲဒီလို အလွန်နည်းတဲ့ လုပ်အားခတွေနဲ့ အလုပ်လုပ်လာခဲ့ကြရာက ၂၀၀၆ ခုနှစ်မှာ အလုပ်ရှင်-အလုပ်သမားပြဿနာ ဖြစ်ပါတယ်။ စဖြစ်ပုံကတော့ စက်ရုံက အလုပ်သမားတဦးဖြစ်တဲ့ ကိုထွန်းအောင်ဆိုသူကို အလုပ်ချိန် (၈) နာရီကျော်လို့ အလုပ်နားနေတဲ့အချိန်မှာ အလုပ်ခေါ်ခိုင်းပါတယ်။ ကိုထွန်းအောင်ကလည်း သူ အရမ်းပင်ပန်းနေပြီဖြစ်လို့ မဆင်းနိုင်တော့တဲ့ အကြောင်း၊ အနားယူချင်တဲ့အကြောင်း ပြောရာက အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်ပြီး အလုပ်ထုတ်လိုက်ပါတယ်။

အဲဒီနောက်နေ့မှာတော့ နဂိုကတည်းကမှ လုပ်အားခနည်းလို့ မကျေမနပ်ဖြစ်နေကြတဲ့ အလုပ်သမားတွေဟာ လုပ်အားခ တိုးတောင်းကြပါတော့တယ်။ သူတို့တောင်းတဲ့ လုပ်အားခတွေကလည်း ထိုင်းနိုင်ငံမှာ တရားဝင်ပြဋ္ဌာန်းထားတဲ့ ရပိုင်ခွင့်တွေအတိုင်း တောင်းဆိုကြတာမဟုတ်ပါဘူး။ လုပ်အားခတိုးပေးဖို့၊ ဘယ်လောက်ပဲဖြစ်ဖြစ် တိုးပေးဖို့၊ ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ စားဝတ်နေရေး အဆင်မပြေကြလို့ တိုးတောင်းကြတာပါ။

အလုပ်သမားတယောက်ရဲ့ ပြောပြချက်အရဆိုရင် “အဲဒီအချိန်မှာ သူဌေးက (၁၀) ဘတ်လောက် တိုးပေးလိုက်ရင်တောင် ကျနော်တို့ကျေနပ်ပါတယ်” လို့ ပြောပါတယ်။ အခုတော့ သူဌေးက လုပ်အားခလည်း တိုးမပေးနိုင်ဘူး၊ တိုင်ချင်တဲ့နေရာ သွားတိုင်လို့ ပြောလွှတ်လိုက်ပါတယ်။

အလုပ်သမားတွေလည်း မကျေနပ်တဲ့အတွက် ဆ၀ါဒီကန်ရုံးမှာ သွားတိုင်ကြပါတယ်။ အားလုံး (၅၂) ယောက်ပါ။ ဆ၀ါဒီကန်ရုံးက အလုပ်ရှင်သူဌေးနဲ့ ခေါ်ပြီး ညှိနှိုင်းပေးလိုက်ပါတယ်။ အလုပ်သမားတယောက်ကို တနေ့ အဲဒီအချိန်က တာ့ခရိုင် မဲဆောက်မြို့ အလုပ်သမားတယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ (၁၄၃) ဘတ် ပေးရန်၊ အချိန်ပိုဆင်းရပါက တနာရီကို (၂၅) ဘတ်နှုန်းနဲ့ ရှင်းပေးရန် ဆုံးဖြတ်ပေးလိုက်ပါတယ်။ သူဌေးရော အလုပ်သမားတွေပါ စာချုပ်မှာ လက်မှတ်ထိုးရပါတယ်။ အလုပ်သမားဥပဒေအရ သူဌေးက အလုပ်မပေးနိုင်ရင်လည်း လုပ်အားခရဲ့တ၀က် ရရှိရမှာဖြစ်ပါတယ်။ တနင်္ဂနွေဆို လုပ်အားခရဲ့နှစ်ဆ အလုပ်ရှင်က ပေးရမှာပါ။ အလုပ်သမားတွေလည်း ဆ၀ါဒီကန်ရဲ့ အဆုံးအဖြတ်ကို လက်ခံပြီး ပြန်လာခဲ့ကြပါတယ်။

စက်ရုံတော်တော်များများ (အားလုံးလိုလို) ရဲ့အတွေ့အကြုံအရ အဲဒီလိုပြဿနာဖြစ်ပြီး အလုပ်သမားရဲ့ လုပ်အားခ အပြည့်အ၀ ပေးရပြီဆိုရင် လုပ်ငန်းရှင်တွေဘက်က နည်းလမ်းပေါင်းစုံနဲ့ ညစ်ပတ်တော့တာပါပဲ။ အခုလည်း ဒီပန်းကန်လုံး စက်ရုံအလုပ်သမားတွေကို ဆ၀ါဒီကန်က လုပ်အားခ အပြည့်အ၀ပေးဖို့ ဆုံးဖြတ်ပေမယ့် အပြည့်အ၀တော့ ပေးပါတယ်။ ဒါပေမယ့် သူဌေးက ညစ်ပတ်လာပါတယ်။ အချိန်မတော် အလုပ်ဆင်းခိုင်းတယ်။ ဥပမာ- ညဘက်အချိန်မတော်မှာ အလုပ်သမားအားလုံး ဆင်းရတာမဟုတ်ဘဲ မိန်းကလေးတွေချည်း ဆင်းခိုင်းတယ်၊ တယောက်နှစ်ယောက်ပဲ ဆင်းခိုင်းတယ်။ စက်ရုံထဲကို အလုပ်ဆင်းရတာကလည်း အခါတိုင်းဆို အလုပ်သမားတွေနေတဲ့ တန်းလျားနဲ့ စက်ရုံကပ်နေတဲ့ အပေါက်ကနေ ၀င်လို့ရတယ်။ အခုတော့ စက်ရုံဝင်ပေါက်ကြီးကနေ ပတ်ပြီး ၀င်ခိုင်းတယ်။ ၀င်ပေါက်ကြီးကို ရောက်ဖို့အတွက် အဝေးပြေးလမ်းမကြီးကနေ ပတ်သွားရပါတယ်။

ညဘက်ဆို အန္တရာယ်ရှိပါတယ်။ တခါတလေ ရဲတွေ လိုက်လို့ ပြေးရတယ်။ နောက်ဆုံးတော့ အလုပ်သမားတွေနေတဲ့ တန်းလျားကိုပါ ရဲတွေ၊ တောမောလို့ခေါ်တဲ့ လ၀ကတွေနဲ့ စစ်တပ်တွေ ၀ိုင်းပြီး အလုပ်သမားတွေကို အလုပ်ကောင်းကောင်း လုပ်ကြ၊ ဘာညာနဲ့ အမျိုးမျိုး ခြိမ်းခြောက်သွားတာတွေရှိတဲ့အတွက် အလုပ်သမားတွေ ကြောက်လာကြပါတယ်။ ညဘက် အလုပ်မဆင်းဖို့ သူဌေးဆီမှာ တောင်းဆိုတော့လည်း သူဌေးက မလိုက်လျောနိုင်ဘူး။ ဆင်းချင်ဆင်း၊ မဆင်းချင်နေဆိုတာနဲ့ အလုပ်သမားတွေလည်း အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရုံးမှာ သွားအကူအညီ တောင်းပြီး အမှုဖွင့်ရပါတော့တယ်။

တနေ့ကို (၁၄၃) ဘတ်နဲ့ ရက်ပေါင်း (၂၀) လောက်ပဲ အလုပ်ဆင်းလိုက်ရပါတယ်။ ရောင်ခြည်ဦးနဲ့ မက်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ပဲ ဆ၀ါဒီကန်ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ အသုတ်လိုက်ခွဲပြီး ဆ၀ါဒီကန်မှာ အလုပ်သမားရပိုင်ခွင့်တွေ ဖောင်ဖြည့်ကြရတယ်။ အဲဒီလို ဆ၀ါဒီကန်ရုံးမှာ ဖောင်ဖြည့်နေတုန်း အဖမ်းခံလိုက်ရတဲ့ အလုပ်သမားတယောက်အကြောင်းကို အတူတူလုပ်ခဲ့တဲ့ အလုပ်သမတဦးက အခုလိုပြောပြပါတယ်။

“အဲဒီအလုပ်သမားက ဘတ် (အလုပ်သမားလက်မှတ်) မရှိပါဘူး။ သူက ဆ၀ါဒီကန်ရုံးထဲမှာ သူများတွေလိုပဲ ဖောင်ဖြည့်ဖို့ သွားတာပါ။ အဲဒီအချိန်မှာ မော်တော်ပီကယ် (ယဉ်ထိန်းရဲ) ၀တ်စုံနဲ့ ရဲတယောက်က ၀င်လာပြီး မင်းကို ဖမ်းမှာ မကြောက်ဖူးလားလို့ မေးတယ်။ အဖမ်းခံရတဲ့သူကလည်း ခင်ဗျားက မော်တော်ပီကယ်ဖြစ်တဲ့အတွက် ကျနော့်ကို ဖမ်းမှာမဟုတ်လို့ မကြောက်ပါဘူးလို့ ပြန်ပြောတယ်။ အဲလိုပြန်ပြောပြီး ဖမ်းသွားတာပါပဲ။ နှစ်ထပ်ချုပ်ကို ရောက်သွားတယ်။ အဲဒီမှာ တညအိပ်ပြီး တောမောရုံးကို ပို့လိုက်တယ်။ တောမောရုံးကမှ ဟိုဘက်ကမ်းကို သွန်မှာလေ” လို့ ပြောပြပါတယ်။

တောမောရုံး (လူဝင်မှုကြီးကြပ်ရေး) က ဖမ်းမိတဲ့ အလုပ်သမားတွေကို မြန်မာပြည်ဘက်ခြမ်းကို သွန်မယ့် သတင်းကြားတဲ့ အချိန်မှာ စက်ရုံက လူတွေကော အကူအညီပေးနေတဲ့ အဖွဲ့က လူတွေကော လိုက်ကြပါတယ်။ အဖမ်းခံရသူကိုလည်း သွန်မယ့် ကားပေါ်မှာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီလူဟာ မြန်မာပြည်ဘက်ခြမ်းမှာလည်း စုံစမ်းလို့မရဘူး။ ဒီဘက်မှာလည်း မရှိတော့ပါဘူး။ နောက်ပိုင်းမှာမှ မြန်မာသတင်းစာနဲ့ ပြည်ပသတင်းဌာနတွေမှာ အဲဒီလူကို ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချလိုက်တဲ့အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

သူနဲ့အတူလုပ်ခဲ့တဲ့ သူ့သူငယ်ချင်းတယောက်ကတော့ “အဲဒီလိုဖြစ်ရတာ ကျနော်တို့သူဌေး ယုတ်မာလို့ပါ။ သူက အလုပ်သမား တယောက်ပါ။ ဘာနိုင်ငံရေးမှလည်း မသိဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိပါဘူး။ ရိုးရိုးသားသား အလုပ်လုပ်စား နေတာပါ” လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အလုပ်သမားတွေဟာ မဲဆောက်ပဲဖြစ်ဖြစ်၊ ဘန်ကောက်ပဲဖြစ်ဖြစ် အဖမ်းခံရလို့ မြန်မာပြည်ဘက်ကို သွန်လိုက်တယ်ဆိုရင် နည်းအမျိုးမျိုးနဲ့ မဲဆောက်ဘက်ကို ပြန်ရောက်လာကြတာပါပဲ။

အဲဒီလို အလုပ်သမားတယောက် အဖမ်းခံလိုက်ရပေမယ့် ကျန်တဲ့သူတွေ အမှုဆက်တိုင်နိုင်ခဲ့ပါတယ်။ ဆ၀ါဒီကန်ကတဆင့် တရားရုံးအထိ ဆက်တက်ရပါတယ်။ အဲဒီကြားကာလတွေမှာ အမှုတိုင်ထားတဲ့ လူ (၅၀) ကျော်ရဲ့ဘ၀တွေကလည်း ကြမ်းတမ်းပါတယ်။ အရုပ်တွေကို ဆေးခြယ်တဲ့အလုပ် လုပ်ကြရပါတယ်။ ဒါပေမယ့် သူတို့အလုပ်လုပ်တဲ့ နေရာတိုင်းကို ရဲတွေက အမြဲတမ်း စောင့်ကြည့်တာ ခံရပါတယ်။ အဲဒီလိုနဲ့ အဲဒီဆေးခြယ်တဲ့ လုပ်ငန်းကိုပဲ နေရာတွေပြောင်းပြီး လုပ်လာခဲ့ကြတာ နောက်ဆုံးတော့ အားလုံးအဖမ်းခံလိုက်ရပါတယ်။ ထောင် (၁၂) ရက်စီ ကျသွားပါတယ်။ ထောင်ထဲမှာလည်း သူတို့အထဲက ခေါင်းဆောင်လို့ ယူဆသူတွေရဲ့ အမည်ကိုမေးကြောင်း၊ ဓာတ်ပုံတွေထုတ်ပြကြောင်း၊ ဓာတ်ပုံတွေက ကော်ပီကူးထားတာတွေဆိုတော့ သဲသဲကွဲကွဲ မမြင်ရလို့ တော်သေးကြောင်း၊ အခြားအဖမ်းခံရသူတွေနဲ့ ရောနေရကြောင်း ထောင်ကျခဲ့သူက ပြန်ပြောပြပါတယ်။

သူတို့ ထောင်ကလွတ်လာပြီး မဲဆောက်ရောက်မှ အကြောင်းစုံကို သိကြရတော့တယ်။ သူတို့ အလုပ်လုပ်ခဲ့တဲ့ ပန်းကန်လုံးစက်ရုံသူဌေးနဲ့ ဆေးခြယ်အလုပ်ပေးတဲ့ သူဌေးနဲ့ အဆက်အသွယ်ရှိကြောင်း၊ အဲဒါကြောင့် အမျိုးမျိုး လိုက်နှောင့်ယှက်နေတာဖြစ်ကြောင်း သိရတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ရောင်ခြည်ဦးနဲ့ မက်ဖောင်ဒေးရှင်းတို့ရဲ့ အကူအညီနဲ့ အထက်ပါ ပန်းကန်လုံးစက်ရုံ အလုပ်သမား (၅၀) ကျော်ဟာ နစ်နာကြေး (လျော်ကြေး) ရရှိခဲ့ကြပါတယ်။ စက်ရုံမှာ (၅) နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ အလုပ်သမတဦးကတော့ “ကျမတို့ရတဲ့ လျော်ကြေးက (၅) ရာခိုင်နှုန်းလို့ ပြောပါတယ်။ ကျမက ဘတ် (၈,၀၀၀) လောက် ရပါတယ်။ ရှေ့နေခ တယောက်ကို ဘတ် (၅၀၀) စီ ပေးရပါတယ်။ အဲဒါကလည်း အရင်ကတည်းက ပြောထားတာပါ။ ပေးပါတယ်။ ကျမတို့ အခုလို သူဌေးကို အမှုနိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

(၅) ရာခိုင်နှုန်းဆိုတာကတော့ အလုပ်သမားတယောက်က အလုပ်ရှင်ထံမှာ အလုပ်သမားဥပဒေအရ ရစရာရှိတဲ့ နစ်နာကြေးငွေဟာ ဘတ် (၁၀၀) ဆိုရင် (၅) ဘတ်ပဲ ရတာဖြစ်ပါတယ်။ ပန်းကန်လုံးစက်ရုံဆိုတာ မဲဆောက်မှာ များများစားစား မရှိတဲ့အတွက် သိုးမွေးတို့ အထည်ချုပ်တို့က အလုပ်သမားတွေလို အလုပ်ပြန်ရှာရတာ မလွယ်ပါဘူး။ အဲဒီတော့ အခုအချိန်မှာ ပန်းကန်လုံးစက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားတိုက်ပွဲမှာ (၅) ရာခိုင်နှုန်း ရခဲ့ကြပေမယ့် ဘ၀တိုက်ပွဲတွေကိုတော့ ဈေးရောင်းတဲ့သူ ရောင်း၊ မြန်မာပြည်ပြန်တဲ့သူ ပြန်၊ တချို့လည်း စက်ချုပ်သင်ပြီး အထည်ချုပ်စက်ရုံဝင်လုပ်၊ သိုးမွေးစက်ဆွဲ သင်ပြီး သိုးမွေးစက်ရုံဝင်လုပ်ကြရင်း ဆက်လက်ဆင်နွှဲနေကြရပါတယ်။ ။

No comments:

Post a Comment