Thursday, April 29, 2010

တိုက်ဆိုင်လှတဲ့ ပေါက်ကွဲမှုတွေ

ရဲဘော်ဖိုးသံချောင်း

နအဖရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာပြည်နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ်လို့ တွက်ခဲ့ကြ၊
တွက်ထားကြသူတွေ မနည်းပါဘူး။ အခုတော့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ မြန်လည်းမြန်၊ ပုံသဏ္ဌာန်တွေလည်း
စုံ၊ စိတ်ဝင်စားစရာကောင်းလှပါတယ်။

နအဖဟာ နယ်စပ်တွေကို ဖိအားပေးနေတုန်း ရန်ကုန်မြို့လယ်ခေါင်မှာ ဗုံးတွေကွဲ
ပါတယ်။ မြန်မာပြည်ရဲ့ အရှေ့ဖျားဆုံး တရုတ်-မြန်မာ၊ ထိုင်း-မြန်မာနယ်စပ်တွေကို တပ်တွေပို့နေတုန်း အနောက်ဖျားက ရခိုင်ပြည်နယ်မှာ ဗုံးတွေကွဲပြန်ပါတယ်။ ဒီဗုံးကွဲမှုတွေရဲ့ အနှံ့အပြားဖြစ်မှုနဲ့ အရေအတွက်ဟာ သိပ်ထူးခြားနေပါတယ်။ အချိန်
ကာလအရပြောရရင်လည်း မြန်မာပြည်နိုင်ငံရေးရဲ့ တကယ့်အကွေ့အချိုးကာလ၊ အရေးကြီးကာလဖြစ်နေပါတယ်။

နောက်ထူးခြားတာတချက်က ဘယ်မှာမှ လက်သည်မပေါ်၊ သဲလွန်စလေးတောင်မှ မရတာပါ။ နအဖရဲ့ အုပ်ချုပ်ရေး
ယန္တရားနဲ့ ထောက်လှမ်းရေးအဖွဲ့မျိုးစုံတို့ဟာ ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေကြလို့လား၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နဲ့ အပစ်ရပ်အဖွဲ့တွေအပေါ် ဆင်နွှဲတော့မယ့် နောက်ဆုံးနှိပ်ကွပ်ပွဲကြီးအတွက် အသားကုန်လုံးပန်းနေကြလို့လား။
ဘာကြောင့်ပဲဖြစ်ဖြစ် နအဖအစိုးရ အုပ်စိုးမှုယန္တရားရဲ့ ယိုပေါက် ဟာကွက်တွေကို အထင်အရှားမြင်တွေ့နေရတာကတော့
အမှန်ပါပဲ။ လာမယ့်ရွေးကောက်ပွဲအမီ နအဖကို အပြတ်ဖားနေကြရတဲ့ “ဆောင်းပါးရှင်” ဆိုသူတွေမှာတော့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘယ်လို တွယ်ရမယ်မှန်းမသိဖြစ်နေပြီး အသားလွတ် ရမ်းသမ်းချနေရတဲ့အခြေအနေ
ဆိုက်နေပါတယ်။

တချို့ကတော့လည်း “သူခိုးလိမ္မာမျက်နှာကြီးမို့” လက်သည်မပေါ်တာ၊ ရဲတွေက တက်တက်ကြွကြွ မရှာဖွေတာလို့ ပြောနေကြပါတယ်။ ဘာမဆိုဖြစ်နိုင်တဲ့ အနေအထားမို့ ဒါလည်း စဉ်းစားစရာအဖြစ် သတ်မှတ်သင့်ပါတယ်။

တကယ်တော့ နအဖကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ အချင်းချင်းတွယ်ကြတာပဲဖြစ်ဖြစ်၊ ပြည်သူလူထုကို ထိခိုက်သေကျေ
စေတဲ့အထိ ဖြစ်တာကတော့ မကောင်းတာအမှန်ပါပဲ။ ဒါမျိုးကို တော်လှန်ရေးမဆန်တဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်ရမှာပါ။ အားမပေးသင့်ပါဘူး။

ဒါပေမယ့် ရက်စက်ရှည်ကြာတဲ့ အုပ်စိုးမှုတခုကို မခံနိုင်လွန်းလို့ ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်တဲ့လူတွေကိုတော့ နားလည်ဖို့ လိုပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ အမျိုးသားတော်လှန်ရေး၊ လူတန်းစားတော်လှန်ရေး စတာတွေ ဖြစ်လာတယ်ဆိုရင်၊ အထူးသဖြင့် အစပိုင်းမှာ ဒီလိုပဲ တဦးချင်းစွန့်စား လုပ်ကြတဲ့၊ မဆိုင်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ပေါ်လာလေ့ရှိကြတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ အယူအဆ မကြည်လင်တာကြောင့်မို့ မင်းလောင်းပုံစံနဲ့ အင်္ဂလိပ်ကို ထ’ချကြတာကို မြန်မာပြည်ရဲ့ မဝေးလှတဲ့ သမိုင်းမှာ လှမ်းတွေ့နိုင်ပါတယ်။ ကျေးလက်တွေမှာ ဓားပြဂိုဏ်းလိုလို၊ သူပုန်အဖွဲ့လိုလိုဆိုတာတွေကလည်း ဒီသဘောပါပဲ။ မြန်မာပြည်က ‘ရော်ဘင်ဟု’ တွေဟာ ခေတ်မီနိုင်ငံရေး အတွေးအခေါ် မတပ်ဆင်နိုင်တဲ့ လယ်သမား သူပုန်တွေသာ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေမှာ လွန်ကျွံတယ်လို့ ထင်မြင်စရာရှိတာ၊ မဆိုင်သူကို ထိခိုက်တာတွေ ပါလာတတ်ပါတယ်။ နိုင်ငံရေးအားနည်းသေးလို့သာ ဖြစ်ပါတယ်။

ရုရှနိုင်ငံမှာ ဘော်ရှီဗစ်တွေရဲ့ တော်လှန်ရေးမတိုင်မီ အနားခစ္စလို့ခေါ်တဲ့ လုပ်ကြံရေးဂိုဏ်းက အရင်ပေါ်လာတာပါ။ လီနင်ရဲ့အစ်ကိုကိုယ်တိုင် အဲဒီအထဲမှာပါခဲ့ပြီး ဖမ်းမိလို့ ကွပ်မျက်တာလည်း ခံခဲ့ရပါတယ်။

မြန်မာပြည်မှာတော့ ၁၃၀၀ ပြည့် အရေးတော်ပုံနောက်ပိုင်းမှာကိုပဲ နဂါးနက်ဂိုဏ်းဆိုတာ ပေါ်ခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ ပေါ်ကာစတုန်းက လုပ်ကြံရေးဂိုဏ်းတမျိုးသာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဂိုဏ်းသားတွေဟာ နောက်ပိုင်းမှာ တော်လှန်တဲ့ အတွေးအခေါ်တွေ၊ အသိတွေနဲ့ ပေါင်းစပ်မိတော့ ရာသက်ပန်တော်လှန်ရေးသမားတွေဖြစ်လာပြီး တော်လှန်ရေးထဲမှာပဲ ကျဆုံးသွားကြပါတယ်။ အလားတူပဲ လက်နက်ကိုင်တော်လှန်ရေး ထဲကို ပြောင်းလဲပါဝင်လာကြတဲ့ ဓားပြတွေ၊ ‘ရော်ဘင်ဟု’ တွေ အများကြီးရှိခဲ့ပါတယ်။ ဒီနေ့လို တိုင်းပြည်ရဲ့ စီးပွားရေးက အောက်ဆုံးရောက်နေ၊ ကြံ့ဖွံ့လို နအဖရဲ့ လူမိုက်တွေက နေရာတကာမှာ ရမ်းကားအနိုင်ကျင့်နေ၊ ဒီကြားထဲမှာ နအဖရဲ့ ဒီမိုကရေစီကြောင့် မှန်ကန်တဲ့နိုင်ငံရေး အတွေးအခေါ်တွေကို ဖြန့်ချိခွင့်မရဖြစ်နေတဲ့ အခြေအနေမှာ နည်းမျိုးပေါင်းစုံသော ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာတာဟာ သဘာဝကျတယ်လို့ပဲ ဆိုရမှာပါ။

ဒီလိုနာကြည်းပေါက်ကွဲမှုတွေကို နည်းမှန်လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ဟာ အင်မတန်မှအရေးကြီးတယ်ဆိုတာကို အထူးပြောနေစရာမလိုပါဘူး။ သူတို့လုပ်တဲ့နည်းဟာ မအောင်မြင်နိုင်ဘူး၊ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်စေ နိုင်တယ်ဆိုတာတွေ ထောက်ပြရပါမယ်။ နအဖကို ရွံမုန်းနာကြည်းတယ်၊ ဖြုတ်ချရမယ်ဆိုတဲ့ သာမန်စဉ်းစားတွေးခေါ်နည်းလောက်နဲ့ မလုံလောက်တော့ဘူးဆိုတာ ရှင်းနေပါတယ်။ မှန်ကန်တဲ့အတွေးအခေါ်ကို လူထုဆီ ပို့ဖို့ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့မှာ မလွယ်လှပါဘူး။ အထူးသဖြင့် မြန်မာပြည်လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကျေးလက်လူထုဆီကို ပို့ဖို့ဖြစ်ပါတယ်။

တကယ်က ဒီအရေးတော်ပုံမှာ လယ်သမားတွေပါလာဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ သူတို့ပါလာမှ ပွဲက
ပြတ်မှာပါ။ ဒါပေမယ့် ဒီနေ့အခြေအနေမှာ လယ်သမားတွေကို စည်းရုံးဖို့ဆိုတာ တယ်လွယ်လှတာ မဟုတ်ပါဘူး။ သူတို့ဆီကို
ကားစီးသွား ပြောချင်တာပြော၊ တောထမင်း တောဟင်းစားပြီး ပြန်လာရုံနဲ့ မရပါဘူး။ အချိန်ယူလုပ်ရမယ့်အလုပ်ဖြစ်
ပါတယ်။ သူတို့အကြားမှာ အကြာကြီးနေလို့ရအောင် ဘယ်လိုလုပ်မလဲ။ ရအဖတွေ၊ ကြံ့ဖွံ့တွေမသိအောင် ဘယ်လို
ဝပ်မလဲ စတဲ့လက်တွေ့ပြဿနာတွေကို ဖြေရှင်းရပါမယ်။ မြို့ပြနဲ့ ကျေးလက်ပေါင်းစည်းတဲ့ လှုပ်ရှားမှုတွေ ဘယ်လိုဖော်
ထုတ်မလဲ စဉ်းစာအဖြေရှာကြရပါမယ်။ ဒါဆိုရင် တိုက်ပွဲခွင်လည်းကျယ်လာ၊ နည်းသဏ္ဌာန်တွေလည်းစုံလာ၊ လူထုထောက်ခံမှုလည်း ပိုရလာမှာ ဖြစ်ပါတယ်။

နောက်ပြီး လယ်သမားသားသမီးအများစုဖြစ်တဲ့ သံဃာတွေ၊ စစ်သားတွေရဲ့အသည်းနှလုံးကိုလည်း ဖမ်းစားနိုင်မှာဖြစ်
ပါတယ်။


No comments:

Post a Comment