Sunday, May 2, 2010

နဂါး ဒေါ်ဦး ၏ ဘ၀ စာမျက်နှာများ

ဘိုဘိုလန်းစင်

(၁)
ကျနော့်စိတ်ထဲတွင် စွဲကျန်နေသော မေမေဦး၏ ပုံရိပ်သွင်မှာ ဆရာ ဦးငွေကိုင် ဆွဲသည့် ဆီဆေး ကားလေးထဲမှ စပို့ရှပ် စိမ်းပြာ ရောင်ဝတ် ဆံလှိုင်းတွန့် အမောက်ဖွာထားသော ၁၉၅၀ ကျော် ဖက်ရှင်နှင့် ပြုံးလဲ့လဲ့အမျိုးသမီး တယောက်သာ ဖြစ်သည်။

ထိုရုပ်ပုံရှင် ဘွားကြီးတော်ဟု မြေးတသိုက်က ခေါ်စမှတ် ပြုသည့် အမေဦး ရာပြည့်ချိန် ရောက်လာပြီဆိုတော့ အဘေး ဖိုးထင် နှစ် တရာပြည့်ပြက္ခဒိန်အဟောင်းလေး နောက်ကျောတွင် မှတ်ထားခဲ့သော မဦး ၂၇.၄.၁၉၁၀ နေ့မွေးဆိုသည့် မင်နီစာကြောင်းလေး ကိုပဲ ပြန်မြင်မိတော့၏။

ရန်ကုန်မြို့  ဆင်းဒဝစ်လမ်းတိုက်ခန်းတွင် တွေ့စဉ် အန်ကယ် ထားဝယ် ဦးသန်းဆွေက“အမေဦးအကြောင်း ဘိုဘိုရေးပါလား”ဟု တိုက်တွန်းဖူးသော်လည်း တကယ်တမ်းဘာမှ မှတ်မှတ်သားသား မေးမြန်းမထားလိုက်ရသောကြောင့် ကလောင်တို့ဖို့ သတ္တိမရှိ လှပါ။ အဘွားရှိစဉ်က သူ့အစ်မ အကြောင်းပြောဖူးရေးခဲ့သမျှ၊ တခုသော နွေရာသီ မေမြို့ ၌ နဂါးဦးထွန်းချွန်တူ၊ ကျနော့်အဘိုးလေး မန္တလေးယူနီဗာစီတီကောလိပ် သမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးမောင်လေးတို့နှင့် ဆုံခိုက် မှတ်သားခဲ့သမျှ၊ ဟိုဟိုဒီဒီဖတ်မှတ်ဖူးသမျှနှင့်သာ စာဖွဲ့ရပါမည်။ လက်ဝဲမိသားစုဟု သတ်မှတ်ခံရသောအမျိုးတသိုက်ကြားတွင် တဘာသာထူးသော ဘာသာရေးအလှူအတန်းနှင့် နတ်ကနားအပေးသန် ပွဲကြိုက်သော ရွှေမန်းသင်္ကြန်၏ ထီးချက်စောင့် အမေဦးအကြောင်း။

တကယ်တမ်း မနေ့တနေ့ကဟု ထင်ထားခဲ့သည့် ရေနန်းသူဇာ နဂါးမယ် သင်္ကြန်မဏ္ဍပ်ခေတ် မရှိတော့သလို မန္တလေးမြို့ ထဲ အောင်ဆန်းလမ်း အာဇာနည်လမ်း စသောကျောက်လမ်းမကြီးများပေါ်က သင်္ကြန်သည်ပင် ပျောက်ကွယ်ခဲ့ပီး ကျုံးဘေးက ကြော်ငြာရေပက်ပွဲ၊ စတိတ်ရှိုးသင်္ကြန်၊ တောင်ပြုံးသင်္ကြန်သာ မန်းဟန်ပျက်လျက် ကျန်ခဲ့ပြီပဲ။ သို့ပေသိ ဤနှစ်တွင် အမေဦးတူမနှင့် ဓားတန်းဦးသန့်မြေး သမီးခင်ပွန်းပိုင် ရီမြင့်ရုပ်ရှင်မှ ရိုက်သော၊ တူ အဉ္စလီမောင်မောင် ဂီတမှူးလုပ်သည့် “သင်္ကြန်မိုး” ရုပ်ရှင် ငွေ ရတုတိုင်ပြီဆိုတော့လည်း ယူကျုပေါ်တွင် ပြန်ကြည့်ရင်း ရှေးခေတ်ကောင်းကို လွမ်းကြရပါသည်။ အေးချမ်းဖွံ့ဖြိုးနေသည့် တိုင်းပြည် ကြီးမှာ“အခါတွင်း ဗုံးပေါက်သတဲ့ အမေရယ်”ဟု ပြောလျှင် မန္တလေး တောင်မြောက်ဘက်ပင် သူပုန်အောက်က မလွတ်သေးခင် ကတည်းက စပြီး အနှစ် ၄၀ လောက် မဏ္ဍပ်ထိုး အလှပြကားထွက်ကာ သင်္ကြန်ခံလာသော နဂါးဒေါ်ဦး ဘာပြောမည်ကို သိချင် လှတော့သည်။

တနိုင်ငံမြိုင်ယံခြားရုံမက မိုင်ထောင်ချီဝေးသည့် မြောက်ကျွန်းရောက်နေသည်မို့ သင်္ကြန်နီးလျှင် တခြိမ်းခြိမ်း အကတိုက်နေသော နဂါးဆေးလိပ်ခုံ တိုက်ကြီးပေါ်က ဆိုင်းသံဗုံသံတွေကို ပြန်ကြားချင်သလို လူယောင်ဆောင်နဂါးမလေးများ ရေကန်သာတွင် ရေချိုး ဆင်းပုံ နောက်ခံကားကြီးရှေ့မဏ္ဍပ်ပေါ်တွင် နဂါးမယ်ကသည့် ဗျောလို နဂါးသင်္ကြန်သီချင်း စည်းချက်အလိုက် ကနေကြသည့် အင်္ကျီနီ ခပ်ရဲရဲထဘီ ဒီဇိုင်းနှင့် အမျိုးသမီးတသိုက်၊ ထိုအထဲက အစ်မနှင့် ညီမပေါက်စ၏ မိတ်ကပ်ရဲရဲပုံတွေကိုပဲ ပြန်မြင်မိသည်။

မိန်းကလေး ၁၀၀-၁၅၀လောက်ကို နေ့တွက်ပေး ထမင်းကျွေးပြီး တနှစ်တခါ စပ်ခိုင်းသည့် ဆေးလိပ်ကြော်ငြာ မပါသော သီချင်း အသစ်နှင့် ဆိုင်းဝိုင်းငှား အကတိုက်ခိုင်းရုံမက သူကိုယ်တိုင် အထာမကျသည့် မိန်းကလေးတွေကို ဝင်သင်ပေးလိုက်သေးသည်ဟု အဘွားက သူ့အစ်မအကြောင်း ရေးဖူးသည်။ စင်ပေါ် ကိုယ်တိုင်မကသော်လည်း စိတ်ထဲက လက်ချိုးခါးညွှတ်လုပ်နေမည့် အမေဦး။ ငယ်ကတည်းက တီးဝိုင်းနှင့်လှည့်သော ဓာတ်ရှင်ကြော်ငြာကားလာလျှင် သင်ပေးမည့်သူမရှိဘဲ ခေါင်း ခါး ကျန ကတတ်သော အမေဦး။

(၂)
နဂါးသည် လက်နှင့်လိပ်သည့်ဆေးလိပ်ခုံများထဲတွင် ပထမဆုံး နိုင်ငံအနှံ့ ဖြန့်ချိနိုင်သူ ဖြစ်ပါသတဲ့။ ဆေးလိပ်သမ ၅၅၀၀ နှင့် တနေ့ ကို အလိပ်ရေ ၂၇ သိန်းခွဲ လိပ်နိုင်ပါသတဲ့။ အဘွားရေးသော အဘိုး အတ္ထုပ္ပတ္တိတွင် ဆိုသလို နဂါးဆေးလိပ် စက္ကူပတ် ရိုက်ရသော ပုံနှိပ်ခနှင့်ပင် အရင်းရှင်ကြီးများနှင့် အစိုးရကြော်ငြာမရသည့် လူထုသတင်းစာမှာ အစိုးရအာမခံကြေး အကြိမ်ကြိမ်တောင်းသည့် ဒဏ်ကို တောင့်ခံနိုင်ခဲ့သည်တဲ့လေ။

ဒေါ်ဦးပေးသော ဂရန့်ကြောင့် သတင်းစာဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာစသည့် အနုပညာရှင်ပေါင်းစုံကို လူထု က မကြောင့်မကြ စင်တင်ပေးနိုင်ခဲ့သည် ။ ထို့ပြင်တဝ လူထုသတင်းစာဟောင်းများမှ ၁၉၄၉ မန္တလေးကို လက်နက်ကိုင်တပ် သုံးတပ် လက်က ဖဆပလ အစိုးရတပ်များ ပြန်သိမ်းပြီး နဂါးဆေးလိပ်ခုံတွင် ယာယီရုံးစိုက်ကြောင်းဆိုသော သတင်းဟောင်းလေးကို သတိရမိသလို ပြည်တွင်းစစ်မီးကြားက ဥမမယ်စာမမြောက် တပ်မတော် သက်သာ ချောင်ချိရေး အတွက် မင်းကတော်တသိုက်နှင့် ကူညီခဲ့သည့် အမေဦးပုံကိုလည်း ပြန်မြင်သည်။

ဖဆပလ ကြီးကွဲရခြင်း လတ်တလောအကြောင်းက ပင်လုံဒေါ်နုယဉ်ကို ဆန်တင်ဒါချပေးသည့်ကိစ္စဆိုတာမျိုးလို အာဏာရ အသိုင်း အဝိုင်းနှင့် အမေဦး အလွန်အကျွံ ဒွေးရောယှက်တင်တော့ ရှိပုံမပေါ်။ ရေသဘင်တွင် ဦးနု ရေအလောင်းခံရတာမျိုးက မိတ်ဆွေ ကဏ္ဍ ဖြစ်လိမ့်မည်။ အဘွား သူငယ်ချင်း ဒေါ်မာလာ၏ ဖဆပလ ညီလာခံသွား အတွေ့အကြုံကို ရေးသော နှစ်ထပ်ဆလံ ဝတ္ထု (၁၉၄၆)တွင် မန္တလေး အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ ငွေထိန်းမှူး နဂါးနီ ဒေါ်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ညီမ မတင်တင် ဟု ဖော်ပြထားသည်။ စစ်ပြီးခေတ် အထက်ဗမာပြည် အမျိုးသမီးလှုပ်ရှားမှုများမှာ အမ်အေ ဒေါ်အုန်း၊ ဒေါ်ဦး၊ ဒေါ်အမာ စသည့် မန္တလေးသူတို့နှင့် မကင်းလှ။

ဆေးရွက်ကြီးနံ့ လှိုင်နေသော နဂါးတိုက်အောက်ထပ်ခန်းမကြီးထဲမှ ၁၉၅၀ ကျော်ပုံ မာစီဒီး အနက်ရောင် ရှေ့ရိုက်ထားသည့် မူလတန်း ကျောင်းသား ကျနော့်ဓာတ်ပုံကို ပြန်တွေ့လျှင် ဖိုးပါကြီး၊ ကြည်ကြည်ဌေးတို့ စီးခဲ့တာ ဒီကားမျိုးတွေနေမှာဟု အောက်မေ့ရင်း ဖဆပလ ခေတ် ချောင်ချိသော ဆိုရှယ်လစ်စီးပွားရေးအောက်တွင် ပေါ်ထွန်းလာသော တိုင်းရင်းဓနရှင် လူတန်း စား၏ ဆယ်နှစ်အတွင်း ဘုံကြိုးပြတ်ခန်းကို သတိရသည်။ ပြည်သူပိုင် ဒလကြမ်းသိမ်းသည့်ခေတ်မှာ ကုန်သည်လုပ်ငန်းရှင်တွေကို ဆူဇကာပုဒ်မနှင့် ထောင်ချကြမ်းနေချိန်တွင် အမေဦးလည်း အမြတ်တော်နှင့် ရောင်းခွန်တော် နှိပ်စက်မှုကြောင့် ဆေးလိပ်ခုံနှင့် တိုက်တွေ ချိတ်ပိတ်ခံရ၊ အမရပူရ အဝင်က ဆေးပေါင်းရုံတွေ မြေတွေအသိမ်းခံရ နောက်ဆုံးထောင်ပါကျရရှာသည်။

အလုပ်သမားခေါင်းတို့၏ မရိုးမသားခိုးယူမှုများကို သိသော်လည်း ဝါဏိဇ္ဇ ပဋိပက္ခ ဥပဒေနှင့် အလုပ်ရှင်တွေကို နှိပ်စက်သည့် အလုပ်သမားကောင်စီကို ကြောက်ရသဖြင့် အလုပ်မလည်ပတ်နိုင်တော့မှ လျော်ကြေးပေးပြီး လျှော့ပစ်ရသည်။ ထိုအထဲ ကျောင်း တော်ရန်စရှိသည့် အလံနီ လက်နက်ချ ဒေါ်စောမြ မဆလ တွင် ဘုန်းတောက်သည့်အခါနှင့် သွားကြုံသည်။

ဖဆပလ အဖွဲ့မပေါ်ခင် စပြီးစည်းရုံးကြစဉ်ကတည်းက ဒေါ်ဦးသည် ဖဆပလကိုရော၊ ကွန်မြူနစ်ပါတီကိုပါ အဘက်ဘက်က ထောက်ခံ အားပေးသူ၊ နောက်ပြီး နဂါးဆေးလိပ်ခုံ အလုပ်သမားသမဂ္ဂ စဖွဲ့တော့လည်း လိုလိုလားလား အားပေးခွင့်ပြုခဲ့သူဖြစ် သည်။

၁၉၂၁ က မြန်မာပြည်တွင် ဗော်လ်ရှီဗစ်ဝါဒ အကြောင်း အစောဆုံးဖော်ပြခဲ့သည့် နေပြည်တော်ဂျာနယ်အယ်ဒီတာဦးရှင်၏ တူမ၊ ဆိုဗီယက် ရုရှားအကြောင်း စစ်ကြီးမဖြစ်ခင်ကပင် စာအုပ်ရေးခဲ့သည့် ကြီးပွားရေး ဦးလှ မရီးပေမို့ ဤသို့ အလုပ်သမားရေးနိုးကြားမှု ရှိသလော မဆိုတတ်။ ဖြစ်ချင်တော့ နဂါးဆေးပေါ့လိပ်ရုံ အလုပ်သမားတွေက ဆေးလိပ်လိပ်ခ တိုးပေးဖို့ တောင်းဆိုရာက မပြေ လည်ဘဲ ဆက်ဆံရေး ပျက်ခဲ့ရသည်။

၁၉၄၅ က ပထမဆုံးဖွဲ့သည့် အမျိုးသမီးတပ်က ဗိုလ်ဟောင်း ဒေါ်စောမြမှာ နဂါးတိုက်ပေါ်တွင် ဒေါ်ဦးကျွေးမွေး အဝတ်ဆင်ခဲ့ပြီး နောက်ပိုင်းနှင်ချခဲ့သည့် ရဲဘော်မ တသိုက်တွင် ပါလေသည်။ ထို့ပြင် ဖဆပလ ခေတ်က ရန်ကုန် ဘားလမ်းတိုက်သို့ မြင်းပွဲရှုံးတိုင်း ပိုက်ဆံလာတောင်းလွန်းသဖြင့် မရှိဘူးပြောခိုင်းပြီး ပုန်းနေတတ်သည်ကို မှတ်ထားသော စစ်ဦးစီးချုပ်ကြီး၂၆ နှစ် မိုးကောင်းသည့် ခေတ်တွင် တခြားသော အမျိုးသားငွေရှင်ကြီးများနည်းတူ အမေဦးလည်း အထိနာခဲ့သည်။ မနှစ်က ပုဂ္ဂလိကလုပ်ငန်းတွေ အဆောက်အအုံတွေ ပြန်ပေးမည်ဆိုသည့်အထဲ နဂါးပစ္စည်းတွေပါသည်တော့ မကြားမိသေး။ မန္တလေး နန်းတွင်းထောင်က အမေဦး နေခဲ့သည့် တိုက်ကလေးမှာ ဗိုလ်ချုပ်အောင်ကြီးနှင့် ခွန်ဆာလည်း နေခဲ့သည်ဟု ကြားဖူးသည်။

(၃)
တခါသား မုံရွာ အနောက်ကမ်း လက်တောင်းကြီး အမျိုးအလှူကအပြန် ဖိုးဝင်းတောင်အဝင် ဇရပ်တခုတွင် အမေဦး ဓာတ်ပုံကြီးက ခန့်ခန့်ကြီး ကြိုနေပါသည်။ မနေ့ကမှ ရွာမှာတွေ့ခဲ့သေးသည်ပဲ။ ထို့အတူ မင်းဘူး စက္ကိန္တဲ၊ အလောင်းတော် ကဿပ ၊ ကျောက်တန်း ရေလယ်ဘုရား စသည့် အနေရာရာက ဘုရားကျောင်းကန်အနှံ့ သူ့ကုသိုလ်နှင့် ရှောင်မလွတ်ပေ။ သူ ဆောက်လှူသော ရန်ကုန် အရှေ့ ပိုင်းက ရာမာခရစ်ရှနား ဆေးရုံ အဆောင်ကို သမ္မတကြီး ဦးဝင်းမောင်ကတော် ဖွင့်ပေးသည်။ မန္တလေး အရှေ့ ပြင် မနောရမ္မံ က အနာကြီးရောဂါသည်များအတွက် အမေဦး လှူဒါန်းသော နဂါးကွက်သစ်ကို အစိုးရသိမ်းပြီး အကွက်ချရောင်းခဲ့သည်။
မန္တလေး ၁၃၀၀ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး အရေးအခင်း၊ စစ်ပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုတို့တွင် ဦးဆောင်ဆရာတော် ရဟန်းပျို ဥက္ကဋ္ဌ ဦးကလျာဏ(အဂ္ဂမဟာ ပဏ္ဍိတ) ဈာပနချဆောင်လာပုံတွင် ဇာတ်သမများနှင့် နဂါးယာဉ်၊ တရုတ်တန်းဘုံကျောင်း ယာဉ် စသည့် ဈေးချိုတော်ရှေ့ က ယာဉ်တန်းကြီးကို အာဏာသိမ်းပြီးစ လူထု သတင်းစာဟောင်းများတွင် ပြန်တွေ့ရလျှင် နဂါး တိုက်တွင် တွေ့နေကျ ဂျစ်ကားကိုယ်တိုင်မောင်းသည့် ဗိုလ်ကုခေါ် ဆရာတော်ဦးကုသလကို သတိရသည်။

၁၉၅၈တွင် တည်မြဲအမာခံအဖြစ် ဓားထက်ခဲ့ပြီး ၁၉၆၅ သံဃာအရေးအခင်းနောက်ပိုင်း ထောင်ကျောင်းစံ ဗိုလ်ကု၏ မန္တလေး တောင်ခြေ ရဟန်းပျိုအဖွဲ့ချုပ်မှာ ၈၈ အရေးအခင်း ဂဠုန်နီခေတ်အထိ အထက်မြန်မာပြည်၏ နိုင်ငံရေးဥသျှောင်တခုဖြစ်သလို လူထုအပေါ်သြဇာညောင်းရာ အကြည်ညိုခံရမှုတွင်လည်း ယခုကာလ မဟန နှင့် တနံစီဖြစ်သည်။

မြောက်ပြင် စတုဘုမ္မိက နဂါးရိပ်သာ ကျောင်းအစ်မကြီးကို မဆလ ခေတ်တွင် ဘူဇွာဟု ချောင်ထိုးခဲ့သလောက် နဝတ ခေတ်ဦးကျ မန္တလေးနန်းမြင့်ကို ဖွင့်ခိုင်းခြင်း၊ အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီဘွဲ့ကို ပထမဆုံးပေးခြင်း စသည့် ပါဝါအပျော့များဖြင့် သိမ်းသွင်း ခဲ့ကြ သေးသည်။

အရေးအခင်းပြီးစ ဒေါ်အောင်ဆန်းစုကြည် မန္တလေးလာစဉ် အဘွားက “မမဦးရော ကျမဆီ လာတွေ့ပါဦးလား” ဟု ခေါ်မိရာ “ဒေါ်စုက ငါ့တွေ့ချင်ရင် ငါ့ဆီလာခဲ့ပေါ့”ဟု ပြန်ပြောသည့် အမေဦး စကားက အမျိုးများကြား ပြောစမှတ်ဖြစ်ကျန်ခဲ့သည်။ အန်တီစုကို ပထမဆုံး ၆ နှစ်ကြာ အကျယ်ချုပ်က ပြန်လွှတ်သည့် ညနေက သတင်းလေးတော့ သိသွားပါစေဆိုပြီး အဘွားက ပြောခိုင်းပေမင့် အမေဦး သိမသွားရှာဘဲ နောက်တနေ့ပင် ဆုံးရှာသည်။

နဂါးတိုက်အပေါ်ဆုံးက နတ်ရုပ်တွေထားသောအထပ်ကို သိပ်မတက်ဝံ့ခဲ့ကြသော်လည်း အင်တာနက်ပေါ်ကရသည့် နတ်ဒိုး နတ်ချင်း ရသမျှ စုထားပြီး လန်ဒန်တွင် ကနားပေးလျှင် သွားကြည့်ကြမည်ဟု ကျနော်တို့ မောင်နှမ ကြံစည်ထားကြသည်။

လူထုဂျာနယ်တွင် ၁၉၅၀ကျော်က အဘွားရေးခဲ့သည့် “မထွက်သေးသော အဖြေ” ဆိုသည့် ဝတ္ထုထဲမှ သူဌေးမကြီးနှင့် မောင် တက္ကသိုလ်ကျောင်းသားတို့ အချီအချဆွေးနွေးခန်းတွင် မမက ခေတ်ဆိုးကြီးထဲမှာ အနုကြမ်းစီး ပြန်ပေးဆွဲ လက်ဝဲသမားတွေက ပစ္စည်းသိမ်း စတဲ့ဘေးတွေကြောက်လို့ ဘိုးတော်ကိုးကွယ်တာလို မဟုတ်မဟတ်အယူတွေကို စွဲလမ်းနေတာ၊ ဘယာဘေးကြောက် လို့၊ လာဘ်လာဘမျှော်ကိုးလို့ သက်သက်ဖြင့် ကုသိုလ်မလုပ်သင့်ဘူး စသည့် ဒိုင်ယာလော့ကို ဖတ်တိုင်း အမေဦးနှင့် သီရိစန္ဒာ မယ်တော်ကြီးရော အဘိုးလေးများကိုပါ မြင်လာမိသလို အဘွားတို့ အဘိုး စတုဘုမ္မိက မဂ္ဂင်တရားပြ ဆရာကြီး ဘိုးစိုးဂေါင်၏
“ဘယာလာဘကုလကြဉ်ရှောင်တဲ့အေ့” ဆိုသော ဆုံးမစကားကိုလဲ သတိရမိပါသေး။ ယခုထိ ခေတ်နောက်ပြန်ဆွဲအယူသီးမှုများ နေပြည်တော်က ယတြာရွှေတိဂုံအထိ လွှမ်းမိုးဆဲ မဟုတ်ပါလား။ မိုးဦးကျ ပဒတ်ပေါ်လျှင် ပဒတ်ကြော်နှင့် သရက်သီးကို အမေ အဘွားများ တင်သပြီးမှ စားသော အမေဦး၏ ဒေါင်းလန်းနီလေးပေါ်မှ ဆီးဖြူသီးနှင့် ငါးကြင်းကြော်ချက်၊ ပဲနှပ် စသော အညာ စမဲ ဟင်းခွက်များကိုကား လွမ်းဆွတ်မိပါ၏။

စစ်မဖြစ်ခင်က အမေဦးတို့ စုံတွဲ ကားတစင်းနှင့် ရှမ်းပြည်ဘက် လျှောက်သွားကြစဉ်က ရိုက်ခဲ့သော အယ်လ်ဘမ်ဟောင်းလေးတွင် It's a jolly journey! ဟု ရေးထားသလို ခရီးသွားရတာ အမေဦးဟော်ဘီဖြစ်သည်။ မနက်ခင်းလမ်းလျှောက်ဖို့ကို မြစ်ထဲက ကျွန်းပေါ် မော်တော်နဲ့ သွားတတ်သူ ဖြစ်၏။ တပေါင်း မင်းလွင် ထချိန် ရှမ်းပြည်မြေလတ် ပင်းဒယမှ ရွှေပုထိုးဘုရားပွဲကို အမေဦး၏ ကားတန်းကြီးနှင့် သိုက်သိုက်ဝန်းဝန်းသွားခဲ့ရပုံကို အခုထိ အောက်မေ့မိသည်။ ဦးညို (ညီပုလေး) အဖမ်းခံရစက စိတ်ပြေ လက်ပျောက် အဘွားနှင့် ညီအစ်မ ပခန်း ပခုက္ကူ ဘုရားဖူးလာကြစဉ်က အိမ်နီးချင်းတွေ သူ့ကို လာလာကြည့်ကြ၊ ဆေးခန်းထဲက လူနာတွေကို သူကထိုင်ဧည့်ခံနှင့် ဆရာမောင်စွမ်းရည် ရေးဖူးသလို ညီမ သတင်းစာဆရာ စာရေးဆရာမကြီး ထက်ပင် ဘုရား အစ်မ ကျောင်းအစ်မကြီးက မျက်နှာပွင့်လေသည်။

သို့ဖြင့် စီးပွားရေး၊ သာသနာပြု ဒါန အရေးတို့တွင် အမျိုးသမီးများ ဦးဆောင်မှုကို မြှင့်တင်ခဲ့သူ၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်များကို စီးပွားရေးမတွက် ခုံခုံမင်မင် အားပေးတတ်သော ပွဲကြိုက်ခင် အမေဦး တခမ်းတနား ကော်ဇောနှင့် ပွဲကြည့်လာပုံမှာ ဦးဆူးငှက်လို မန္တလေးဘွဲ့ ဆရာများ မှတ်တမ်းဖွဲ့စရာ ဖြစ်လာသည်။ ကြည်အေး ရေးသော ရွှေမင်းသားဝတ္ထုထဲက မကြင်ကိုပဲ သတိရသေးတော့။ သို့ပေမင့် ထင်ပေါ်ကျော်ကြားမြန်မာများဟူ၍ ၁၉၈၇ ခန့်က ဝင်းတင်ဝင်း မီဒီယာက ဗီဒီယိုရိုက်ကူး မေးမြန်းခြင်း၊ ၁၉၉၀ ကျော်က စီးပွားရေးမဂ္ဂဇင်း တချိ့နှင့် တွေ့ဆုံခြင်းမှအပ အမေဦး အကြောင်း သူ့ ညီမအပြင် မည်သူမျှ သတ်သတ်မှတ်မှတ် ရေးသည် မတွေ့သေးပါ။

ဆန်ရှင်တွေ၊ ဓာတ်ငွေ့တွေနှင့် ဝရချီး လည်နေသည့် မြန်မာ့ဓန ဥစ္စာသိုက်ကို သားတူညီများအုပ်စိုးမှု ဘေးမှ ကင်းဝေးသည့်၊ ထိုထက် အမေဦးနှင့် စပ်တူ ဂျပန်က ဟီးနိုးသွင်းရင်း သူ့ကိုနှပ်ချသွားသည့် ဒေါ်ထူး အမျိုးများ မြန်မာ့စီးပွားရေး မောင်ပိုင်စီး မထားနိုင်တော့သည့် နောက်တခေတ်တွင် ကျန်းမာရေးနှင့် ညီညွတ်သော စီးပွားရေးလုပ်ရင်း သာသနာ၊ ယဉ်ကျေးမှုနှင့် လူမှု အကျိုးကို ဆောင်လှည့်ပါဦး မေမေဦးရယ်ဟု သွားလေသူ ကျောင်းအစ်မကြီးကိုပဲ တမ်းတမိပါသည်။

နဂါးနီတန်ခိုးနှင့် အမျိုးဂုဏ်တက်ခဲ့ပြီ၊ လူမွဲတွေပဲ မနှေးခေတ်မီ အမြန်ဆုံး လူတန်းစေ့နိုင်ကြပါစေ။ လက်ဝေခံ ကော်ဇော အိတ် သမား ခေတ်ကုန်ပြီး တိုင်းကျိုးပြည်ဆောင် အမျိုးသားဓနရှင် လူတန်းစား ကြီးပွားထွန်းကားပါစေ။



No comments:

Post a Comment