Wednesday, May 26, 2010

သုံးနားညီတြိဂံနှင့် အချစ်

မင်းဆွေသစ်

(ဦး) သုမောင်အား စာရေးဆရာသုမောင်အနေနှင့် ပိုမို၍ ကျနော် စွဲလန်းမိ၏။ ဆရာသည်လည်း အနုပညာလောကသို့ ဝင်ရောက်ရာတွင် ‘စာပေ’ မှ စတင်အခြေချဝင်ရောက်ခဲ့သည်ဖြစ်၍ … စာပေသည် ဆရာ့၏ အချစ်ဦးဟု ဆိုရမည်။ အသက် ၁၈ နှစ် အရွယ်မှာပင် …. စာပြင်ဆရာအဖြစ်နှင့် ‘ယုဝတီဂျာနယ်’ ၌ ဆရာအလုပ်ဝင်၏။ စာပြင်ဆရာလုပ်ရင်း … ‘မောင်ညိုအောင်’ အမည်ဖြင့် ကဗျာများအား ရေး၏။ ကဗျာတိုကလေးများ ဖြစ်သည်။ ဆရာက … စာပေခရီးအား ကဗျာနှင့် စခဲ့ခြင်း …။

စာပြင်ဆရာအဖြစ်နှင့် ၂ နှစ်ခန့် လုပ်ပြီးသည့်နောက်တွင် … ‘ဝတ်မှုံ’ မဂ္ဂဇင်းအား ကိုယ်တိုင်ထုတ်ဝေသူ…. ဆရာကိုယ်တိုင်ပင် အယ်ဒီတာအဖြစ်နှင့် ထုတ်ဝေ၏။ ဆရာ့၏ ဝတ်မှုံက … မဖူးနိုင်၊ မပွင့်နိုင်ခဲ့….။ တကြိမ်တည်းနှင့်ပင် ဝတ်မှုံသည် ညှိုးခြောက်သွားခဲ့ရ၏။ ဝတ်မှုံတွင် ‘အုပ်စိုး’ အမည်နှင့် ‘သနပ်ခါးရည်ကကျဲကျဲ’ ဝတ္ထုတိုအား ဆရာရေး၏။ သနပ်ခါးရည်ကျဲကျဲက … ဆရာ့၏ ပထမဆုံးပုံနှိပ်ဖော်ပြသည့်ဝတ္ထုတို…။ သို့သော်… ‘သုမောင်’ က မဖြစ်သေး…။

၁၉၇၃ ခုနှစ် စက်တင်ဘာလထုတ် ‘ရှုမဝ’ တွင် ပါရှိသည့် ‘ငယ်အိပ်မက်’ ဝတ္ထုတိုတွင်မှ ဆရာသည် ‘သုမောင်’ ဖြစ်လာခဲ့၏။ ဆရာက … ရှုမဝစင်မှထွက်သည့် ကလောင်တချောင်း…။ ထိုစဉ်က … ရှုမဝသည် စာပေသြဇာအရှိန်အဝါ ကြီးမားလွန်းသည့် မဂ္ဂဇင်းတစောင် ဖြစ်၏။ ရှုမဝဦးကျော်သည် ကလောင်သစ်အား ရွေး၏။ မွေး၏။ သူမွေးသည့် ကလောင်သစ်များသည်လည်း …. မြန်မာ့စာပေအနုပညာရပ်ဝန်းအတွင်း အနုပညာခွန်အား ပြည့်ဝစွာနှင့် ထင်ကျစ်ရစ်မြဲ …။

၁၉၇၄ ခုနှစ်တွင် ‘အချစ်’ လုံးချင်းဝတ္ထုရှည်အား ထုတ်ဝေပြီး … ဝတ္ထုရှည် စာရေးဆရာသုမောင် ဖြစ်လာ၏။ ၁၉၇၄ ခုနှစ်တွင်ပင် … ‘ချစ်စံနမူ’ ဖြင့် မင်းသားသုမောင် …။ ‘ ပန်းဦးပန်မယ့်သူ’ နှင့် အဆိုတော် သုမောင် ဟူ၍ ဖြစ်လာခဲ့၏။


(၂)

ဆရာက စာစုံရေး၏။ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ … စုံသည်။ အကြောင်းအရာသည်လည်း အမျိုးမျိုး …။ ဆရာ့၏ ဝတ္ထုတို၊ ဝတ္ထုရှည်များအား ဖတ်ရသည်မှာ တခါတရံတွင် အခန်းအကူးအပြောင်းက … ဟိုခုန်၊ သည်ခုန်နှင့် ဖတ်ရသည်ကဲ့သို့ရှိ၏။ သို့သော် … အဆုံးတွင်မူ ဆရာသည် ဟိုခုန်၊ သည်ကူးများအား ငုံမိ၊ ခြုံမိအောင် ဆွဲစိပေးပြီး နိဂုံးချုပ်လိုက်သည်မှာ ဆရာ၏ စကားပြေရေးနည်း အတတ်ပညာဟု ဆိုရမည်။

ဆရာ၏ စာပေအယူအဆက … ‘Art For People ’ ဟု ဆိုရမည်။ ဆရာ့၏ စာပေအယူအဆနှင့် ပတ်သက်၍ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာထုတ် ငွေတာရီမဂ္ဂဇင်းတွင် ပါရှိသည့် …. ‘ကျနော်နှင့် ကျွန်ုပ်၏ ဖေဖေ’ ဝတ္ထုတိုတွင် တွေ့ရ၏။

“စာရေးဆရာဟူသော ဂုဏ်ပုဒ်ရရှိရန် ဘာဂုဏ်၊ ဘာရာထူး ဘာငွေကြေးမှ မရှိအပ်ပါ။ စာရေးဆရာသည် စာရေးကောင်းရမည်။ အတွေးကောင်းရမည်။ ထိုအတွေးသည်လည်း တစုံတယောက်အတွက် မဟုတ်ရဘဲ လူအများစုအတွက် ဖြစ်ရမည်ဟု ကျနော်တော့ဖြင့် ယုံကြည်ထားပါသည်”
ဆရာ၏ စာများအတွင်းမှ ဆရာ၏ ပတ်ဝန်းကျင်အား မြင်ရ၏။ တွေ့ရ၏။ သိရ၏။ ဆရာ၏ ဖခင်က …. ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာကြီး သာဓုဖြစ်၏။ ဆရာ့အဖေက အိမ်တွင် ခုံဖိနပ်သာစီး၏။ တညလုံး အလုပ်လုပ်ပြီး … တနေ့လုံး အိပ်သည်ဟု ဆို၏။

“အဖေသည် မိုးဦးကျလျှင် အလှူလုပ်သည်။ ညတိုင်း လုပ်သည်။”
“သားရေ၊ ဘဏ်တိုက်ကိုသွား၊ ဒီရာတန် ငါးရွက်ကို ကျပ်တန်အသစ်ကလေးတွေချည်း လဲလာခဲ့။ ဟိုမှာ ဒေါ်မြမြစိမ်းဆိုတာ ရှိတယ်၊ သူ့ကိုလဲခိုင်း….။”

ညပိုင်းရောက်သော် ။
“သားရေ အပြင်သွားရအောင်…။”
“ဘယ်ကိုမောင်းရမလဲ ဖေဖေ…၊ ”
“ခြေဦးတည့်ရာမောင်းကွာ….၊”
ကျနော်လည်း ခြေဦးတည်ရာ မောင်းခဲ့ရာ တနေရာရောက်လျှင် ရပ်-ရပ်ဟု အဖေက ခိုင်းပါသည်။ ပတ္တရောင်ရဲ သုံးယောက်။

“ဟေ့ ဘယ်နှယောက်လဲကွ…၊”
“ဘာကိစ္စပါလဲ၊ ဘာမှမဟုတ်ပါဘူးကွာ၊ ရော့ လက်ဖက်ရည်ဝယ်သောက်ကြ၊ တယောက်တကျပ်စီ”

ဆက်၍မောင်းခဲ့ပြန်၏။ တနေရာရောက်သော် …..
ဆိုက်ကား ဂိတ်တဂိတ်၊
“ဟေ့ … ဘယ်နှယောက်ရှိလဲကွ…၊”
“၆ ယောက်…”
“ဘယ်သွားမလို့လဲ ကားတွန်းဖို့လား၊”
“ဒီနေ့ မိုးအေးတယ်ကွ၊ မင်းတို့ နေ့တွက်မစီသေးဘူး မဟုတ်လား။ ရော့ ၆ ကျပ်”

(၁၉၈၄ ၊ မေလထုတ် ရုပ်ရှင်မဂ္ဂဇင်း သုမောင်၏ ‘အဖေ၏ အသုဘအကြို’ ဝတ္ထုတိုမှ)

(၃)
ဆရာ၏ ပထမဆုံးဝတ္ထုရှည်က ‘အချစ်’ ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်၏။ ‘အချစ်’ အား အကြိမ်ကြိမ်ပင် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ ‘အချစ်’ ထုတ်ဝေပြီး ၁ဝ နှစ်အကြာ …. ၁၉၈၄ ခုနှစ်တွင် ‘အချစ်’ ဝတ္ထုဝေဖန်ရေး ဝတ္ထုတိုတပုဒ်အား ဇန်နဝါရီလထုတ် သဘင်မဂ္ဂဇင်းတွင် ‘ချစ်လိုက်ကြဦးစို့ကွယ် နှမရယ်’ ဟူ၍ စာအုပ်ဝေဖန်ရေးအား ဝတ္ထုတိုဟန်နှင့် ဆရာ ရေး၏။ ဆရာ့အသက် ၂၃ နှစ်အရွယ်က ရေးခဲ့သည့် ‘အချစ်’ အား အသက် ၃၃ နှစ်အရွယ်၌ပြန်၍ ငဲ့စောင်းကြည့်ခြင်း ဖြစ်၏။

(၃း၁)
“အချစ်က လှတယ်။
သိတယ်မှုတ်လား”
အထက်ဖော်ပြပါစာသားများမှာ အကျွန်ုပ်၏ ပထမဦးဆုံး လုံးချင်းဝတ္ထု နိဒါန်းအဖြစ် ရေးသားဖော်ပြထားသော လူငယ်ကြိုက် အရေးအသားများ ဖြစ်ပေသည်။ ယနေ့တိုင် လူငယ်များ ကျွန်ုပ်၏ အရေးအသားကို စွဲလမ်းနေကြသေးပေချေ၏ဟု ထင်သည်။ အထူးသဖြင့် ‘သိတယ်မှုတ်လား’ ထိုစကားသည် လူငယ်များ၏ နား၌ စူးနစ်ဝင်မြုပ်နေပေချေလေ၏တကား…။

“ဘယ်နှယ့်နေသလဲဖေဖေ”
“မင်းဟာ ဘာတွေ လျှောက်ရေးထားမှန်းမှ မသိတာကွ”
“မင်းရေးတာတွေက စာလိုမဟုတ်ဘဲ စကားလိုဖြစ်နေတယ်”
“ဦးပုညတောင်မှ စာပေကို စကားလို ရေးခဲ့ဖူးတာပဲဖေဖေ”
“ကိုင်း ဒါဖြင့် ငါ တခုမေးမယ်။ မင်းရဲ့ အလွန်ကျော်ကြားပါတယ်ဆိုတဲ့ ‘သိတယ်မှုတ်လား’ ဆိုတဲ့စကားစုမှာ အမှန်က ‘သိတယ်မဟုတ်လား’ ဖြစ်ရမယ်။ ဘာကြောင့် မှုတ်ချင်ရတာလဲ”

(၃း၂)
“မနက်ဖြန်ကော”
အချစ်က စာရွက်ကလေးတရွက်နဲ့ သူ့အိမ်ရှင်ရဲ့ ဖုန်းနံပါတ်ကို ရေးပေးတယ်။ လူချင်းတော့ မတွေ့ကြဦးနဲ့ဆိုတဲ့ သဘောပါ။
“နောက်၊ ၄-၅ ရက်တော့ ဆက်ဖြစ်မှာ မဟုတ်ပါဘူး”
“ဘာ့လို့”
“ခုအပြန် လှည်တန်းက ဆက်မှာ ”
“ခွေးကလေး”
“အချစ်” ရဲ့ အသံက တိုးတိုးကလေး။

ကျွန်ုပ်၏ ဇာတ်လိုက်နှင့် ဇာတ်လိုက်မင်းသမီး တဦးနှင့်တဦး ချစ်သွားကြစဉ်၊ နောက်တနေ့အတွက် ထပ်မံချိန်းဆိုရာ၌ အပြန်အလှန် ပြောကြသော အကြောင်းအရာများကို ကျွန်ုပ်သည် အထက်ပါအတိုင်း ရေးဖွဲ့ခဲ့လေသည်။

“ဒီလိုအဖွဲ့အနွဲ့လေးတွေကိုမှ ချာတိတ်တွေက ခိုက်တာဖေဖေရဲ့”
“ဘာ ခိုက်တာလဲ”
“ဘဝင်ခိုက်တာပေါ့”
“နေစမ်း ပါဦးကွ၊ မင်းဇာတ်ကောင် နှစ်ယောက်က ဘယ်သူ အသက်ကြီးသလဲ”
“ကောင်မလေးက ကြီးတယ်ဖေဖေ”
“ ဘာကြီးကြီးကွာ၊ မိန်းမတယောက်က ယောက်ျားတယောက်ကို ခွေးနဲ့ မနှိုင်းရဘူး”
“ချစ်စနိုးပါ ဖေဖေရာ”
“မင်းတို့ဟာကလဲ ‘တော်သလင်း ချစ်စနိုး’ ကြီးပါလား။ ပြီးတော့ မင်းခုနပြောတယ်။ ဘဝင်ခိုက်တယ်ဟုတ်လား၊ အေး ဘဝင်ခိုက်တယ်ဆိုတာ ရူးတာကို ပြောတာကွ”

(၃း၃)
ရေချိုးပြီးကာစ အချစ်ရဲ့ ခြေသလုံးကလေးနဲ့ ဖုန်မှုန့်တွေ ကပ်နေတဲ့ အချစ်ရဲ့ ခြေခုံမို့မို့ကလေးကို ကျနော် နမ်းတယ်။ ခြေထောက်ကလေးတွေမှာလည်း ‘အချစ်နံ့’ ကလေးတွေ ရှိနေတာပါပဲလား။

(အချစ်၊ စာမျက်နှာ ၈၅ မှ)


ဇာတ်လိုက်နှင့် မင်းသမီးတို့ သမီးရည်းစားမက လင်မယားမကျ အခြေအနေတွင် ဇာတ်ဝင်ခန်းတခန်းကို အထက်ပါအတိုင်း ကျွန်ုပ် ရေးဖွဲ့မိပါသည်။ ဇာတ်လိုက်က မင်းသမီးခြေဖမိုးကလေးကို နမ်းသည့်အကြောင်း သိမ်မွေ့စွာ ဖွဲ့နွဲ့ထားခြင်း ဖြစ်လေသည်။

“သိပ်ရိုင်းတာပဲကွာ”
“ဘာဖြစ်လို့လဲဖေဖေ”
“မိန်းမ တယောက်ရဲ့ ခြေဖမိုးကို ယောက်ျားတယောက်က နမ်းရတယ်လို့ မင်းမို့ ရေးရက်တယ်”
“ဖေဖေငယ်ငယ်ကလည်း ဒီလိုပဲ၊ ဒီအကြောင်းအရာမျိုးကို ‘ပန်’ ဝတ္ထုထဲမှာ ရေးခဲ့ဖူးတာပဲ”
“ဟ၊ ငါ့ဝတ္ထုမှာတုန်းက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီးဟာ နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့ကြတဲ့ လင်မယားကွ။ အဲဒီအချိန်မှာ သူတို့ဟာ ချစ်တာထက်လွန်ပြီး မြတ်နိုးတဲ့အဆင့်ကို ရောက်နေပြီ။ ခြေထောက်ကို နမ်းရုံတင်မကဘူး၊ ကုန်းကိုက်နိုင်ခွင့် ရှိတယ်ကွ”

(၃း၎)
“အေးကို … တခုကူညီပါလား”
ကျနော် ခေါင်းညိတ်တယ်။
“ကားရှိသေးလား”
ကျနော် ခေါင်းညိတ်တယ်။
“အဲဒီ ဒိုင်ယာရီစာအုပ်ထဲမှာ ချစ်ဖေရဲ့ လိပ်စာရှိတယ်။ သံကြိုးရိုက်ပေးပါ”
ကျနော် ခေါင်းညိတ်တယ်။
“လက်ထပ်စာချုပ်တခုလည်း ဝင်ဝယ်ခဲ့”
ကျနော် ခေါင်းညိတ်တယ်။
“ပြီးတော့ကျတော့၊ ကက်ဆက်တခုရှာပေးကွယ်၊ မင်းမင်းလတ်သီချင်းတွေ နားထောင်ချင်လို့”
ကျနော် ခေါင်းညိတ်ပြတယ်။

(အချစ်၊စာမျက်နှာ ၂၁၄-၂၁၅ မှ)

ထိုအခန်းမှာ ကျွန်ုပ်၏ ဝတ္ထုထဲမှ ဇာတ်လိုက်မင်းသမီး သေလုဆဲဆဲတွင် မင်းသားနှင့် အလွမ်းသယ်သော အခန်းကို လိမ္မာပါးနပ်စွာ ကယုကယ ရေးထားသော အခန်းဖြစ်ပါသည်။

“ချစ်ဖေဆိုတာ ဘယ်သူလဲကွ”
“ချစ်ဖေဆိုတာ မင်းသမီးရဲ့ ဖေဖေပါ ဖေဖေ။”
“ကိုယ့်အဖေကို ဒီလိုခေါ်ရသလားကွ”
“မဟုတ်ဘူးဖေဖေ၊ သူ့အဖေကို သူ ‘ချစ်ဖေဖေ’ လို့ ခေါ်ရင်းကနေ ‘ဖေ’ တလုံး ပျောက်ဆုံးတော့ ‘ချစ်ဖေ’ ဖြစ်သွားတာပါ”
“ထားပါတော့၊ သေခါနီး လူမမာက မင်းနာမည်မတဘဲ မင်းမင်းလတ်သီချင်းမှ နားထောင်ချင်တယ် ဆိုတာကကောကွ”
“သြော် သူကြိုက်တာကိုး ဖေဖေရဲ့”
“ဒါလားကွ အချစ်”

(၃း၅)
“ မောင် … လက်ထပ်တယ်ဆိုတာ သိရဲ့လား”
ကျနော် ခေါင်းညိတ်ပြလိုက်တယ်။
‘အချစ်’ က ပြုံးတယ်။

(အချစ်၊စာမျက်နှာ ၂၁၈မှ)

ဇာတ်လိုက်မင်းသမီး သေအံ့မူးမူးဖြစ်နေသော အချိန်တွင် ကျွန်ုပ်၏ ဇာတ်လိုက်နှင့် လက်ထပ်ကြရန် စီစဉ်ကြသော အခန်းတွင် ဖြစ်ပါသည်။ ကျွန်ုပ်၏ ဝတ္ထုထဲတွင် သူတို့နှစ်ဦးသည် တကယ်ပင်လျှင် ဆေးရုံကုတင်ပေါ်၌ လက်ကလေးနှစ်ခုထပ်၍ လက်ထပ်ခဲ့ကြပါသည်။
“ဟေ၊ လက်နှစ်ဖက်ထပ်ရုံနဲ့ လက်ထပ်တဲ့ မင်္ဂလာမြောက်သလားကွ၊ မင်း မြန်မာမဟုတ်ဘူးလား။ မင်း အတွေးအခေါ်အတိုင်းသာ ဆိုရင်၊ ကလေးတွေ ကျားဗိုလ်ဆွဲတမ်း ကစားတဲ့အခါ တယောက်နဲ့ တယောက် လက်ချင်းယှက်ရတယ်။ ဒီလိုဆို သူတို့ ညားကုန်ကျတော့မှာပေါ့၊ ထွီ…။”
မည်သို့ပင်ဖြစ်စေ … ဆရာ၏ ‘အချစ်’က …. ၆၁ နှစ်အရွယ် ဖိုးဖိုး၊ ဖွားဖွားတို့ နားကလော့ကြပေမယ့် …. ၁၆ နှစ်အရွယ် သားသား၊ မီးမီးတို့ကမူ …. ‘သိတယ်မှုတ်လား’ …. ‘ခိုက်’ ကြဆဲပင် ….။


(၄)

ဆရာမကြီး ကြည်အေး ငယ်ရွယ်စဉ်က ရေးခဲ့သည့် ‘ဘုန်းသက်တိုင်’ နှင့် ‘နွမ်းလျအိမ်ပြန်’ ဝတ္ထု ၂ ပုဒ်အား တပေါင်းတစည်းတည်း ပြန်လည်၍ထုတ်ရန် ထုတ်ဝေသူတဦးက ကမ်းလှမ်းသည်ကို ဆရာမကြီးက ပထမတွင် ငြင်းဆိုခဲ့သည်ဟု ကြားသိရဖူး၏။ အကြောင်းပြချက်က ….
‘ဘုန်းသက်တိုင်’ နှင့် ‘နွမ်းလျအိမ်ပြန်’ ဝတ္ထုများသည် သူမ ငယ်စဉ်အရွယ်က ရေးသားခဲ့သည့် ဝတ္ထုများဖြစ်၍ ယခုအရွယ်ကြီးရင့်လာသည့်အခါတွင် ပြန်လည်ဖတ်ကြည့်ရာ၌ ‘ဘဝင်မခိုက်’ တော့သည့်အတွက်ကြောင့်ဟု ဆို၏။

နောက်ပိုင်းတွင်မူ …. ‘ဘုန်းသက်တိုင်’ နှင့် ‘နွမ်းလျအိမ်ပြန်’ စာအုပ် ထွက်လာ၏။ ထုတ်ဝေခွင့် ပြန်လည်၍ ပြုလိုက်ရသည်နှင့်ပတ်သက်၍ စာအုပ်အမှာစာတွင် ဆရာမကြီးကြည်အေးက ရှင်းချက်ပေးထား၏။
“ခု … ကျမအသက် ၄ဝ နား ကပ်နေပြီ။ ဒါပေမဲ့ စာဖတ်သူတွေ အားလုံးဟာ ၄ဝ နား ကပ်နေကြသူတွေချည်းပဲ မဟုတ်ဘူး။ ဆယ့်လေးငါးခြောက်နှစ်အရွယ် အပျိုပေါက်အရွယ်တွေလည်း ရှိပါသေးလားဆိုတဲ့အသိနဲ့ ဒီစာအုပ်ကို ထုတ်ခွင့်ပေးလိုက်ပါတယ်”
ဆရာ၏ ‘အချစ်’ အား စတုတ္ထအကြိမ်အဖြစ် ၂ဝဝ၄ ခုနှစ်တွင် ထပ်မံထုတ်ဝေခဲ့၏။ ထိုစဉ်တွင် ဆရာ၏ အသက်သည် ၅ဝ ကျော်၍ ၆ဝ တန်းသို့ပင် ဝင်ရောက်နေပြီဖြစ်၏။ ‘အချစ်’ အား အကြိမ်ကြိမ် ထုတ်ဝေခွင့် ပြုရခြင်းနှင့်ပတ်သက်၍ ဆရာသည် ဆရာမကြီးကြည်အေးကဲ့သို့ပင် ခံယူထားဟန် ရှိ၏။

‘အချစ်’ က ရှင်သန်ဆဲ ….။ သုမောင်သည်လည်း မသေ ….။ ဆရာ ကောင်းရာသုဂတိလားပါစေ …။

No comments:

Post a Comment