Thursday, May 27, 2010

ပင်စင်လစာ

ရွှေအိမ်စည်

(က)


ကျနော် အလယ်တန်း ကျောင်းသားဘဝက … ချစ်ကြောက်ရိုသေခဲ့ရသည့် ဆရာတယောက်နှင့် ခင်မင်ခဲ့ရသည့် သူငယ်ချင်းတယောက် ရှိခဲ့ဖူး၏။ ဆရာဦးဘတင်သည် ပဉ္စမတန်းကျောင်းသားဘဝတွင် ကျနော်တို့အား၊ အင်္ဂလိပ်စာ သင်ပြသည့် ဆရာဖြစ်ပြီး … ကျနော်တို့ အတန်း ပဉ္စမတန်း (A) ၏ အတန်းပိုင် ဆရာလည်း ဖြစ်၏။ ကျနော်တို့၏ ကျောင်းတွင် ဆရာ ဦးဘတင်သည် အသက်အရွယ် အကြီး ဆုံးနှင့် ကျောင်းဆရာ လုပ်သက် အရင့်မာ ဆုံးသော ဆရာ တဦးလည်း ဖြစ်သည်။


ထိုစဉ်ကတည်းက …. ဆရာ၏ အသက်သည် ၆ဝ အတွင်းသို့ပင် ဝင်ရောက်၍နေလေပြီ။

စစ်ကြိုခေတ်ကတည်းက အမျိုးသားကျောင်းဆရာ တဦးအဖြစ် လုပ်ကိုင်ခဲ့သည့် ဆရာသည် လွတ်လပ်သည့် အစိုးရခေတ်တွင်လည်း အစိုးရကျောင်းဆရာ တဦးအဖြစ်နှင့် ဆက်၍… ပညာရေးဝန်အား ထမ်းရွက်ပြန်သည်။ အစိုးရကျောင်းဆရာအဖြစ် တရားဝင် အမှုထမ်းရာ၌ ဆရာ၏ အလုပ်ဝင်သည့် အသက်သည် ၅ နှစ်မျှ ငယ်နေခဲ့သည့်အတွက် … ယခုအခါ ဆရာ၏ အမှန်တကယ် အသက်က ၆ဝ တွင်းသို့ ရောက်နေခဲ့သော်လည်း ပင်စင်မယူနိုင်သေးဘဲ ….. ကျောင်းဆရာအဖြစ် အမှုဆက်၍ ထမ်းရွက်နေရခြင်း ဖြစ်၏။

ဆရာက …. အသားညိုညိုနှင့်ဖြစ်၏။ ကိုယ်လုံးကိုယ်ထည် သေးသေးညှပ်ညှပ်ကြောင့် အရွယ်တင်သည်ဟု ထင်ရ၏။ ဆရာက … ဘိုကေမထား …. ခေါင်းအား ပြောင်နေအောင် အမြဲရိပ်ထားတတ်၏။ ဆရာ၏ ကိုယ်ပါ်၌ကား … ပင်နီဖျင်ကြမ်းတိုက်ပုံအား အမြဲတွေ့ရတတ်သည်။ ဆရာ၏ လက်တွင်လည်း ထားဝယ်ကြိမ်လုံးတချောင်းက အမြဲပင် ကိုင်စွဲထားတတ်၏။ အထက်တန်း ကျောင်းသားကြီးများပင်လျှင် … ဆရာ၏ အရှေ့၌ အမြင်မတော်ပါက …. ဆရာ၏ ကြိမ်စင်္ကြာနှင့် မလွတ်ကြ။ ဆရာ၏ တပည့်အချို့သည် … တက္ကသိုလ်၊ ကောလိပ်များမှ ဘွဲ့များ ရရှိကြပြီး …. ဤကျောင်း၌ပင် ကျောင်းဆရာ၊ ဆရာမများအဖြစ် အလုပ်ဝင်နေကြသည့်ဆရာ၊ ဆရာမများသည်ပင် … ၃-၄ ဦးခန့် ရှိ၏။

ဤအတွက် …. ဆရာသည် အလယ်တန်းပြ ကျောင်းဆရာတဦးသာလျှင် ဖြစ်သော်လည်း ဤကျောင်း၌ အရှိန်သြဇာရှိ၏။ တကျောင်းလုံးက … ဆရာ့အား ချစ်ကြောက်ရိုသေကြ၏။

ချစ်ကြောက်ရိုသေကြသော်လည်း အားလုံးက … ဆရာ့အား နောက်ကွယ်တွင်မူ …. ဆရာဦးဘတင်ဟု မည်သူမျှ မခေါ်ကြ …။ ‘အဖိုးလေး’ ဟူ၍သာ ခေါ်ကြ၏။ ဦးပြည့်ပြောင်ပြောင် … ပင်နီဖျင်ကြမ်းတိုက်ပုံ …. ထားဝယ်ကြိမ်တရမ်းရမ်းနှင့် ‘အဖိုးလေး’ လာသည်အား မြင်သည်နှင့် ကျောင်းသားကြီးငယ်တို့ ရှောင်ရှားကြလေ၏။ အခန့်မသင့်လျှင် .. ‘အဖိုးလေး’ ၏ ကြိမ်စင်္ကြာက ဝေ့ရမ်းရိုက်ခတ်သွားတတ်၏။


(ခ)

ကျနော်တို့ မြို့လေးတွင်က …. အလယ်တန်းကျောင်းဟူ၍ သီးသန့်မရှိ … အထက်တန်းကျောင်းနှင့်ပင် တွဲထား၏။ အထက်တန်းကျောင်းသည်လည်း မြို့လေးတွင် ဤတကျောင်းသာရှိ၏။ ဤအတွက် …. မူလတန်းအောင်လျှင် အထက်တန်းကျောင်းသို့ပြောင်း၍ အလယ်တန်းပညာအား ဆက်၍သင်ရ၏။ ကျနော်က …. အလုပ်သမားရပ်ကွက်၊ မြို့သစ် အစိုးရမူလတန်းကျောင်းငယ်လေးမှ စတုတ္ထတန်းအောင်မြင်ခဲ့ပြီး … ပဉ္စမတန်းတက်ရန် အထက်တန်းကျောင်းသို့ ပြောင်းလာခဲ့၏။ ပဉ္စမတန်း A တွင် ကျနော်နှင့် ခုံချင်းကပ်လျက်က .. လှတင့် …။ လှတင့်က ကျနော်တို့မြို့လေးတွင် တပ်စွဲထားသည့် အမှတ် ၈ ခြေလျင်တပ်ရင်း၏၊ တပ်တွင်း အစိုးရမူလတန်းကျောင်းမှ ပြောင်းလာခဲ့သည့် ကျောင်းသားဖြစ်သည်။ အတန်းဖော် .. အခန်းဖော်ဖြစ်၍မကြာ … လှတင့်နှင့် ကျနော် ရင်းနှီးသွားကြ၏။ သူငယ်ချင်းများ ဖြစ်သွားကြ၏။

လှတင့်၏ အဖေက … အမှတ် ၈ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးတဦး ဖြစ်သည်။ လှတင့်၏ အဖေသည် အမြဲလိုလိုပင် စစ်ဆင်ရေးများ ထွက်နေရသည်။ အမှတ် ၈ ခြေလျင်တပ်ရင်းက …. တပ်မ ၇၇ ၏ လက်အောက်ခံတပ်ရင်း တရင်းဖြစ်သည်။ တပ်မ ၇၇ သည် ထိုစဉ်က … အရှေ့မြောက်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်နှင့် တလှည့် …. အရှေ့တောင်ဒေသရှိ KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် တလှည့် … ဟိုသည်ကူး၍ စစ်ဆင်ရေး ထွက်နေရ၏။

လှတင့်ထံမှ …. ‘ကွတ်ခိုင်၊ ကွမ်းလုံ’ ၊ ‘စီစိဝမ်၊ တာပံ’၊ ‘မော်ဖိုးကေ၊ မဲသဝေါ’ … စသည့် စစ်ပုံပြင်များအား မကြာခဏ ကျနော်တို့ ကြားရ၏။ လှတင့်၏ စစ်ပုံပြင်များက အဆုံးတွင်မူ ‘ရွှေဘ’ နိုင်သည်နှင့်ပင် အဆုံးသတ်မြဲ …။

ပြီးလျှင် … ငါလည်းကြီးရင် စစ်တပ်ထဲဝင်မယ်ဟု သူ၏ ငယ်အိမ်မက်အား လှတင့်သည် ကြုံးဝါးတတ်၏။ လှတင့်က … သူ၏ ညီအကိုမောင်နှမများတွင် အကြီးဆုံးဖြစ်သည်။ သူ့အောက်တွင် သူ၏ ညီငယ်၊ ညီမငယ်များက စီ၍နေသည်။ ၄ ယောက်လား၊ ၅ ယောက်လားမသိ။ သူ့ဖခင်တပ်ကြပ်ကြီးက နောက်တမ်းတလှည့် ပြန်ဝင်လာလိုက် ….၊ သူ့မိခင်က ကိုယ်ဝန်တခါဆောင်လိုက် …။

သူ့ဖခင်တပ်ကြပ်ကြီးက … ရှေ့တန်းတပတ် ပြန်ထွက်သွားလိုက် …။ သူ့မိခက်က တသားမွေးလိုက်နှင့် …။
မိသားစုများသဖြင့် တပ်ကြပ်ကြီးတဦး၏ ရသည့်လစာနှင့် ရိက္ခာသည်လှတင့်တို့အား ခါးမလှ … ဝမ်းမဝနိုင် …။ လှတင့်၏ ထမင်းဘူးသည် စစ်သုံး ‘ဟန်းကော’ ချိုင့်ကြီး ဖြစ်သည်။ နီနီ၊ ညိုညိုထမင်းတို့က လှတင့်၏ ဟန်းကောအတွင်း ပြည့်ပြည့်သိပ်သိပ်၊ ဟင်းကမူ ပဲနှင့် အားလူး တလှည့်စီဖြစ်သည်။ မုန့်ဘိုးဟူ၍ ရ … ဟန်လည်း မရှိ။ မုန့်ဈေးတန်းတွင် လှတင့်အား တခါမျှ မတွေ့ရ …။

ပဉ္စမတန်းတွင် ကျနော်နှင့် အတန်းဖော်သူငယ်ချင်း နောက်တယောက် … ‘ခင်ထွန်းဦး’ ဖြစ်သည်။ ခင်ထွန်းဦးသည်လည်း အမှတ် ၈ ခြေလျင်တပ်ရင်းမှပင် ဖြစ်သည်။ ခင်ထွန်းဦး၏ အဖေက … အမှတ် ၈ ခြေလျင်တပ်ရင်း၏ တပ်ရင်းမှူး …. ဒုဗိုလ်မှူးကြီးတင်ထွန်း ဖြစ်သည်။ ကျနော်၏ ငယ်သူငယ်ချင်း နှစ်ယောက်ကား …. စစ်သည်နှစ်ဦး၏ သားများဖြစ်၏။ တဦးက … ဒုဗိုလ်မှူးကြီး၏ သား …။ တဦးကမူ .. တပ်ကြပ်ကြီး၏ သား …။ ခင်ထွန်းဦး ကျောင်းလာလျှင် သူ့အဖေ ဒုဗိုလ်မှူးကြီးအတွက် ထုတ်ပေးထားသည့် ‘မာစတာဂျစ်’ စစ်ရောင်လေးနှင့် လာ၏။ ယာဉ်မောင်းအပြင်၊ စစ်သားတဦးသည်လည်း ခင်ထွန်းဦးနှင့်အတူ ပါ၏။ ထိုစစ်သားသည် ၁၁ နှစ်အရွယ် ခင်ထွန်းဦးအား ရိုရိုသေသေ၊ လေးလေးစားစား၊ ရိုရိုကျို့ကျို့နှင့် စောင့်ရှောက်ရင်း ကျောင်းဝင်းထဲအထိ လိုက်ပို့ရ၏။ လာ၍ ကြိုရ၏။

လှတင့်ကမူ … အကြပ်စစ်သည်သားသမီးများ၏ ကျောင်း … ကြို၊ ပို့ ‘ရိမ်းဂျာ’ စစ်ကားကြီးနှင့် ပြေးပြေးလွှားလွှား၊ တွန်းတွန်းတိုးတိုးနှင့် တပ်ထိန်းစစ်သည်တို့၏ အအော်၊ အငေါက်၊ အဆူ၊ အဆဲများ၏ အောက်တွင် ကျောင်းသို့ လာ၏။ ကျောင်းမှ ပြန်၏။ သူတို့ နှစ်ဦးအနက် ကျနော်သည် လှတင့်အား ပိုမို၍ ခင်မင်မိ၏။ လှတင့်က … ကျနော်တို့ထက် ၂ နှစ်မျှ ကြီးမည်။ အသက်ကြီးသော်လည်း လှတင့်သည် ဥာဏ်ရည်မထက်မြက် …။ အကြီးဆုံးသားဖြစ်သဖြင့် အိမ်ပြန်ရောက်လျှင် လှတင့်သည် သူ့မိခင်အား ကူညီရ၏။ ကလေးထိန်းပေးရ၏။ ထင်းခွေရ၏။ ဝက်စာကြွေးရ၏။ ဤအတွက် …. လှတင့်သည် စာဖတ်ချိန်ရှိဟန် မတူ …။ အတန်းထဲ၌ လှတင့်သည် စာညံ့သည့် ကျောင်းသားစာရင်း၌ ပါ၏။ လှတင့်က … ဆင်းရဲသော မိဘ၏ စာညံ့သော သားဟူ၍ ဆိုရမည်။


(ဂ)

‘အဖိုးလေး’ က စာသင်လျှင် … ကြိမ်လုံးနှင့် စ၏။ စာသင်ခန်းအတွင်းသို့ ဝင်သည်နှင့် ‘အဖိုးလေး’ သည် စားပွဲခုံအား ကြိမ်နှင့် ၃-၄ ချက် ရိုက်၏။ ‘အဖိုးလေး’ ၏ ကြိမ်သံအောက်၌ အတန်းသည် နှာသီးဖျားမှ လေဝင်လေထွက်အား ပြန်၍ကြားရသည့်တိုင် .. ငြိမ်၍ တိတ်လျက် …။

ကျနော်တို့ ခေတ်ပညာရေးက အလယ်တန်းသို့ရောက်မှပင် အင်္ဂလိပ်ဘာသာအား စတင်၍ သင်ကြားကြရ၏။ ၅ တန်းသို့ ရောက်မှ A, B, C, D, …. နှင့် ထိတွေ့ရခြင်း …။ ‘အဖိုးလေး’ က ပဉ္စမတန်းတွင် အင်္ဂလိပ်စာသင်၏။ ‘အဖိုးလေး’ သည် အတန်းရှေ့ရှိ Black Board တွင် A မှ Z အထိအား အင်္ဂလိပ်အက္ခရာ အကြီးနှင့်ရေးပြီး … စာတလုံးစီအား ကြိမ်ဖျားနှင့်ထောက်၍ တိုင်ပေး၏။ ကျနော်တို့အားလုံးက လိုက်၍ဆိုကြရ၏။ တခေါက်၊ နှစ်ခေါက်၊ သုံးခေါက် …။

ပြီးလျှင် … ‘အဖိုးလေး’ သည် တတန်းလုံးမှ လိုက်၍ ရွတ်ဆိုနေရာက … ကျောင်းသားတယောက်ချင်းစီအား လိုက်၍ ရွတ်ဆိုစေပြန်သည်။ အတန်းရှေ့ထွက်၍ ‘အဖိုးလေး’ ကြိမ်နှင့် ထောက်ပြသည်အား ရွက်ဖတ်ရခြင်း ဖြစ်၏။ မလွယ် ….။ အတန်းရှေ့သို့ တယောက်တည်း ထွက်ရခြင်းနှင့် ‘အဖိုးလေး’ ၏ ကြိမ်တဝင့်ဝင့်တို့ကြောင့် မှတ်မိထားသည့်တို့ပင်လျှင် အလွဲလွဲအချော်ချော် ဖြစ်စေ၏။ လွဲမှားလျှင် ‘အဖိုးလေး’ ၏ ကြိမ်စင်္ကြာက ကြောပြင်ဆီသို့ ‘ဖုန်း’ ကနဲ ရောက်လာပြန်၏။ ဤသို့နှင့်ပင် … ကျနော် A မှ Z အထိ ရွက်ဆို၍ ပြီးသွားခဲ့၏။ ကျနော် အလှည့်ပြီးလျှင်က … လှတင့်၏ အလှည့် …။ လှတင့် ရွံ့ရွံ့နှင့်ပင် အတန်းရှေ့သို့ ထွက်သွား၏။ A, B, C, D, E …. လှတင့် ရွတ်ဆို၍ ပြီးသည်နှင့် ‘အဖိုးလေး’ ၏ ကြိမ်တံဖျားက Black Board ပေါ်ရှိ ‘F’ အက္ခရာအား ထောက်ထား၏။ လှတင့် … ‘F’ အား ရွတ်၏။

‘အဖု’
လှတင့်က …. ‘F’ အား ‘အက် (ဖ်)’ ဟု အသံမထွက် … ‘အဖု’ ဟုသာ အသံထွက်၏။ ‘အဖိုးလေး’ ၏ ကြိမ်တံက … လှတင့်၏ ကြောပြင်သို့ …။ လှတင့် ထပ်မံ၍ ရွတ်ပြန်သည် …။

‘အဖု’
‘အဖိုးလေး’ ၏ ကြိမ်တံက လှတင့်၏ ကြောပြင်ဆီသို့ …။ ကြိမ်နှင့်ကြောပြင် ထိတွေ့သံက ပထမအကြိမ်ထက်ပို၍ ကျယ်၏။ တတိယအကြိမ်မြောက် ထပ်မံ၍ ရွတ်ပြန်သည်။

‘အဖု’
‘ဖြန်း’
‘အဖု’
‘ဖြန်း’
‘အဖု’
‘ဖြန်း’
မရ …။ လှတင့် ‘F’ အက္ခရာအား ‘အက်ဖ်’ ဟူ၍ မည်သို့မျှ ရွတ်ဖတ်၍ မရ …။
နောက်ဆုံး .. ‘အဖိုးလေး’ လည်း မောပြီ။ ‘အဖိုးလေး’ အလျှော့ပေးလိုက်ရ၏။ ထိုနေ့ကစ၍ … လှတင့်သည်လည်း …. လှတင့်အမည်ပျောက်၍ ‘အဖု’ ဖြစ်သွား၏။


(ဃ)

ထိုနှစ်က … ‘အဖု’ ပဉ္စမတန်းစာမေးပွဲအား ကျ၏။ ‘အဖု’ က ၂ နှစ် တတန်းနှုန်းနှင့် မှန်မှန်ပင် စာမေးပွဲများအား အောင်မြင်ခဲ့ပြီး … အဋ္ဌမတန်းသို့ ရောက်ခဲ့၏။ အတန်းမတူသော်လည်း တကျောင်းတည်းဖြစ်၍ ကျနော်နှင့် ‘အဖု’ အဆက်အသွယ်မပျက် …။ ပေါင်းဖော်မိခဲ့သည်ပင် …။ အဋ္ဌမတန်းတွင်မူ ‘အဖု’ ၂ နှစ် ဖြေသော်လည်း မအောင်တော့ …။ ထိုစဉ်က … အဋ္ဌမတန်းသည် ‘ကျောင်းစစ်’ စာမေးပွဲမဟုတ်၊ ‘ပြည်နယ်စစ်’ စာမေးပွဲဖြစ်၍ မလွယ် …။ ‘အဖု’ ၈ တန်းတွင် ၂ ကြိမ် ကျပြီးသည့်နောက် … ကျောင်းပြီးသွားခဲ့၏။ ‘အဖု’ ကျောင်းထွက်သွားသည့် နှစ်တွင်ပင် ‘အဖိုးလေး’ သည်လည်း ‘ပင်စင်’ ယူသွားခဲ့၏။ ‘အဖိုးလေး’ နှင့် အဖုတို့က …. တနှစ်တည်းပင် ကျောင်းအား စွန့်ခွားသွားခဲ့ကြ၏။ အဖု ကျောင်းထွက်သွားပြီးသည့်နောက်တွင် အဖုနှင့် ကျနော် မဆုံဖြစ်တော့ …။

နောက်ပိုင်း … အဖု စစ်တပ်ထဲ ဝင်သွားသည်ဟု သိရ၏။ စစ်သားဖြစ်သွားသည့် အဖုနှင့် ကျောင်းသားအဖြစ်နှင့် ကျန်ခဲ့သည့် ကျနော်တို့ ၂ ဦး၏ ဆုံမှတ်က ဝေး၍သွားလေပြီ။ နွေဦးသည် စော၍ ဝင်လာလိုက် …၊ နောက်ကျ၍ ဝင်လာလိုက်နှင့် ရာသီစက်ဝန်းအား လှည့်၏။ ၁၉၈၈ ခုနှစ် ‘၈’ လေးလုံး အရေးတော်ပုံကြီးအတွင် အဖု မည်သည့် စစ်မျက်နှာတွင် တာဝန်ကျ၍၊ မည်သည့် တာဝန်များအား ထမ်းဆောင်နေခဲ့သည်ကို ကျနော်မသိ …။ ကျနော်ကမူ ကျနော်တို့ အဖုတို့ ကျောင်းနေခဲ့သည့် မြို့လေး၏ သပိတ်စခန်း၌ သပိတ်တပ်သားတဦးအဖြစ်နှင့် …။

(င)

နွေတနေ့ …။
နွေတနေ့တွင် ကျနော် … ဆရာဦးဘတင်နှင့် အဖုတို့အား ပြန်ဆုံတွေ့ခွင့် ရ၏။ ဆရာဦးဘတင်နှင့် အဖုတို့က …. မြို့လေး၏ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လစာထုတ်ရန် တန်းစီ၍ စောင့်နေကြ၏။ အတိတ်သည် လျင်မြန်စွာနှင့်ပင် ကျနော်တို့ ၃ ဦး၏ ရင်အတွင်းသို့ တိုးဝင်၍ ခိုလှုံလာခဲ့၏။ ဆရာဦးဘတင်သည် တပည့် ၂ ဦးအား ဆုံတွေ့ခွင့်ရသဖြင့် ခဏငယ်အတွင်း ပြန်၍ နုပျိုသွားသည်ဟု ထင်ရသည်။

ဦးပြည့်ပြောင်ပြောင် … ပင်နီဖျင်ကြမ်းတိုက်ပုံနှင့် ဆရာသည် ယခင်ကကဲ့သို့ ကြိမ်လုံးကိုမူ လက်ကမကိုင်တော့ …။ ကြိမ်လုံးအစား တောင်ဝှေ့အား ဆရာ အဖော်ပြုထား၏။ ဆရာ၏ ပင်နီဖျင်ကြမ်း တိုက်ပုံသည်ဖျော့၍ အရောင်လွင့်နေပေပြီ။ ကျနော်က …. ဆရာနှင့်အဖုအား စုပေါင်းရုံးအတွင်းရှိ သက်သာဆိုင်တွင် လက်ဖက်ရည်သောက်ရန် ဖိတ်၏။ ဆရာသည် တောင်ဝှေးအား ယူ၍ လက်ဖက်ရည်ဆိုင်သို့သွားရန် ထ၏။ အဖုကမူ …. ကျနော်ဝတ်ထားသည့် ပင်နီတိုက်ပုံနှင့် ဘယ်ဘက်ရင်ဘတ်တွင် ထိုးထားသည့် အဖွဲ့ချုပ်ရင်ထိုးအား ကြည့်ပြီး ရွံ့နေဟန်ရှိ၏။ ကျနော်နှင့်အတူ လက်ဖက်ရည်ဆိုင်အတွင်း တစားပွဲတည်းထိုင်ရန် စစ်ပြန်စစ်သားကြီးသည် ကြောက်နေဟန်တူ၏။

၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် … မြို့နယ်လေးအတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးဆင်းရန် မြို့နယ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်တွင် ခွင့်ပြုမိန့် လာရောက်တင်သည်ဖြစ်၍ အဖွဲ့ချုပ်၏ ဝတ်စုံအား ကျနော် ဝတ်ဆင်ထားခဲ့၏။

ကျနော်က …. ရင်ဘတ်တွင် ထိုးထားသည့် ရင်ထိုးတံဆိပ်အား ဖြုတ်လိုက်ပြီး အဖုအား လက်ဖက်ရည်ဆိုင်သို့ သွားရန် ထပ်မံပြီး ခေါ်သည်။ အဖုသည် လေးတွဲစွာဖြင့် … အနီးတွင် ထောင်ထားသည့် ချိုင်းထောက်အား ယူ၍ ထိုင်ရာမှ ထ၏။ ဤတွင်မှ … အဖု၏ လက်ဝဲဘက်ခြေသည် ခြေကျင်းဝတ်မှ တိတိပြတ်နေသည်အား သတိထားမိ၏။ ဆရာဦးဘတင်သည် တပည့်ဟောင်း ၂ ဦးနှင့်အတူ ထိုင်ရင်း …. အတိတ်သို့ ခရီးနှင်နေဟန်ရှိ၏။ အဖုက …. သူကျောင်းမှ ထွက်ပြီး တပ်ထဲတွင် ၄ နှစ်ကြာခဲ့သည့်အကြောင်း …၊ ဒု-တပ်ကြပ် တာဝန်နှင့် မိုင်းယန်းတိုက်ပွဲတွင် မိုင်းထိ၍ ဘယ်ဘက်ခြေတချောင်းအား ခြေခြင်းဝတ်မှ ဖြတ်ခဲ့ရပြီး … ယခု တပ်မှထွက်၍ နိုင်ငံတော်မှ ထောက်ပံ့သည့် ပင်စင်လစာလေးနှင့် မြို့တွင် ပြန်လာ၍ နေထိုင်နေသည်ဟု ဆို၏။

“ပင်စင်လစာတခုတည်းနဲ့ဆိုတော့ ဒီနေ့ကုန်ဈေးနှုန်းနဲ့ လောက်ငှရဲ့လား …”။ ဆရာအိုက တပည့်ဟောင်းအား ပူပန်စွာနှင့် မေး၏။

“ဒီလိုပါပဲ ဆရာ … ပင်စင်က တလကို ၄၅ဝ ကျော်ကျော်ရတယ်။ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ဆန်၊ ရိက္ခာအချို့ ထောက်ပံ့တယ်။ ငတ်တော့ မငတ်ဘူးပေါ့ဆရာ….”။ အဖု အသံက သွေ့သွေ့ခြောက်ခြောက် …။

“ဟ … လှတင့်ရ ဘယ်ဆိုးလို့လဲကွ … မင်း ပင်စင်က ဆရာပင်စင်ထက်တောင် များသေးတယ်…”

ဆရာ၏ အသံတွင် မုဒိတာ စွတ်၍နေ၏။ အလယ်တန်းပြ ကျောင်းဆရာတဦး၏ ပင်စင်လစာက …. ကျပ် ၃ဝဝ ပင် မပြည့် …။ ၂၈၅ ကျပ်သာ ရ၏။

ကျပ် ၃ဝဝ မပြည့်သည့် ပင်စင်လစာငွေလေးနှင့် ဆရာ မည်သို့အသက်ဆက်နေခဲ့သနည်း …။ ပိန်၍ ဖျော့ယော်နေသည့် ဆရာ၏ ခန္ဓာနှင့် အသားအရေသည် ဇရာတခုတည်းကြောင့်မူ မဖြစ်နိုင် …။

“တိုင်းပြည်အတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းတခု စွန့်လွှတ်ခဲ့ရလို့များလား …. မသိဘူးဆရာ” ဟု အဖုသည် သူ၏ ပင်စင်လစာနှင့် ပတ်သက်၍ မရဲတရဲ ဆိုသည်။

ဆရာသည် တစုံတရာပြောရန် ပြင်လိုက်ပြီှး …. ချောင်းဆိုးလာသဖြင့် ဆရာထံမှ စကားသံက ထွက်မလာ …။ ဆရာ၏ ချောင်းသံက ရင်ခေါင်းအတွင်းမှ လှိုက်၍ … လှိုက်၍ ထွက်လာသည့်အသံ …။ ဆက်၍ … ဆက်၍ ဆိုးနေရသဖြင့် ဆရာအိုသည် မောနေ၏။ ချောင်းဆိုးရပ်၍ ထွေးထုတ်လိုက်သည့် ဆရာ၏ သလိပ်ခဲတွင် သွေးခဲစလေးက လုံးထွေး၍ ပါလာ၏။ သွေးခဲစတစက …. အနားတွင် ထောင်ထားသည့် အဖု၏ ချိုင်းထောက်ဖျားပေါ်သို့ လွှင့်စင်၍ တင်ကျန်နေသည်။

ဆေးလိပ်မသောက်၊ အရက်မသောက်ခဲ့သည့် ဆရာ၏ အဆုတ်သည် နှစ်ပေါင်း ၄ဝ ကြာ နိုင်ငံတော်၏ ပညာဝန်အား ထမ်းရင်း ….. မြေဖြုမှုန့်များအား ရှုရှိုက်ရင်း …. မည်မျှ အနာတရဖြစ်၍ ပျက်စီးနေလေပြီနည်း ….။

ချိုင်းထောက်ပေါ်ရှိ သွေးခဲစလေးအား အထိတ်တလန့်နှင့် ကျနော် ကြည့်နေမိ၏။

No comments:

Post a Comment