Wednesday, May 5, 2010

နအဖက မိုင်းလားတပ်ဖွဲ့အား ဖျော်ဖြေရေးအပါအ၀င်နည်းအမျိုးမျိုးဖြင့် စည်းရုံး

သျှမ်းသံတော်ဆင့်

နအဖစစ်အစိုးရသည် မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ချောက်တလှည့်၊ ချော့တလှည့်နည်း အမျိုးမျိုး ဖိအားပေးစည်းရုံးလျက်ရှိသည်။

တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးဦးဆောင်သော အပေါင်းပါနှစ်ဆယ်ကျော်သည် ကား(၄)စီးနှင့် မိုင်းလားသို့ ဧပြီလ ၂၈ ရက် ဗုဒဟူးနေ့ နံနက်ပိုင်းတွင် သွားရောက်ပြီး မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် အချို့နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစကို ထပ်မံသွားရောက်ဖြောင်း ဖြတိုက်တွန်းခဲ့ ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းလားမြို့သို့ မြန်မာအဆိုတော် ၇-၈ ယောက်အပါအ၀င်တီးဝိုင်းသားအားလုံးပေါင်း ၁၀ ယောက် ကျော်လည်းလိုက်ပါ သွားပြီး ထိုညတွင် မြန်မာသီချင်းများနှင့် ဖျော်ဖြေခဲ့ပြီး အစီအစဉ်ကိုသန်းခေါင် ယံ ကျော် ၁ နာရီ၊ ၂နာရီလောက်မှ ရပ်နားခဲ့ကြောင်း သိရှိရသည်။

“အဲဒီဖြေဖျော်ပွဲကို မိုင်းလားတပ်က အရာရှိတွေကတော့ သိပ်မကြည့်ကြဘူး။ မိုင်းလားမှာလာပြီး အလုပ်လုပ်ကြတဲ့ ဗမာလူမျိုးငါးရာ-ခြောက်ရာလောက်ဘဲ ကြည့်ရှုအားပေးကြတယ်” ဟု ဒေသခံ တဦးကပြောပါသည်။

“မိုင်းလားနဲ့ဝတပ်ဖွဲ့က အရင်ကထက် စစ်ရေးပြင်ဆင်မှုလုပ်ပြီး တပ်တွေထပ်ဖြည့် ပိုတင်းတပ် လှန့်ထားတော့ နအဖတို့က လွယ်လွယ်နဲ့စည်းရုံးလို့မရဘူးလေ။ ဒါကြောင့် အနုပညာရှင်တွေ ခေါ်ပြီးသွားရောက် ဖြေဖျော်ခိုင်းတာဟာ အနုနည်းနဲ့ သိမ်းသွင်းယူတာပဲ” ဟု အချို့က သုံးသပ်ကြသည်။

နောက်ဆုံးကန့်သတ်ချိန်ကျော်လွန်ပါက အပစ်ရပ်အဖွဲ့များအား နအဖ က ထိုးစစ်ဆင် တိုက်ခိုက်မည်ဆိုသောသတင်း သည် ဘန်းပြခြင်းသာဖြစ်ကြောင်း၊ KIA နှင့် UWSA အဖွဲ့များလည်း နအဖ၏ ဖိအားပေးမှုကို လုံးဝလက်မခံတင်းမာ နေဆဲဖြစ်ကြောင်း လေ့လာသူများ သုံးသပ်နေကြသည်။


No comments:

Post a Comment