NEJ/ ၇ မေ ၂ဝ၁ဝ
အန်အယ်လ်ဒီပါတီမှ ဗဟိုအလုပ်အမှုဆောင်အချို့သည် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် နိုင်ငံရေးပါတီတခု တည်ထောင်ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။
ပါတီသစ်ဖွဲ့စည်းရန် ဦးဆောင်ဦးရွက်လုပ်နေသော ဒေါက်တာသန်းငြိမ်းက “ပါတီအမည်က အမျိုးသားဒီမိုကရေစီအင်အားစုပါ။ အင်္ဂလိပ်လိုတော့ National Democratic Force ပေါ့။ ကျနော်တို့ မှတ်ပုံမတင်ရသေးပါဘူး။ အခုမှ စီစဉ်နေတာပေါ့။ ကျနော်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ကော့ကရိတ် ဦးသိန်းညွန့်၊ ဦးစိန်လှဦးတို့လည်း ပါပါတယ်။ အခုလောလောဆယ်တော့ စာရင်းလုပ်နေပါတယ်၊ အန်အယ်လ်ဒီ လူငယ်ပိုင်းကလည်းပါပါတယ်။ တခြားပြင်ပက ပုဂ္ဂိုလ်အချို့လည်း ပါပါတယ်။ မကြာခင် ကြေညာချက်ထုတ်မှာပါ” ဟု ပြောသည်။
ယခု ပါတီသစ်ဖွဲ့စည်းရန် ဦးဆောင်နေသူများဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြပြီး ဗဟိုဦးစီးအဖွဲ့ဝင်အချို့လည်း ပူးပေါင်းပါဝင်မည်ဟု သိရသည်။
အဆိုပါ ပါတီဖွဲ့စည်းရေး ကမကထလုပ်နေသူများသည် အန်အယ်လ်ဒီပါတီ ဆက်လက်မှတ်ပုံမတင်တော့သည့် ဆုံးဖြတ်ချက်အပေါ် သဘောမတူခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြီးခဲ့သည့် မတ် (၂၉) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသို့ မှတ်ပုံမတင်သည့်အတွက် နအဖစစ်အစိုးရ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ယမန်နေ့ မေလ (၆) ရက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ၏ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် နောက်ဆုံးနေ့ဖြစ်သည်။
မြန်မာစစ်အစိုးရက မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ရှိဆဲပါတီများသည် ရက်ပေါင်း (၆၀) အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံမှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။
ထိုသို့ အန်အယ်လ်ဒီပါတီ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ကုန်ဆုံးပြီးနောက် ယခုကဲ့သို့ အန်အယ်လ်ဒီမှ ဗဟိုအလုပ်အမှုဆောင် ဖြစ်ခဲ့သူ အချို့ပါဝင်မည့် ပါတီသစ်ဖွဲ့စည်းမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
No comments:
Post a Comment