Wednesday, May 19, 2010

စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စတင်ထွန်းကားခြင်း

ရဲဘော်ဖိုးသံချောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ဘယ်လိုလုပ်မယ်ဆိုတာကို ပြည်တွင်းပြည်ပရှိ မြန်မာပြည်အရေးစိတ်ဝင်စားနေသူတိုင်းက စူးစူးစိုက်စိုက် စောင့်ကြည့်နေကြပါတယ်။ ဒီအထဲမှာ ဒီချုပ်ဇာတ်သိမ်းခန်းကို ကြည့်ရတော့မဟဲ့လို့ အားခဲထားသူတွေပါသလို နာကျည်းစိတ်မကောင်းစွာနဲ့ စောင့်ကြည့်နေကြသူတွေလည်းပါပါတယ်။

ရေဒီယိုအင်တာဗျူးတွေမှာ ပါတီသစ်ထောင်လိုက်ကြောင်း အားပါးတရပြောနေတာ ကြားရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးမှာ “ကမ္ဘာမကြေဘူး”သီချင်းကို မျက်ရည်တွေနဲ့ ဆိုနေကြတယ်ဆိုတာလည်း ကြားရပါတယ်။

ဘာပဲပြောပြော ဒီဆောင်းပါးရေးနေတဲ့အချိန်အထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကိုလည်း ဖြုတ်မချသေး၊ မတရာသင်းလည်း မကြေညာသေးပါဘူး။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ဒီနေရာမှာ အားလုံးစဉ်းစားလို့ရအောင် သမိုင်းဖြစ်ရပ်တခုကို တင်ပြချင်ပါတယ်။ မှီငြမ်းစဉ်းစားဖို့ပါ၊ ထပ်တူဆွဲ နှိုင်းယှဉ်ဖို့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်တုန်းက အဖြစ်အပျက်-။

မတ်လ (၂၈) ရက်ညမှာ ဖဆ-ဆိုရှယ်လစ်တွေက ကွန်မြူနစ်တွေကို တပြည်လုံးအနှံ့ ဖမ်းဆီးပွဲကြီးလုပ်ပေမယ့် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလုပ်သလိုပဲ ဆိုင်းဘုတ်ဖြုတ်တာ၊ ပါတီမတရားသင်းကြေညာတာတွေ မလုပ်ပါဘူး။ သူတို့ရဲ့စာရင်းထဲမှာ ရှိနေသူတွေကိုပဲ အတင်းတွန်းဖမ်းနေခဲ့တာပါ။ နောက်ပြီး ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ပြီး အဲဒီအခါတုန်းက ပါတီအပြင်ဘက်ရောက်နေတဲ့ ဦးသိန်းဖေမြင့်ကိုတော့ လက်ဖျားနဲ့မတို့ပါဘူး။ ဘေးမဲ့ပေးထားပါတယ်။ ဒါပေမယ့် ဖမ်းလို့မမိဘဲ လွတ်သွားတဲ့ ကွန်မြူနစ်တွေကို ဝရမ်းပြေးတွေအဖြစ် သတ်မှတ်ပြီး စစ်တပ်၊ ပုလိပ်တပ်နဲ့ တောနင်းရှာပါတယ်။
အချုပ်ကားကြီးတွေ တဝီဝီနဲ့လည်း နယ်အနှံ့ဆင်းပြီးဖမ်းပါတယ်။ ဖမ်းမိတဲ့သူကို ထွက်ပြေးလို့ဆိုပြီး ပစ်သတ်တာတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့မှ ဝရမ်းပြေး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ သတင်းစာမှာ ထုတ်ပြန်ပါတယ်။

ဒါနဲ့ဆက်ပြီးစဉ်းစားရမှာက (ဦး) သိန်းဖေမြင့်ရေးတဲ့ “သိန်းဖေမြင့်၏ကျော်ငြိမ်း”စာအုပ်ပါ။ အဲဒီစာအုပ်မှာ ဦးကျော်
ငြိမ်းက နိဒါန်းရေးတော့ ဒီလိုပါတာတွေ့ရပါတယ်။ “စတာလင်သာ (၁၀) နှစ်လောက်စောပြီးသေရင်၊ ကရုရှော့ဖ်သာ (၁၀)
နှစ်စောပြီး ရုရှခေါင်းဆောင်ဖြစ်ရင် ကွန်မြူနစ်အထွေထွေအတွင်းရေးမှူးဟာ ဦးသိန်းဖေမြင့်သာ ဆက်ဖြစ်နေမယ်-တဲ့။”
ပြောင်ဝန်ခံထားတယ်လို့ ဆိုရမလားပါပဲ။

လိပ်ပတ်လည်သွားတယ်လို့ ဆိုရမှာပါ။ ကွန်မြူနစ်ပါတီဆိုင်းဘုတ်တွေ မဖြုတ်သေးဘဲထားတာ၊ မတရားသင်းမကြေညာ
သေးဘဲထားတာတို့ဟာ ဦးသိန်းဖေမြင့်နဲ့ သူတစင်ထောင်လာမယ့်သူ့ရဲ့“ကွန်မြူနစ်ပါတီသစ်” အတွက် အခွင့်အလမ်းဖွင့်
ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဦးသိန်းဖေမြင့်နောက်မှာက သူ့မိန်းမတယောက်သာရှိလေတော့ ဖဆပလ အစိုးရလည်း မစောင့်နိုင်တော့ဘဲ ၁၉၅၃ ခုနှစ်ထဲလောက်ရောက်တော့မှပဲ ကွန်မြူနစ်ပါတီကှို မတရားသင်းကြေညာခဲ့ပါတယ်။

ဒါနဲ့တဆက်တည်းမှာ ဆိုရှယ်လစ်တွေနဲ့ဗိုလ်နေ၀င်းတို့စစ်တပ်က သခင်စိုးနဲ့အလံနီပါတီကို တမင်မွေးသလိုချန်ထားတဲ့
အကြောင်းကိုလည်း ထောက်ပြလိုပါတယ်။ သခင်စိုးက ဗကပကို တိုက်ခိုက်နေသရွေ့ သူတို့ကို ထိထိရောက်ရောက် ထိုးစစ် မဆင်ဘဲ မွေးထားပါတယ်။ လက်ဝဲသမားတွေအထဲမှာ အရှုပ်အထွေးတွေဖြစ်အောင်၊ အလံနီပါတီရဲ့“ကွဲအက်ရေးမှ ခွဲထွက်ရေးသို့” ဆိုတဲ့ပေါ်လစီအတိုင်း အတိုက်အခံတွေထဲမှာ ကွဲပြဲအောင်လုပ်နေသရွေ့ဖဆပလနဲ့မဆလတို့က ဘေးမဲ့
ပေးထားပါတယ်။ မြို့ပေါ်ကိုလည်းတက်မလာ၊ တောတွင်းကပဲ လုပ်နေတာဆိုတော့ အစိုးရတွေက အသာလွှတ်ထား
ပါတယ်။ မြို့ပေါ်တက်လှုပ်ရှားတဲ့ အလံနီယူဂျီတွေကိုသာ ဖမ်းပါတယ်။ နောက်ဆုံးမှာ သခင်စိုးကိုယ်တိုင်က ဘယ်သူမှ မယုံကြည်တဲ့ ဆင်ခြေပေးပြီး လက်နက်ချလာတော့မှ ဖမ်းလိုက်ပြီး မဆလတရားရုံးနဲ့ သတင်းစာတွေကနေ သိက္ခာ
နှစ်ပြားဖိုးမှမကျန်အောင် သိက္ခာချတော့တာဖြစ်ပါတယ်။

အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီချုပ်ခေါင်းဆောင်တွေကို တိုက်ခိုက်နေ၊ ဆဲရေးနေသရွေ့ နအဖက ဘေးမဲ့ပေးထားမယ့် သဘောရှိပါတယ်။ ပြည်တွင်းမီဒီယာတွေမှာ ပြောစရာ၊ ရေးစရာနေရာတွေ ရနေမှာပါ။ ဒါပေမယ့်လည်း အဲဒီလို အသုံးချတန်ဖိုးကုန်သွားပြီဆိုရင်တော့ ကိုယ့်ခေါင်းကိုယ်စမ်းနေပေရော့ ဖြစ်နိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ဗိုလ်အောင်ကြီးနဲ့ ‘တတ်သိ’ တွေ ပြဿနာဖြစ်ကြတော့ စစ်အစိုးရက “တတ်သိ” တွေကို အားလုံးလိုလိုဆွဲစေ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဒေါ်စုကို ရာသက်ပန်ဆဲနေမယ့် ဗိုလ်အောင်ကြီးကိုတော့ စမူဆာလောပန်းဖြစ်စေခဲ့တာကိုလည်း သတိရသင့်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားအတိုက်အခံတွေကိုသာ တိုက်ခိုက်နေမယ်ဆိုရင် နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီက စပေ့စ်တွေ အများကြီးပေးထားမှာ သေချာပါတယ်။ ဒီလိုနဲ့ သူတို့လက်ကိုင် အလံရှူးတွေအတွက် ဒီမိုကရေစီပေးလိုက်တာ ခွပ်ဒေါင်းအလံဆွဲအသုံးချတဲ့ ကိစ္စပေါ်လာတော့ နအဖစစ်အစိုးရအဖို့ အတော်အကြပ်ရိုက်သွားပါတယ်။ ဒီလိုနဲ့ ကိုယ့်လူကိုယ် ကြိတ်ဆုံးမရတာတွေ ဖြစ်လာပါတယ်။

ဒါ့အပြင် နအဖဟာ အချိန်တန်ပြီထင်လို့ ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွံ့ကို ပါတီအဖြစ် ပွဲထုတ်လိုက်တာဟာလည်း သူတို့ထင်
မထားတဲ့ ဆန့်ကျင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကြံ့ဖွံ့ဟာ စပေ့စ်မှ အဆောက်အဦတွေ၊ ရုံးခန်းတွေ၊
ရုံးပစ္စည်းတွေသာမကာ လူရိုက်ခွင့်၊ လူသတ်ခွင့်တွေတောင် ရခဲ့ဖူးပါပြီ။ ဒီတော့ ရှေ့မှာ မြင်းချို (ဂျို) တပ်တာထက် ဆိုးတာတွေ ပေါ်ပေါက်ဖို့ အကြောင်းတွေ ရှိနေပါတယ်။

မြန်မာပြည်သမိုင်းမှာ စစ်အာဏာရှင်တွေဟာ သူတို့ကို အတိုက်အခံပြုသူတွေနဲ့အတူ တရားဝင်အတူတည်ရှိနေထိုင်တာ၊ သူတို့ကို ဝေဖန်ပြောဆိုခွင့်ပြုတာရယ်လို့ တခါမှမရှိခဲ့ဖူးပါဘူး။ ဒီအစဉ်အလာလို ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့လိုလူတွေက ချိုးဖောက်ပြုပြင်မယ်လို့ တွက်တာဟာ စိတ်ကူးယဉ်တာထက် အများကြီးပိုဆိုးတဲ့ အမှားဖြစ်ပါလိမ့်မယ်။ အာဏာဆုပ်ကိုင်ထားသူတွေဘက်ကကြည့်ရင် တခါ-တခါမှာ ကိုယ်နဲ့မတူသူတွေကို အပြင်ဘက်ထားပြီး ချုပ်ကိုင်ရတာထက်၊ အတွင်းထဲထားပြီး ချုပ်ကိုင်ရတာဟာ ပိုမီးသေ၊ ပိရိတာကို တွေ့ရပါတယ်။ နံရံကို ခေါင်းနဲ့တိုက်မယ်ဆိုရင် ကြားမှာကွက်လပ်လေး-စပေ့စ်လေး ရှိမှပိုနာတယ်၊ ကွဲနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။





No comments:

Post a Comment