Monday, May 17, 2010

ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အိန္ဒိယရူပီ ကုဋေ ၃၄၂ အကုန်ကျခံ တည်ဆောက်မည်

မင်းဆက်ခိုင်(နိရဉ္စရာ)

ရခိုင်ပြည်နယ်ရှိ ကုလားတန် မြစ်ကြောင်း သွားလာရေး ဘက်စုံ စီမံကိန်းကို အိန္ဒိယရူပီငွေ ကုဋေ ၃၄၂ အကုန်ကျခံပြီး အကောင်အထည်ဖေါ် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကုလားတန် မြစ်ကြောင်း စီမံကိန်းကို လုပ်ပိုင်ခွင့် ကန်ထရိုက်ရထားသော အိန္ဒိယနိုင်ငံမှ Essar ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့မှ အဆိုပါ စီမံကိန်းအတွက် အိန္ဒိယရူပီငွေ ကုဋေ ၃၄၂ ကန်ထရိုက်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့သည်။

Essar ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သဘောတူချက် အရ အဆိုပါ စီမံကိန်းကို ၃နှစ်အတွင်း အကောင် အထည်ဖေါ်ရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ စာချုပ်အရ ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် ပလက်ဝမြို့ တို့တွင် ဆိပ်ကမ်း နှစ်ခု တည်ဆောက်မည် ဖြစ်သည်။

၎င်း စီမံကိန်းထဲတွင် စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် အပိုင်းကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ပြီး မြေတူးစက်များဖြင့် မြစ်ချောင်းများကို ကုန်တင် ရေယာဉ်များ ၀င်ထွက် သွားလာနိုင်အောင် ရှင်းလင်းသွားမည် ဖြစ်သည်။

ရခိုင်ပြည် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ဦးခိုင်ထွန်းလင်းမှ အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ယခုကဲ့သို့ ပြောသည်။

“ဒီ ကုလားတန်းမြစ်ကြောင်း စီမံကိန်းကြောင့် အဓိက ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေက ငါးအပါအဝင် ရေနေသတ္တဝါတွေ ပြုန်းတီးသွားမယ်။ နောက်ပီးတော့ သဘာဝ ပေါက်ပင်တွေ ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်မယ်။ လူ့အခွင့် အရေး ချိုးဖေါက်ခံရမှုတွေ ပိုများလာပါမယ်။”

၎င်းပြင်သူက “ မြစ်ချောင်းတွေ ကျဉ်းတဲ့ နေရာတွေကို သူတို့က မိုင်းတွေနဲ့ ဖေါက်ခွဲမှုတွေ လုပ်လာမယ်။ တောင်တွေကို မြေတူးစက်တွေနဲ့ ဖြိုချရမယ်။ ၂၀၀၈ ခုနှစ်က ဒီစီမံကိန်း အတွက် အိန္ဒိယ အာဏာပိုင်တွေက အိန္ဒိယ-မြန်မာနယ်စပ်မှာ မြစ်ချောင်းတွေကို မိုင်းတွေနဲ့ ဖေါက်ခွဲမှုတွေ လုပ်ခဲ့တာတွေရှိတယ်။ အဲဒီတုန်းက ရခိုင်နယ်စပ်မှာ ငါးတွေ သေကြေပျက်စီးတာတို့ရှိခဲ့တယ်။” ဟု ပြောသည်။

ရေနေသတ္တ၀ါများနှင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးသည့် အပြင် လူ့အခွင့် အရေး များလည်း ပိုမို ချိုးဖေါက်ခံလာရမည်ဟု သူက ပြောသည်။

“ အဲဒီ ၂၀၀၈ ခုနှစ်ကဆိုရင် အိန္ဒိယ-မြန်မာနယ်စပ် ကုလားတန် မြစ်ချောင်းမှာ သွားလာနေတဲ့ လှေတွေနဲ့ နယ်စပ်မှာ သွားလာမှုတွေကို ၃လခန့် ပိတ်ပင်ခဲ့ပါတယ်။ ပြီးတော့ စစ်ဆေးရေး ဂိတ်တွေ၊ အကောက်ဂိတ်တွေ နယ်စပ်ကနေ ပလက်ဝမြို့နယ် အထိ အခုဆိုရင် ၄၀နီးပါးခန့် ရှိနေပြီလို့ သိရပါတယ်။ အရင်ကဆိုရင် အဲဒီနယ်စပ်မှာ နအဖ စစ်တပ် တပ်ရင်း ၂ရင်း လောက်သာ ရှိခဲ့ရာကနေ အခုအခါ ကုလားတန်းမြစ်ကြောင်း စီမံကိန်းကို အကောင်အထည် ဖေါ်ဖို့အတွက် တပ်ရင်း ၄ရင်း အထိ တိုးချလာတာတွေ ရှိပါတယ်။ အဓိက အဲဒီ စီမံကိန်းရဲ့ နောက်ဆက်တွဲကတော့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမူတွေ ဖြစ်ပေါ်စေမှာ ဖြစ်သလို လူ့အခွင့်အရေး ချိုးဖေါက် မှုတွေလည်း ပိုမို များပြားလာနိုင်ပါတယ်။” ဟု ဆက်ပြောသည်။

အဆိုပါ စီမံကိန်းသည် ပင်လယ်ထွက်ပေါက်မရှိသော အိန္ဒိယ အရှေ့မြောက်ပြည်နယ်များအတွက် စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ကုလားတန် မြစ်ကြောင်းမှ ကုန်ပစ္စည်းများကို သင်္ဘောများဖြင့် တင်ပို့မည့် စီမံကိန်း ဖြစ်သည်။

၎င်းအပြင် သီးခြား စီမံကိန်းတခုဖြစ်သည့် ကီလိုမီတာ ၁၂၀ ရှည်လျားသော ကားလမ်းကိုလည်း ပလက်ဝမှ အိန္ဒိယ-မြန်မာ နယ်စပ်အထိ ဖေါက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း အတွက် စစ်တွေမြို့ရှိ အချက်အချာ ကျသော နေရာ အများအပြား ဖြိုဖျက်ရမည့် အနေထား တွင် ရှိကြောင်း သိရသည်။

No comments:

Post a Comment