Friday, May 21, 2010

အဟိတ်သံယောဇဉ်

သဉ္ဇာမွန်၊ ကောင်းဝါ

ကျွန်တော် မှတ်မိ တတ်စ အရွယ် ကတည်းက ကျွန်တော်ကို ပွေ့ပိုက်ချော့ မြူခဲ့သူဟာ မမပါပဲ။ ကျွန်တော့် အမေကို ကျွန်တော် မသိပါ။ ကျွန်တော် အစာတွေ စားနိုင်အောင် မမပဲဝါးကျွေးပါတယ်။ ကျွန်တော့်ကို အီးတည် ပေးတာရော၊ အားလုံးမမပဲ လုပ်ခဲ့တယ်။ဒါကြောင့် “ဖြူစုတ်ရေ”လို့ခေါ်သံကြားရင် ကျွန်တော် ရောက်ရာ အရပ်က မမဆီ အပြေး ရောက်အောင် လာတာပဲ။ မမ ဟာကျွန်တော် ဘဝအတွက် အရေးကြီး ဆုံးဖြစ်သလို မမကလဲ ကျွန်တော့်ကို အရမ်း ချစ်တယ်လေ။ ဖြူစုတ် ဆိုတာ မမ ကျွန်တော့်ကို ပေးထားတဲ့ nick name ပါ။ ကျွန်တော်က သူများနဲ့မတူဘဲ ဖြူစွတ် နေတဲ့ အမွေးတွေနဲ့ချစ်စရာ ကောင်းလို့ဆိုပဲဗျ။

မှတ်မှတ်ရရ နေသာတဲ့နေ့တစ်နေ့မှာ မမဟာ ကျွန်တော်ကစားဖို့အတွက်ဘောလုံးသေးသေးလေးတစ်လုံးဝယ်လာ ပေးခဲ့ပါတယ်။ ပထမတော့ဘယ်လိုကစားရမယ်မှန်းကျွန်တော်မသိတော့ အဲဒီအလုံးလေးကိုကြောင်ပြီးကြည့်နေမိတာပေါ့ဗျာ။ ဒါကိုမမကရိပ်မိပုံရပါတယ်။ “ဖြူစုတ်မကစားတတ်ဘူးနဲ့တူတယ် မမသင်ပေးမယ်နော်။ ဟောဒီမှာမမဒီလိုလေးပစ်ပေးလိုက်ရင် ဖြူစုတ်ကလိုက်ဖမ်းရတယ်” ဆိုပြီးပြောလည်းပြော ပစ်လဲပစ်ပေးပါတယ်။ အလုံးကလေးလိမ့်သွားတာမြင်တော့ ကျွန်တော်မနေနိုင် တော့ဘူး။ လိုက်ဖမ်းတော့တာပဲ။ မမက ကျွန်တော့်ကိုကြည့်ပြီး သဘောကျစွာတခစ်ခစ်နဲ့ရယ်ပါတော့တယ်။ မမပျော်ရင်ကျွန် တော်လည်းပျော်နေမိတယ်။ ဒါပေမယ့် မမကကျောင်းသူလေးလေ။ မမမေမေက ဧည့်သည်လာတိုင်းပြောပြောနေလို့ ကြားမိတာက မမက၆တန်းကျောင်းသူတဲ့။ ဒီတော့ မမကကျောင်းတက်ရပါတယ်။ မမကျောင်းတက်ပြီဆိုရင် ကျွန်တော်က ရပ်ကွက်ထိပ်မှာရှိတဲ့ ဇရပ်ကြီးအထိလိုက်ပို့တာပဲ။ မမလဲကျွန်တော့်ကိုမွှေးမွှေးပေးပြီးမှ ကျောင်းကိုသွားတာ။ မမသွားပြီဆိုရင် ကျွန်တော့်မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိကြည့်ပြီးမှ အိမ်ပြန်တယ်။ အဲဒီအချိန်ကစပြီး မမကျောင်းကနေပြန်ရောက်တဲ့ ညနေပိုင်းအထိ ကျွန်တော်ဟာအိမ်မှာအထီးကျန်စွာနေရတာပေါ့ဗျာ။ အဲဒီအချိန်တွေကို ကျွန်တော်သိပ်မုန်းပါတယ်။ ဒီတော့ဒီအချိန်တွေကိုမေ့ပျောက်ပစ်ဖို့ ကျွန်တော်ဟာ မမဝယ်ပေးထားတဲ့ ဘောလုံးလေးနဲ့ပဲ ကစားရင်းနဲ့ အချိန်ဖြုန်းပစ် ပါတယ်။ ညနေချိန်ရောက်လာပြီဆို လမ်းထိပ်ဇရပ်မှာ မမကိုကျွန်တော်ထွက်ကြိုတော့တာပဲ။ ကျွန်တော်ထွက်စောင့်တဲ့ ပထမဆုံး ရက်မှာပေါ့ဗျာ။ ဇရပ်မှာငုတ်တုတ်ထိုင်နေတဲ့ ကျွန်တော့်ကို အမျိုးသမီးကြီးတစ်ယောက်ကတွေ့တော့ “ဟယ် ကြောင်ကလေး ကချစ် စရာလေးတော့်။ ဘယ်သူ့ကြောင်ပါလိမ့်။ အိမ်ပြေးလေးနဲ့တူတယ်။ ငါမွေးမှပဲ”ဆိုပြီး ရုတ်တရက်ကျွန်တော့်ကို ဖမ်းပါရောလားဗျာ။ ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့ ဇရပ်ကိုပတ်ပြေးတာပေါ့။ အိမ်ကိုလဲမပြန်ချင်ဘူးလေ။ မမကိုစောင့်ရဦးမှာ မဟုတ်လား။ ဒီတော့ ဒီလိုပဲအဲဒီအနီးအနားပတ်ပြေးတာပဲ။ ကျွန်တော်နဲ့ အဲဒီအမျိုးသမီးကြီး စိန်တမ်းလိုက်တမ်းပြေးကစားကြတာ တော်တော်ကြာလာတော့ အဲဒီအမျိုးသမီးကြီးအတော်မောလာပုံပါပဲ။ ဟောဟဲဟောဟဲ နဲ့ဖြစ်လာတယ်။ ဒီအချိန်မှာပဲ မမကျောင်း ကနေပြန်လာတာကိုမြင်လိုက်ရတော့ ကျွန်တော်မမဆီ တရှိန်ထိုးပြေးသွားလိုက် ပါတယ်။ ဒီတော့မှ အမျိုးသမီးကြီးက“ဟယ်အဲဒါ ဆုလေးကြောင်လား၊ အမလေးညည်းကိုလာကြိုတာလား။ ကျုပ်ကအိမ် ပြေးလေးမှတ်လို့လိုက်ဖမ်းတာ ဖတ်ဖတ်ကိုမောသွားတာပဲ။ ဒီလိုမှန်းသိမလိုက်ပါဘူး။ အလကားမောတာပဲ အဖတ်တင်တယ်အေ အကျိုးမရှိဘူး”တဲ့။ လူတွေ လူတွေ အဲဒါခက်တာပေါ့။ ဘယ်သူကသူ့ကိုကျွန်တော့်ဖမ်းဖို့ပြောလို့လဲ သူ့ဖာသာဖမ်းချင်လို့ လိုက်ဖမ်းပြီးတော့များ အကျိုးမရှိဘူးတဲ့။ သူအကျိုးရှိအောင်ပဲ ကျွန်တော်ကသူ့နောက်လိုက်သွားရမလိုလို။ စိတ်ကုန်တယ်။ ထားပါတော့။ အဲဒီနေ့ကစပြီး မမကျောင်းသွားတဲ့နေ့တိုင်း ကျွန်တော်ဇရပ်ထိပ်မှာ လိုက်ပို့သွားကြိုလုပ်ပါတယ်။ မမကျောင်းက နေပြန်လာတာလှမ်းမြင်ရပြီဆိုတာနဲ့ မမဆီကျွန်တော်ပြေးသွားရင် မမကလဲလှမ်းပြီးဆီးပွေ့နမ်းရှုပ်ပါတယ်။ မမကျောင်းသွားတဲ့ အချိန်ကလွဲပြီးကျန်တဲ့အချိန်တွေမှာ အများအားဖြင့် ကျွန်တော်နဲ့ရှိတာ များပါတယ်။ မမသူငယ်ချင်းတွေနဲ့သွားကစားရင်တောင် ကျွန်တော်လိုက်တာပဲ။ မမကစားရင်းနဲ့ချော်လဲကျရင် မမ မငိုပေမယ့် ကျွန်တော်ငိုတယ်။ ဒါကိုမမသူငယ်ချင်းတွေက “ဟယ် နင့်ဖြူစုတ်က နင့်ကိုတော်တော်အဖြစ်သည်းတာပဲ၊ နင်ကမငိုရဘူးသူက ငိုတယ်။ အံ့ရော” လို့ပြောကြတယ်။ ဘာဖြစ်လဲဗျာ ကျွန်တော့်မမမို့လို့ကျွန်တော်အဖြစ်သည်းတာ။ ဘယ်လိုပဲပြောပြော ကျွန်တော်မမကိုချစ်တာ ဒီလိုရာဇဝင်တောင်တွင် တဲ့သူရဲကောင်း အဲလေ မမကြည့်တဲ့ကိုးရီးယားကားနဲ့မှားသွားတယ်။ ဆောရီးဗျာ။ ဒီလိုရာဇဝင်တွင်ခဲ့တယ်လို့ပြောတာပါ။ မမကအိမ်မှာ အငယ်ဆုံးသမီးဗျ။ သူ့အထက်မှာ အမတစ်ယောက်နဲ့ အကိုနှစ်ယောက်ရှိတယ်။ အမကတော့ ကျွန်တော်နဲ့ဖာသိဖာသာပါပဲ။ အဲ မမအစ်ကိုနှစ်ယောက်ကိုတော့ ကျွန်တော်မုန်းတယ်ဗျ။ ဘယ်နှယ့်ဗျာ မမ ကျွန်တော်ကို မွှေးမွှေးပေးရင်လည်း “ညီမလေးအဲဒီကြောင်ကိုနမ်းနမ်းမနေနဲ့ ရောဂါကူးမယ်။ အဲဒါပြောတာ မေမေ့ကို ဒီကြောင် သူများပေးပစ် လိုက်ပါဆိုတာ” အဲလိုအမြဲပြောတယ်။ သူတို့ကြောင့် မမနဲ့ဘယ်တော့ခွဲရမလဲ လို့တွေးကြောက်နေရတာရောဂါပဲ။ နောက်ပြီးမမကို သူတို့အသေစကြတာ။ မမဆိုသူတို့ကြောင့် ငိုငိုရတာအကြိမ်ပေါင်း မနည်းဘူး။ သူတို့ကတော့ချစ်လို့ဆိုပဲ။ လူတွေနဲ့ကျွန်တော်တို့တိရိစ္ဆာန်တွေမတူတာ အဲဒါပဲ။ ကျွန်တော်တို့က ချစ်ရင် ဘယ်တော့မှငိုအောင်မလုပ်ဘူးဗျ။ သူတို့က ချစ်လို့စတာတဲ့။ မမငိုရင်သူတို့က တဟားဟားရီကြနဲ့။ ဘယ်လိုမှန်းမသိပါဘူးဗျာ။ တခါတလေမမငိုတာတွေ့တော့ မစတော့ ဖို့ကျွန်တော်က တောင်းပန်တဲ့အနေနဲ့သူတို့ခြေထောက်ကို ကျွန်တော့်ခေါင်းနဲ့ ပွတ်သပ်ပြီး မျက်နှာချိုတိုက်တာ သူတို့ပိတ်ကန် တာကို လှိမ့်နေအောင် ခံရသေးတယ်ဗျ။ ဒါကြောင့်ကျွန်တော်တော့ သူတို့ နှစ်ယောက်ဆို ဝေးဝေးရှောင်တယ်။

မမရေ။ ကျွန်တော်နဲ့မမအကြောင်းတွေးနေတာ အတော်ကလေးခရီးရောက်လာပြီပဲ။ အင်းဒီမှာလဲ တဖြည်းဖြည်းပူလာ တယ်မမရေ။ အဲဒီပူလောင်မှုတွေကို မေ့ပျောက်ပစ်ဖို့ ကျွန်တော်မမအကြောင်းတွေတွေးနေတာပါ။ မမတခြားနေရာကို တစ်ပတ် ဆယ်ရက်သွားနေမယ်ဆိုတော့ ကျွန်တော်စိတ်မကောင်းဖြစ်ခဲ့မိသေးတယ်။ ဒါပေမယ့်မမ မရှိတုန်းမှာ မမမေမေက ကျွန်တော့် ကိုဂရုစိုက်ရှာပါတယ်။ ကျွန်တော်သိပ်ကြိုက်တဲ့ ငါးတွေဝယ်ပြီး ပြုတ်ကျွေးပါတယ်။ ဒါပေမယ့် မမကိုကျွန်တော်သိပ်လွမ်း ခဲ့ပါတယ်မမ။ ဒါပေမယ့်လေ အခုအချိန်မှာ မမ မလာပါနဲ့ဗျာ။ ဒီမြင်ကွင်းဆိုးကြီးကို မမကိုမမြင်စေချင်ပါဘူး။ ကမ္ဘာပျက်မတတ် အော်ဟစ်ပြေးလွှားနေတာတွေ မီးတောက်ရဲရဲတွေ ဒါတွေမမကိုမမြင်စေချင်ဘူးဗျာ။ မမတို့မိသားစုတွေ ရရာပစ္စည်းတွေ ကောက်ပြီး သွေးပျက်စွာပြေးနေတဲ့အချိန်မှာ မမမရှိတာကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော့်ကိုသူတို့ သတိမရကြတာ ကျွန်တော်အပြစ်မတင်ရက်ပါဘူးဗျာ။ မမဖေဖေဆိုအကျီဗလာနဲ့ အိမ်ထဲမှာပြေးရင်းလွှားရင်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နေရှာတယ်။ သူဘာကောက်ရမှန်းမသိတဲ့ပုံပါပဲ။ နောက်ဆုံးတော့ သူဟာသူ့သာသမီးတွေပုံကို လိုက်ဖြုတ်ယူ ပါတော့တယ်။ အဲဒီမှာ ကျွန်တော် လူသားတွေကို အတော်ကလေးစာနာနားလည်ချီးကျူးမိပါတယ်။ အထူးသဖြင့် မိဘတွေကိုပေါ့။ သူတို့ဘဝမှာ ဒီလိုကြီးမားတဲ့ မငြိမ်းနိုင်တော့တဲ့ မီးလောင်မှုကြီးဖြစ်နေတာတောင် တခြားဟာတွေ ကောက်ဖို့မေ့နေပေမယ့် သူတို့ကလေးတွေပုံကိုတော့ သတိရရှာတယ်လေ။ မမအမေဆိုရင် မမငယ်ငယ်တုန်းက ဆုယူခဲ့တဲ့ပုံတွေကိုလိုက်သိမ်းတယ်။ ပြီးတော့မမအဝတ်အစားတွေ ပေါ့ဗျာ။ မီးတောက်တွေကလဲ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့အိမ်ကိုနီးလာချိန်မှာ မမမေမေက “ယောင်္ကျားရေ မရတော့ဘူး။ ပြေးကြရအောင်၊ ကျွန်မတို့တစ်သက်လုံးရှာဖွေထားတာတွေဆုံးပါပြီ” ဆိုပြီးငိုရင်းနဲ့ မမတို့တစ်မိသားစုလုံးထွက်သွားကြတာကို ကျွန်တော်မျက်စိတစ်ဆုံးကြည့်လိုက်ပါတယ်။ အားလုံးအန္တရယ်ကင်းဖို့လဲ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်မမ။

သူတို့ကျွန်တော့်ကိုသတိမရတာ ကျွန်တော်အပြစ်မတင်ရက်ပါဘူးဗျာ။ သူတို့တွေရှာဖွေ စုဆောင်းလာခဲ့သမျှ ဒီမီးကြီးထဲပါသွားတော့မှာလေ။ တုန်လှုပ်တယ်ဆိုတဲ့နေရာမှာ အစွန်းဆုံးတုန်လှုပ်ခြင်းပေါ့။ အစပထမ တော့မမ မိသားစုတွေပြေးလွှားအော်ဟစ်နေသံတွေကြောင့် ကျွန်တော်လည်း ကြောက်လန့်တကြား လျှောက်ပြေးမိတာပဲ။ နောက်တော့ မမတို့မိသားစုနောက်လိုက်ရကောင်းမလား လို့တွေးမိတယ်။ ကျွန်တော်တွေးရုံရှိသေးတယ်။ မမတို့မိသားစုက အဝေးကိုရောက်သွားပြီ။ လူတွေကလည်းပြေးလွှားနေတာ မမ တို့မိသားစုကို ကျွန်တော်မျက်ခြေပျက်မှာအသေအချာပဲလေ။ ဒီတော့မမရေ မထူးတော့တဲ့ကျွန်တော့်အတွက် ကျွန်တော်ရှင်သန် ကြီးပြင်းခဲ့ရာ မမနဲ့ဆော့ကစားပျော်ရွှင်ခဲ့တဲ့ ဒီအိမ်ကြီးမှာပဲ မမကိုလွမ်းရင်းနဲ့ မမအကြောင်းတွေတွေးရင်း ကျွန်တော့်ဘဝကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါနဲ့ပဲ အိမ်မီးဖိုချောင်လေးက ကျွန်တော်နေ့ခင်းဘက်မှေးစက်တတ်တဲ့ ဒီနေရာ လေးမှာလဲလျောင်းရင်း မမအကြောင်းလေးတွေ တွေးနေတာပါ။ မမရေ အပူရှိန်ကတဖြည်းဖြည်းပြင်းလာတယ်။ ညညဘက်တွေ မှာ မမနဲ့ အတူတူအိပ်ခဲ့တာတွေတွေးရင်း ဒီအပူဒဏ်ကိုကျွန်တော်ကြံ့ကြံ့ခံနေတယ်။ ဒါပေမယ့်မမရယ် ကျွန်တော့် အာခေါင်တွေ ခြောက်လာတယ်။ ကျွန်တော်ကျောခင်းနေတဲ့ ကွန်ကရစ်ကြမ်းပြင်ကြီးလည်း မီးခဲတမျှပူနေတယ်။ မမရေ ကျွန်တော်အရမ်း စိတ်မကောင်းပါဘူး။ မမတို့အိမ်မီးထဲမပါဖို့ကျွန်တော်ဘယ်လောက်ပဲ ဆုတောင်းနေပေမယ့် ကျွန်တော့်မျက်စိရှေ့မှာတင် တဖြည်း ဖြည်းလောင်ကျွမ်းနေတယ်။ မမပြန်ရောက်လာချိန်မှာ အိမ်ကြီးမရှိတော့လို့ ဝမ်းနည်းငိုကြွေးနေမှာကို ကျွန်တော်မမြင်ချင် ပါဘူးမမရယ်။ တကယ်ပါ။ ဒါကြောင့် ရူးရူးမိုက်မိုက်ကျွန်တော်တွေးခဲ့မိတာက ကျွန်တော့် အသက်ကိုယူချင်ယူပါ။ ဒီအိမ်ကိုတော့ ချန်ထားပေးပါလို့ဆုတောင်းခဲ့တယ်။ ဒါပေမယ့်------ဒါပေမယ့်မမရယ်---အား ---ကျွန်တော်ရင်တွေပူလောင်လွန်းလှပြီ-ကျွန်တော် သေရတော့မယ်ထင်တယ်ဗျာ။ ကျွန်တော့်လက်တွေမလှုပ်နိုင်တော့ဘူး။ ကျွန်တော်နောက်ဆုံးဆုတစ်ခုတောင်းခဲ့ပါတယ်။ ဖြစ်လေ ရာဘဝဆက်တိုင်း မမနဲ့ပဲပြန်ဆုံခွင့်ရပြီး ဒီလိုအဖြစ်ဆိုးမျိုး ကျွန်တော်ရောမမပါ မဆုံပါရစေနဲ့လို့------------------။ ။
* * * * * *
အောင်သာယာမြို့မီးလောင်မှုကြီးသည် တစ်နာရီအတွင်း အိမ်ပေါင်း နှစ်ရာကျော်မီးလောင်တိုက်သွင်းခဲ့လေသည်။ အလွန် စည်ကားခဲ့သော ထိုမြို့လယ်ရပ်ကွက်ကြီးသည် မြို့သူမြို့သားတို့၏ မျက်စိရှေ့မှာတင် ပျာကျပျောက်ဆုံးခဲ့လေပြီ။ မီးငြိမ်းခဲ့ပြီ ဖြစ်သော်လည်း အပူရှိန်ပြင်းလွန်းလှသောကြောင့် သက်ဆိုင်ရာမှ နှစ်ရက်အကြာမှသာ မီးလောင်ပြင်ကြီးထဲသို့ဝင် ရောက်ခွင့် ပြုပါသည်။ လယ်ယာလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသော မြို့ဖြစ်၍ မီးလောင်ခံခဲ့ရသော စပါးတင်းရာပေါင်းများစွာ သိုလှောင်ခဲ့သော စပါးကျီကြီးများမှာ မီးခိုးတလူလူဖြစ်ဆဲ။ အများအားဖြင့် ထိုမြို့လယ်ရပ်ကွက်ကြီးသည် ကျွန်းတိုင်ဖြင့် ဆောက်လုပ်ခဲ့သော အိမ်ကောင်းများဖြစ်သောကြောင့် မီးလောင်ခံလိုက်ရသော်လည်း အချို့ကျွန်းတိုင်များမှာ မီးခိုးတလူလူဖြင့် ကျန်ရှိနေသေးသည်။ အိမ်ယာမဲ့သွားကြသော ထိုရပ်ကွက်သားများမှာ မိမိတို့နေထိုင်ပျော်ရွှင်ခဲ့ရာ နေရာ၏ တစပြင်ကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပုံကို ကြေကွဲစွာ ငေးကြည့်နေကြသူများရှိသကဲ့သို့ အချို့မှာမိမိခြံဝင်းအတွင်း မီးသွေးများဖြစ်နေသော သစ်စသစ်နများကို လေးကန် သောလှုပ်ရှားမှုဖြင့် ရှင်းလင်းနေကြလေသည်။ မီးလောင်မှုစတင်ဖြစ်ပွားခဲ့သောနေရာမှ မနီးမဝေးရှိ တိုက်အပြိုအပျက်ကလေးထဲတွင်မူ အသက်ဆယ့်သုံးနှစ်ခန့် မိန်းကလေးငယ်တစ်ဦးသည် တစ်နေရာကိုမမှိတ်မသုန် စူးစိုက်ကြည့်နေလေသည်။ ထိုနေရာသည် မီးလောင်ခံခဲ့ရသောလည်း မပြိုကျဘဲကျန်နေဆဲဖြစ်သောအိမ်ကြီး၏ မီးဖိုချောင် ပင်ဖြစ်သည်။ သူ၏မျက်လုံးများမှာ ကွန်ကရစ်အခိုင်အမာဖြင့်ဆောက်လုပ်ခဲ့သော ထိုအိမ်ကြီး၏မီးဖိုလေးထက်တွင် အသက်ကင်းမဲ့နေပြီဖြစ်သော ကြောင်ဖြူကလေး ၏ အလောင်းလေးကို မမှိတ်မသုန် ကြည့်နေလေ၏။ သေချာကြည့်ပါက တစ်စက်ချင်းကျနေသော မျက်ရည်များကိုမြင်နိုင် ပါလိမ့်မည်။ ထိုစဉ်တွင် သူမ၏နောက်မှ ကြေကွဲရိပ်ဖြင့်ရပ်စောင့်နေသော အမျိုးသမီးကြီးမှ “ဆုလေး သမီးစိတ်လျှော့လိုက် ပါတော့ကွယ် သတ္တဝါတစ်ခု၊ ကံတစ်ခုပေါ့ သမီးရယ်။ နောက်ထပ်ကြောင်လှလှလေးတွေ သမီးထပ်မွေးနိုင်ပါသေးတယ်။” ဟုဆိုကာ သမီးဖြစ်သူ၏လက်ကိုညင်သာစွာဆွဲ၍ ထိုနေရာလေးမှ ထွက်ခွာဖို့ပြောသည်။ မိန်ကလေးသည် ကြောင်ကလေး၏ အလောင်းကိုကောက်ယူကာ ကောင်းမွန်စွာ သဂြိုလ်ပေးရန် သူမ၏မိခင်အားတောင်းဆိုကာ ထိုနေရာလေးမှ လေးတွဲ့စွာ တစ်လှမ်းချင်းထွက်ခွာသွားလေသည်။

ရက်၊ လ၊ နှစ်သို့ပြောင်းလဲလာခဲ့သော်လည်း ထိုမိန်ကလေးသည် မည်သည့်အိမ်မွေးတိရိစ္ဆာန်ကိုမှ မွေးမြူခြင်းမပြုတော့ ပေ။ သူမအားလပ်ချိန်တိုင်း သူမ၏ကြောင်လေးကိုမြေမြှုပ်သဂြိုလ်ခဲ့ရာ နေရာလေးတွင်သာ ရှိနေတတ်ကြောင်းသူမ မိဘများက ကြေကွဲစွာပြောလေသည်။

No comments:

Post a Comment