Sunday, May 16, 2010

စီးပွားရေး အဆင်မပြေ၍ မယားဖြစ်သူက လင်ယောက်ျားကို အသေသတ်

စံလင်း(နိရဉ္စရာ)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စီးပွားရေး အဆင်မပြေသဖြင့် မယားဖြစ်သူက လင်ယောင်္ကျားကို အသေသတ်သည့် မူခင်းတခု လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။

အိမ်နီးနားချင်း တဦးက “သူတို့ မိသားစု စီးပွားရေး အဆင်မပြေတဲ့ အတွက် မကြာခဏ စကားများတာတွေရှိတယ်။ အဲသလို စီးပွားရေး အဆင်မပြေတော့ လင်ယောင်္ကျား ဖြစ်သူက အရက်သောက်တယ်။ အရက်သောက်လေ ပိုစကားများလေ ဖြစ်ပီး လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ မိန်းမ ဖြစ်သူက ယောင်္ကျား ဖြစ်သူကို ထင်းပိုင်းနဲ့ အသေရိုက်သတ်လိုက်တယ်” ဟုပြောသည်။

သေဆုံးသွားသူမှာ ဦးကျော်ချေ အသက် ၄၅ နှစ် ဖြစ်ပြီး စစ်တွေမြို့ မကျည်းမြိုင် ရပ်ကွက်မှ ဖြစ်သည်။

“သူက အရက်သောက်ပီး အိမ်ကို ပြန်လာတယ်။ မိန်းမနဲ့ စကားများတော့ မိန်းမက ထင်းပိုင်းနဲ့ ရိုက်တယ်။ ဦးခေါင်းမှာ ထိပီး ပွဲချင်းပီးသေတယ်။ စိတ်မကောင်း စရာပါဘဲ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ စီးပွားရေး အဆင်မပြေတော့ မိန်းမကလည်း သည်းခံ စိတ်ကုန်လာတယ် ထင်ပါတယ်။ သည်းမခံနိုင်တော့ဘဲ ရိုက်တာကနေ ခုလို လက်လွန် သေသွားတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စီးပွားရေး အဆင်မပြေသဖြင့် လူထု အကြား အရက်သောက်နုန်းမှာ ယခုနှစ်ပိုင်းတွင် ပိုမို တိုးပွားလာကြောင်း စစ်တွေက လာသော သတင်းများအရ သိရသည်။

၎င်းပြင် နအဖ စစ်အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် အရက်ရောင်းချခြင်းကို အတားအဆီး မရှိ ဒလဟော ရောင်းချခွင့်ပြု ထားသည်။

ရခိုင်ပြည်နယ်တွင် သောက်ရေသန့်ဘူး ၁ လီတာကို ကျပ်ငွေ ၅၀၀ ကျပ် ပေးရသော်လည်း အရက် ၁ လီတာကို ကျပ်ငွေ ၂၀၀ ဖြင့် လွယ်ကူစွာ ဝယ်ယူ သောက်သုံးနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် ယခုကဲ့သို့ စီးပွားရေး အဆင်မပြေမူနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် မိသားစုလိုက် အဆိပ်သောက် အဆုံးစီရင်မှု များလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့် ၆၂ နှစ်ကာလအတွင်း နအဖ စစ်အစိုးရ အုပ်ချုပ်သည့် ၂၂ နှစ်တာ ကာလသည် ရခိုင်ပြည်သူများ၏ အမှောင်မိုက်ဆုံး ခေတ်ကာလ ဖြစ်ပြီး ရခိုင်ပြည်သူများမှာ နအဖ စစ်အစိုးရ အုပ်ချုပ်သူများ၏ ဖိနှိပ်မူကို အလူးအလိမ့်ခံနေကြရသည်ဟု သိရသည်။



No comments:

Post a Comment