Thursday, May 6, 2010

ခွပ်ဒေါင်းအလံသုံးမှုကို ကျောင်းသားများသမဂ္ဂ ရှုတ်ချ

NEJ/ ၆ မေ ၂ဝ၁ဝ

နအဖ ကျင်းပမည့် ၂၀၁၀ ရွှေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့က ကျောင်းသား သမဂ္ဂ များ၏ တရားဝင်အလံဖြစ် သည့် ခွပ်ဒေါင်း အလံကို သုံးစွဲသဖြင့်ကန့်ကွက် ရှုတ်ချ ကြောင်း အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ (အကသ) နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့များက ယနေ့ပြော ကြားလိုက်သည်။

ဦးရဲထွန်းဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့က ၎င်းတို့ပါတီ ၏အလံအဖြစ် သမိုင်းဝင် ကျောင်းသား သမဂ္ဂများ၏ ခွပ်ဒေါင်း အလံကို တရားမ၀င် အသုံးပြုနေ သောကြောင့် ကန့်ကွက် ရှုတ်ချရခြင်းဖြစ်သည်ဟု ဗကသ
နိုင်ငံခြား ရေးရာ ကော်မတီတာဝန်ခံ ကိုမင်းနိုင်က ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “သူတို့သုံးထားတဲ့အလံဟာ ကျောင်းသားများသမဂ္ဂအားလုံးရဲ့အလံဖြစ်တယ်။ ဒီအလံက ကျောင်းသားသမဂ္ဂတွေ ပြည်တွင်းမှာ တရားဝင်ဖွဲ့ခွင့်ရကတည်းက သတ်မှတ်ထားတဲ့အလံဖြစ်တယ်။ အဲဒါကို ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကမှ သုံးစွဲခွင့်မရှိဘူး။ အခုလို သုံးစွဲလိုက်တာဟာ မသင့်တော်တဲ့ကိစ္စရပ်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရတာဖြစ်တယ်။ နောင်တချိန် ကျောင်းသားထုရဲ့ တရားဝင်ညီလာခံ ပေါ်ပေါက်လာချိန်ကြရင်တော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်များ ဖြေရှင်းကြရလိမ့်မယ်” ဟု ပြောသည်။

မေ (၆) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အခြေခံပညာကျောင်းသားများသမဂ္ဂ ကြေညာချက်တွင် ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်ခြင်းအား ရှုတ်ချကန်ကွက်ကြောင်း ဖော်ပြထားပြီး အဆိုပါအလံကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်ကျောင်းသားသမဂ္ဂများကသာ တရားဝင်သုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ခွပ်ဒေါင်းအလံသည် ကျောင်းသားသမဂ္ဂများ၏ တရားဝင်အလံဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှု ကာလတလျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသားဘ၀မှစ၍ ကျောင်းသားသမဂ္ဂတွင် ခွပ်ဒေါင်းအလံကို သုံးစွဲခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်လည်း ခွပ်ဒေါင်းအလံလွှင့်ထူကာ ပြည်သူလူထုကြီးတရပ်လုံးက စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့သည့် လူထုတိုက်ပွဲအလံလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ခွပ်ဒေါင်းအလံကို ၁၉၆၀ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဆဌမအကြိမ်ကျောင်းသားများညီလာခံမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ တရားဝင်အလံအဖြစ် ဆုံးဖြတ်အတည်ပြုခဲ့ပြီး ဖြစ်သည့်အတွက် ကွန်ဂရက်ကြီးတခုက သတ်မှတ်လိုက်သည့် ကျောင်းသားအလံသည် ကျောင်းသားသမိုင်းနှင့်သာ ယှဉ်တွဲရှိသင့်သည်ဟု ဗကသမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က ပြောသည်။

၎င်းက “ဒီကျောင်းသားအလံကို ဦးရဲထွန်းတို့က သူတို့ပါတီအလံအဖြစ် အသုံးပြုမယ်ဆိုရင် ကျောင်းသားကွန်ဂရက်ကြီး တခုလုံးကို စော်ကားရာကျသလို အစဉ်အဆက် ထွန်းလင်းပြောင်မြောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂရဲ့သမိုင်းကိုလည်း စော်ကားရာ ကျနေပါတယ်။ ကျနော်တို့အနေနဲ့က ဒါကို လုံးဝလက်မခံနိုင်ပါဘူး။ အကသအနေနဲ့ရော ဗကသအနေနဲ့ရော လက်မခံနိုင်ပါဘူး။ ဒါဟာ ကျောင်းသားတွေနဲ့ ယှဉ်တွဲပြီးရှိနေတဲ့ အလံဖြစ်ပါတယ်။ ပြည်သူတွေနဲ့ ယှဉ်တွဲပြီးရှိနေတဲ့ အလံဖြစ်ပါတယ်” ဟု ဆိုသည်။

ကျောင်းသားများသည် အမျိုးသားနိုင်ငံရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်နေကြသဖြင့် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားများနှင့်သာ ရှိသင့်သည့် ခွပ်ဒေါင်းအလံသည် ပါတီတခု၏ လက်အောက်တွင် ပါတီတခု၏ မူပိုင်အဖြစ်သုံးခြင်းကို မည်သည့်ကျောင်းသား သမဂ္ဂမျိုးကမှ လက်ခံမည်မဟုတ်ဟု ကိုဇာနည်က ပြောကြားသည်။

“ကျောင်းသားထုတခုလုံးနဲ့ ယှဉ်တွဲရှိနေတဲ့ ဒီခွပ်ဒေါင်းအလံဟာ ဘယ်လောက်ထိတန်ဖိုးရှိတယ်၊ ဘယ်လောက်ထိ တာဝန်ကြီးတယ်ဆိုတာကို သမိုင်းကြောင်းတခုကို ဖြတ်သန်းခဲ့တဲ့ ဦးရဲထွန်းတို့အနေနဲ့လည်း ပိုသိသင့်ပါတယ်။ ဒါကို မျက်ကွယ်ပြုပြီးတော့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ကျောင်းသားထုတရပ်လုံးကို စော်ကားရာကျသလို ပြောင်မြောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂသမိုင်းကြောင်းကိုလည်း စော်ကားသလိုဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့က လုံးဝလက်မခံနိုင်တာပါ” ဟု ၎င်းက ပြောသည်။

အခြေခံပညာကျောင်းသားများသမဂ္ဂ ကြေညာချက်တွင်ပါ ကျောင်းသားသမဂ္ဂများ၏ ခွပ်ဒေါင်းအလံသုံးစွဲသည့်ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းအား ဆက်သွယ်ရာတွင် ဦးရဲထွန်း နေပြည်တော်သို့သွားနေကြောင်း ယင်းအဖွဲ့မှ အတွင်းရေးမှူး (၁) ဖြစ်သူ ကိုအောင်စိုးထွန်းက ပြောကြားပြီး ၎င်းအနေဖြင့် တစုံတရာပြောဆိုခွင့်မရှိဟု ဆိုသည်။


No comments:

Post a Comment