Friday, June 25, 2010

ဝတ္တုထဲမှ ရှစ်ဆယ့်ရှစ် (သို့မဟုတ်) ဖောက်သည်

ရွှေအိမ်စည်

(က)
စစ်ပြီးခေတ် မြန်မာစာပေတွင် ‘ရသ’ စာပေများ အားကောင်းခဲ့သည်ဟု ဆိုရမည်။ ထိုအထဲတွင် စကားပြေအဖွဲ့သည် ရှေ့ဆုံးမှ ရှိခဲ့သည်။ စကားပြေဟု ဆိုရာတွင် ဝက္ကုရှည် အဖွဲ့အနွဲ့များ၊ ဇာတ်အိမ်များ တည်ဆောက်ရာတွင် ခေတ်ပြိုင်သမိုင်းခေတ်များအား နောက်ခံပြု၍ ရေးဖွဲ့ကြ၏။ အချို့ကို သမိုင်းခေတ်များအတွင်း တည်ရှိနေခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဇာတ်ရုပ်အဖြစ်ပင်ထား၍ ထည့်သွင်းရေးဖွဲ့ကြသည်။


ကိုကြီးနု (သခင်နု) မစ္စတာအမ်ရာရှစ်တို့သည် ဆရာသိန်းဖေမြင့်၏ “သပိတ်မှောက် ကျောင်းသား” ဝတ္ထုတွင် ဇာတ်ရုပ်များအဖြစ် ပါရှိခဲ့ကြ၏။ သမိုင်းကြောင်းနောက်ခံက ဒုတိယကျောင်းသားသပိတ်၊ အချို့က သမိုင်းကြောင်းကိုသာ ယူကြသည်။ မောင်ထင်၏ “ငဘ” ၊ သခင်မြသန်း၏ “သာသည့်အခါ သာပါလိမ့်”၊ ကျော်အောင်၏ “နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း” ၊ ဦးနု၏ “ရက်စက်ပါပေ့ကွယ်” တို့သည် ဤသို့သော ဝတ္ထုမျိုး၊ ကိုလိုနီခေတ် လယ်ယာမြေ လုပ်သားတို့၏ ဘဝအား ဖော်ကျူး၍ ရေးဖွဲ့ထား၏။


(ခ)
၁၉၈၈ ခုနှစ် “၈” လေးလုံး လူထုအရေးတော်ပုံကြီးက မြန်မာ့သမိုင်းတွင် “ဒုတိယ အမျိုးသားလွတ်မြောက်ရေး” တိုက်ပွဲကြီးဟူ၍ပင် ကဗ္ဗည်းထိုးရ၏။ စနစ်ဆိုးကြီးတရပ်အား ရိုက်ချိုးသင်္ဂြုဟ်ပစ်ခဲ့ကြ၏။ လောကလူ့ဘောင်သစ်ဆီသို့ ဦးတည်သည့် လမ်းသစ်ထွင်ခဲ့၏။ လူထုအားဖြင့် အညာမှသည်အကြေ၊ တောင်ပေါ်မှသည် မြေပြန့်၊ မြို့ပြမှသည် ကျေးလက်၊ မြန်မာပြည်တနံတလျား၊ လူထုအားလုံး ပါဝင်ခဲ့ကြသည့် ဒုတိယ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကြီးဖြစ်သည်။ ဤသမိုင်းခေတ်ကြီးအား နောက်ခံပြု၍ အနုပညာအဖြစ် ဖန်တီးသည့် ‘ရသ’ စာပေများက “၈၈” အလွန် မြန်မာစာပေလောက၌ ရှားပါးလွန်းလှသည်။ “ကဗျာ” အချို့ ရေးဖွဲ့ကြသော်လည်း ဝတ္ထုတို၊ ဝတ္ထုရှည် အဖွဲ့များက မရှိသလောက်ပင် ရှားပါးလွန်းလှသည်။


(ဂ)
ရှားရှားပါးပါးပင် ၁၉၉၆ ခုနှစ် အောက်တိုဘာလထုတ်၊ ငွေတာရီမဂ္ဂဇင်းတွင် ဆရာမောင်ထင်၏ “ဖောက်သည်” ဝတ္ထုတိုတပုဒ် ပါလာ၏။ ‘၈’ လေးလုံး လူထုအရေးတော်ပုံကြီးအား နောက်ခံပြု၍ ရေးဖွဲ့ထားသည်။ ရှားရှားပါးပါး ‘၈’ လေးလုံးအလွန် ‘၈’ လေးလုံးနောက်ခံ ဇာတ်အိမ်ပြု ဝတ္ထုတိုဖြစ်သည်။ သွက်သော၊ မြူးသော၊ ထက်သော၊ ရှသော၊ သရော်သော၊ လှောင်သော၊ မထိတထိနှင့် သိမ်မွေ့စွာ ခနဲ့ထားသည့် ဆရာမောင်ထင်၏ ဝတ္ထုတိုရေးဟန်အတိုင်း “ဖောက်သည်” ကိုလည်း ဆရာမောင်ထင် ရေးဖွဲ့ထား၏။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တခုအား အခြေပြု၍ ‘၈’ လေးလုံး အရေးတော်ပုံနောက်ခံနှင့် ဇာတ်အိမ်တည်ထား၏။ စာလုံးရေ ၄,ဝဝဝ ခန့်နှင့် ရေးဖွဲ့ထားသော ဝတ္ထုတိုလေး ဖြစ်သည်။ တင်းကျပ်သော စာပေစိစစ်ရေးကို ကျော်၍ မဂ္ဂဇင်းစာမျက်နှာတွင် ဖော်ပြဖြစ်အောင် ရေးသားထားခြင်းဟု နားလည်မိသည်။ ပြီးလျှင် ဝါဒဖြန့်ဝတ္ထုအဖြစ်သို့ သက်ဆင်းသွားခြင်း မရှိ။ သို့သော် နိုင်ငံရေးမပါဟု ဆိုသော် မရ၊ နိုင်ငံရေးဟူသည် ပြည်သူလူထု၏ စားရေး၊ ဝတ်ရေး၊ နေရေး စသည့် ဘဝနေဟန် အရပ်ရပ်ဟုဆိုသော ‘ဖောက်သည်’ သည် ဤအရေးအရာတို့အား သရုပ်မှန်စွာဖြင့် ရေးဖွဲ့ထားသည်ဟု ဆိုရမည်။ ဝတ္ထုတို၌ ဇာတ်ကောင်ဟူ၍ အရေအတွက် များများစားစား မပါရှိ။ “ထောင်ထွက်ကြီး” ဟူ၍ နာမ်စားသုံးထားသည့် သူသည်ပင် အဓိကဇာတ်ကောင်ဟု ဆိုရမည်။ “၈၈” အရေးတော်ပုံကာလကြီးအား ဆရာမောင်ထင်သည် ထင်ထင်လင်းလင်းကြီး ဆေးစက်ချထားခြင်း မဟုတ်။ ဤသို့လည်း ရေး၍မရနိုင်၊ ဟိုတစ၊ သည်တစ ဆွဲထုတ်၍၊ အသွေးအရောင်အား မှုန်ပြ၏ “၈၈” ပုံရိပ်အား ခြယ်သပြ၏။

ရပ်ကွက်ကြီး တခုလုံးသည် သုသာန်တစပြင်ကဲ့သို့ ငြိမ်သက်လျက်ရှိလေသည်။ နေ့ညမရွေး သေနတ်သံ တဖျောက်ဖျောက်၊ တဗုန်းဗုန်း၊ တဒိုင်းဒိုင်း၊ တဒက်ဒက်တို့ကို ကြားနေရသော လူထုအများစုသည် ငြိမ်သက်ခြင်းကို နှစ်သက်မိကြသည်။ သို့သော် အချို့က ကြားနေကျ သေနတ်သံကို မကြားရဘဲ ငြိမ်ခြင်းကြီးမက ငြိမ်ကျနေသည်ကိုပင် ကြောက်ရွံ့ပူပန်ကြသည်၊ ဤသို့ ဇာတ်လမ်းအားစ၍ ဖွင့်ထား၏။

ပြီးလျှင် မကြာမီ လပြည့်တော့မည်။ ကောင်းကင်တွင် တိမ်ခိုးများ ဝေနေသော်လည်း ရပ်ကွက်လူထုသည် ဖိုးရွှေလမင်းကြီးကို တကြသည်၊ လသည်သာနေသည်ဟု မဆိုနိုင်။ သို့သော် တိမ်ခိုးတွေ အကြားမှာနေ၍ ကံကြမ္မာ ဖိစီးနှိပ်စက်ခြင်းကို ခံရသူများအား တိတ်တခိုး ချောင်းကြည့်နေလေသလော။ အနိဋ္ဌာရုံများကို ခဏခဏ မြင်နေရသော လမင်းသော်တာသည် မကြည်မလင်သော သူ့မျက်နှာကို တိမ်လွှာတည်းဟူသော ပဝါနှင့်ဖုံး၍ တရိပ်ရိပ်ပြေးလေသည်၊ သူလည်း ကြောက်ကြောက်နှင့် ပြေးလေသလော။

“သန်းခေါင်ကျော်သောအခါ တဒိုင်းဒိုင်းနှင့် ပစ်သံခတ်သံကြားရသည်။ တချို့က ဘီပီအိုင်ဟု ခန့်မှန်းသည်၊ တချို့က သမိုင်းချည်စက်ဟု ဆိုသည်၊ တချို့က အုတ်ကျင်းဂုန်နီစက်ဟု ထင်ကြေးပေးသည်၊ တချို့က စီးကရက်စက်ရုံ ဟူ၍လည်းကောင်း၊ ဆက်ပြာစက် ဟူ၍လည်းကောင်း၊ ဆီစက် ဟူ၍လည်းကောင်း အမျိုးမျိုး စိတ်မှန်းဖြင့် ပြောကြဆိုကြသည်။ နံနက်လင်းသောအခါ ဘယ်နေရာမှာ ဘယ်နှလောင်း ဟူသော အမင်္ဂလာ သတင်းကို ကြားရသည်”

ဤသို့ဖြင့် ‘၈’ လေးလုံးအရေးတော်ပုံကြီးအတွင်း ရန်ကုန်မြို့၏ သရုပ်အား လှစ်ပြ၏။


(ဃ)
မဆလ အုပ်ချုပ်ရေးက ပြိုကျ၍နေပြီ။ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များက မရှိတော့၊ တရားရုံးမရှိ၊ မဆလ၏ ဥပဒေများကသုံးမရ၊ ဤအခြေအနေတွင် အုပ်ချုပ်ရေးသစ်သည် ထဲထဲဝင်ဝင် အသက်မဝင်သေး၊ အဟောင်းတို့မှာက ပြိုပျက်နေသော်လည်း အသစ်က အစားမထိုးနိုင်။ ဤသို့သော အခြေအနေများအား ဖော်ပြရင်းနှင့်ပင် ဆရာသည် သူ၏ ဝတ္ထုတို၌ မထိတထိနှင့် ခေတ်ကြီးအား ခနဲ့ထားသည်။ ဟိုဘက်လမ်းက အသံကျယ်လာသည်။ ပထမ ဘာသံမှန်းမသိ၊ နောက်တော့ အသံကွဲပြားလာသည်။ ဆဲသံ၊ မအေ၊ နှမ ဟူသော ဖရုဿဝါစာတို့သည် မိုးခြိမ်းသံကဲသို့ ခြိမ်းသည်။ အသံက ခပ်စွာစွာ၊ စူးစူးရှရှ၊ မိန်းမအသံ၊ သူ့ယောက်ျား အိမ်အပြန်နောက်ကျ၍ ကြိမ်းမောင်းသောအသံ၊ ယောက်ျားက ဗလုံးပထွေးနှင့် ပြန်လှန်ချေပသောအသံ။

‘ရုတ်ရုတ်၊ ရုတ်ရုတ်ဖြစ်နေတဲ့အထဲ နင်ဒီလောက်တောင် လူမှန်းမသိ သူမှန်းမသိ၊ သောက်ရသလား။ နင် ဒီလောက်တောင်ဖြစ်ရင် အရက်ကို ကွာမလား၊ ငါ့ကိုကွာမလား’ ထိုစကားကိုလည်း တရပ်လုံးကြားပါသည်။ ‘အရက်ကိုလည်း မကွာဘူး၊ နင့်ကိုလည်း မကွာဘူး။ ရိုးမြေကျပေါင်းမယ်’ ဤသည်ပင် မောင်ထင်၏ ဟန်ဖြစ်သည်ဟု ဆိုရမည်။


(င)
ဝတ္ထုတိုတွင် ဇာတ်ကောင်ဟု ပြောရမည့်၊ “ ထောင်ထွက်ကြီး” နှင့် ပတ်သက်၍ စာလုံးရေ ၉ဝ ခန့်နှင့် စရိုက်ပေါ်အောင် ရေးဖွဲ့၏။

“သူ ထောင်မှ ထွက်လာသည်မှာ ယခုမှ ထွက်လာသည်မဟုတ်။ လူထုဆန္ဒပြ အရေးအခင်းမပေါ်မီ ၄-၅ နှစ်ကပင်လျှင် နှစ်စေ့၍ ထောင်မှလွတ်လာပြီးနောက် မှောင်ခိုပစ္စည်းများကို ရောင်းဝယ်လုပ်ကိုင်စားသောက် နေသူဖြစ်သည်။ သူ့ကို သူနေသော လမ်းရှိ အရပ်သူအရပ်သား ကောင်းရောင်းကောင်းဝယ်တို့က အလွန်ခန့်ညားကြသည်ဟု ဆိုသည်။ ‘ခန့်ညား’ ခန့်ညားဟု ဆိုသည်မှာ စာစကားဖြစ်သည်။ အရပ်စကားမာမူ ‘ဖင်တုန်အောင် ကြောက်ရသည်’ ဟူ၏။”

ဤမျှနှင့် ပြည့်စုံချေပြီ။ မဆလခေတ်တွင် ထောင်ကျခဲ့သည်။ ပြီးလျှင် ထွက်လာ၏။ ထိုခေတ်ထဲမှာပင် မှောင်ခိုလုပ်ငန်းလုပ်သည်။ ဝတ္ထုအတွက်လိုချင်သည့်၊ ဇာတ်ကောင်၏ စရိုက်မှာ ထောင်ထွက်တဦး၊ မှောင်ခိုလုပ်ငန်းလုပ်သူ ဤမျှပင်။ ထို့ကြောင့် သူသည် ဤသို့သော အခြေအနေ၌ ဂိုဒေါင်ဖောက်သည့် ပစ္စည်းများအား အရောင်းအဝယ်ပြုသည်။ ထိုမျှနှင့်ပင် ဇာတ်ရုပ်၏ စရိုက်မှာ မပိုမလို၊ အတိအကျပေါ်၍နေပြီ။

သို့သော် ဆရာက ထပ်၍ သူ့ဇာတ်ကောင်၏ စရိုက်အား ပိုမိုထင်ရှားစေရန် ထောင်ထွက်ကြီးအား စကားပြောခိုင်းပြန်၏။ “နေ့မြင် ညပျောက်ပဲဗျာ့၊ ကတ်သီးကတ်သတ် ဆစ်မနေနဲ့၊ ကြိုက်ရင်ယူ၊ မကြိုက်ရင် ထားပစ်ခဲ့၊ ခင်ဗျားတို့ မြို့ထဲက ဆိပ်ကမ်းသိုလှောင်ရုံတွေ သိတယ် မဟုတ်လား။ အဲဟိုမှာ ဘိုင်စကယ်အသစ်တွေ ထုတ်လာတော့ ၁၅ဝ လို့ ဈေးခေါ်ရောင်းတာ ဘယ်သူမှ ဈေးမဆစ်ဘူး။ အလုအယက် ဝယ်ကြတာပဲ။ ချေးမများနဲ့၊ ခင်ဗျားမယူရင် ဒီ့ပြင်လူက လာယူလိမ့်မယ်”


(စ)
ထောင်ထွက်ကြီးသည် ဂိုဒေါင်ဖောက်လာသည့် ပစ္စည်းများအား ဝယ်၏။ ပြီးလျှင် မြို့ထဲမှ ဝယ်လက်များထံသို့ ရောင်းပြန်၏။ ကားကြီး၊ ကားငယ်တို့က ထောင်ထွက်ကြီးနေသည့် ရပ်ကွက်အတွင်းသို့ ဝင်လိုက်၊ ထွက်လိုက်နှင့်၊ ရပ်ကွက်လူထုသည် ထောင်ထွက်ကြီး၏ အရောင်းအဝယ် လုပ်ငန်းကြောင့် စိုးရိမ်၍လာကြသည်။ လုံခြုံရေး အာဏာပိုင်များမှ ဝင်၍ရမ်းလျှင် မတော်သူထိပ်၊ တော်သူထိပ်နှင့် အားလုံး ရာဇဝတ်သင့်ကုန်နိုင်သည်။ နေ့၊ နေ့ ည၊ ည ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ကြရသည့်သူများမှာလည်း ငြိုငြင်၍လာကြပြီ၊ သို့သော် ထောင်ထွက်ကြီးကိုမူ မပြောရဲကြ၊ တရက်၊ တရက်နှင့် ဂိုဒေါင်ဖောက်သည့် ‘ဖောက်သည်’ တို့ကလည်း အတင့်ရဲလို့ လာကြသည်။ ဝယ်၊ ရောင်းသည့် ထောင်ထွက်ကြီး သည်လည်း ငွေစက္ကူအထပ်လိုက်နှင့် ကြီးပွား၍ လာခဲ့သည်၊ ခေတ်ပျက်သူဋ္ဌေးများ။

(ဆ)
“ံနံနက်ခင်း ဈေးဖွင့်စအချိန်ဖြစ်၍ လမ်းမကြီးပေါ် လူအများ ဥဒဟိုသွားလာလျက်ရှိသည်။ အများသူငါတို့၏ အကြား၌ ကိုယ့်လမ်းကိုသွားလျှင် ဘယ်သူ့ကို ဘာဂရုစိုက်ရမှာလဲ။ သို့သော် သူလမ်းမကြီးပေါ် အရောက်တွင် ဈေးသွားဈေးလာတို့သည် အလန့်တကြား ပြေးလွှားကြသည်။ ‘မီးကွင်းပစ်တယ်’ ဟူသော အသံသည် ၄-၅-၆ လှမ်းအကွာ တနေရာမှ ထွက်ပေါ်လာသည်။ ကင်းသမားတို့ လမ်းမကြီးပေါ်သို့ ထွက်လာကြသည်။ ‘ဖမ်းဟ ဆီးဟ’ ဟူသော အသံများ တခဲနက် ပေါ်လာသည်။ ‘မီးကွင်းပစ်တာ မဟုတ်ဘူး၊ သူခိုးဟေ့ သူခိုး’ ဟူသော အသံများလည်း ထပ်ဆင့်ပေါ်လာသည်။

ယခုအခါ ထောင်ထွက်ကြီးသည် လူတောထဲတွင် ညပ်၍နေလေပြီ။ လူအုပ်ကြီးက ‘မိပြီ’ ဟု အော်၍ သူ့ဘိုင်စကယ် နောက်မြီးပေါ်မှာရှိသော လုရာပါ ပစ္စည်းကို ဆွဲချသည်။ ‘ဒါ ဘယ်သူ့ ဥစ္စာလဲ’ ဟု ဝိုင်းမေးကြသည်။ ‘အသစ်စက်စက်ပဲ’ ဟု ပြောသံကိုလည်း ကြားနိုင်ကြသည်။ ‘ဆွဲချဟ၊ ဖမ်းဟ၊ ရိုက်ဟ’ ဟူသော အသံများ ဆူညံလာသောအခါ ထောင်ထွက်ကြီးသည် ဘိုင်စကယ်ကို ထားခဲ့၍ လမ်းမကြီးပေါ် စွပ်ပြေးလေသည်။

လူအုပ်ကြီးက တုတ်များ၊ ဓားများနှင့် သူ့နောက်ကို လိုက်သည်။ ‘လက်လွန်ကုန်မယ်ဟေ့၊ မလုပ်ကြနဲ့၊ ဟိုမှာ သံဃာတော်တွေ လာနေပြီ၊ ဖယ်ကြ၊ ရှဲကြ’ ဟူ၍ တဦးသော အရပ်လူကြီးက အော်ရင်းနှင့် လူထုကြီး လှုပ်ရှားနေသော နေရာထဲသို့ အပြေးဝင်လာသည်။

သံဃာတော်တို့သည် ရပ်ကွက်အေးချမ်းစေဖို့၊ စည်းကမ်းတကျ ငြိမ်ဝပ်စွာ နေထိုင်ကြဖို့၊ ရပ်ကွက်ကို စောင့်ရှောက်ကြဖို့ လိုက်လံဆော်သြကြသည်။ ကျောင်းသားအနည်းငယ်နှင့် အရပ်သူအရပ်သား အများတို့သည် သံဃာတော်များနှင့်အတူ လိုက်ပါလာကြသည်။ အရပ်လူကြီးက ‘မလုပ်ကြနဲ့’ ဟု အော်နေဆဲ ခဏ၌ လူအုပ်ကြီးသည် ထောင်ထွက်ကြီးကို ခုန်၍အုပ်ကြသည်၊ တုတ်များ၊ ဓားများ လေထဲတွင် ဝဲနေကြသည်။ အရပ်လူကြီးက အတင်းဝင်လာသောအခါ လူစုရှဲသွားသည်။ လက်သည် ဘယ်သူလဲဟု မည်သူမျှ မပြောနိုင်ကြတော့ချေ။ လမ်းမကြီးပေါ်မှာ ထောင်ထွက်ကြီးသည် သွေးအိုင်ထဲတွင် လဲနေလေပြီ။

ဤတွင် ဆရာမောင်ထင်သည် “၈၈” အရေးတော်ပုံကာလအား ရှုထောင့်နေရာမျိုးစုံမှ ရပ်၍ ရေးဖွဲ့၏။ ရပ်ကွက်လူထု၏ စိုးရိမ်ထိတ်လန့်နေရမှု၊ လူစုလူဝေး၏ တရားစီရင်ရေး၊ ရပ်မိရပ်ဖလူကြီးများ၏ အခန်းကဏ္ဍနှင့် သံဃာတော်များ၊ ကျောင်းသားများ၏ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက် လုပ်ဆောင်မှုများ၊ ပြီးလျှင် လက်ရှောင်နေကြသည့် အာဏာပိုင်တို့၊ နောက်ဆုံး၌ ထောင်ထွက်ကြီး သေဆုံးခဲ့၏။ ထောင်ထွက်ကြီး သေဆုံးသွားသည့် သတင်းအား ရပ်ကွက်ဈေးငယ်လေးအတွင်း ပြောဆိုနေကြသည့် ဟန်နှင့် ဝတ္ထုတိုအား အဆုံးသတ်ထား၏။

‘လူမိုက်တို့ရဲ့ သွားရာလမ်းဟာ ဒါပဲအေ့’ ဟု တွေးခေါ် စဉ်းစားတတ်ဟန်တူသော ချဉ်ဖတ်ရောင်းသူ တဦးက မှတ်ချက်ချလေသည်။ ဈေးသည် အချင်းချင်းထံသို့ ပထမ သတင်းပို့သော မအဝှာက ‘အင်း ထောင်ထွက်ကြီး မရှိတော့၊ အေးပြီ’ ဟု ကရုဏာသံထဲတွင် လောကကြီးကို ကျေနပ်သော အသံနှော၍ ပြောလိုက်လေသည်။ သို့သော် မကျေနပ်သေးသော ဈေးသည်တယောက်က အတည်ပေါက်နှင့် ပြန်မေးသည်။

‘တကယ်လား’

အမေးခံရသော ဈေးသည်သည် ဘာကိုမျှ မဖြေတတ်ချေ။ မေးသူကို မေးရကောင်းလား ဟူသော မျက်နှာထားနှင့် နှာခေါင်းရှုံ့ပြသည်။ ကျန်သော ဈေးသည်များ၏ မျက်နှာက ဇီးရွက်လောက် ငယ်သွားသည်။ ဤတွင် ဝတ္ထုတိုအား ဆရာမောင်ထင်သည် အဆုံးသတ်လိုက်၏။


(ဇ)
ဝတ္ထု၌ ဇာတ်ကောင်ဟု ပြော၍ရသည့် ထောင်ထွက်ကြီးဟူက ဘာလဲ၊ မည်သည်အား ကိုယ်စားပြုထားသလဲ၊ စာပေစိစစ်ရေးအောက်မှ ဝတ္ထုရေးဆရာတို့သည် နိမိတ်ပုံများနှင့် ယင်းတို့၏ အနုပညာအား ပြကြရသည်။

ဆရာမောင်ထင်က သူကိုယ်စားပြုစေလိုသည်အား ထောင်ထွက်ကြီး သေသည့်သတင်းကို၊ ပြောဆိုနေကြသည့် ဈေးသည် ၂ ဦး၏ စကားနှင့် လှပ်ပြသည်ဟု ထင်မိ၏။

“အင်း … ထောင်ထွက်ကြီး မရှိတော့ အေးပြီ ”

ဂရုဏာသံထဲတွင် လောကကြီးကို ကျေနပ်သော အသံနှော၍ ပြောလိုက်လေသည်။ သို့သော် ဈေးသည်တယောက်က အတည်ပေါက်နှင့် ပြန်မေး၏။

“တကယ်လား”

အမေးခံရသော ဈေးသည်သည် ဘာကိုမျှ မပြောတတ်ချေ။ မေးသူကို မေးရကောင်းလားဟူသော မျက်နှာထားနှင့် နှာခေါင်းရှုံ့ပြသည်။ ကျန်သော ဈေးသည်များ၏ မျက်နှာများကား ဆီးရွက်လောက်ငယ်သွားသည်။

ဤသည်ပင် ဆရာမောင်ထင်ပြောချင်သည့် ဝတ္ထုတို၏ အာဘော်ဟု နားလည်ရ၏။ ပြီးလျှင် ဆရာသည် “၈၈ ”အလွန် မြန်မာ့နိုင်ငံရေးအား ရှုမျှော်ပြခြင်းလည်း ဖြစ်မည်ဟု ထင်မိ၏။


No comments:

Post a Comment