Thursday, July 1, 2010

ပျော်ပါတယ် အမေရယ်

ရွှေအိမ်စည်

(က)
မိုးဦး၊ မိုးနှောင်းကာလများတွင် မုဒုံ-ချောင်းနှစ်ခွ မော်တော်ကားလမ်းခရီးက မုဒုံမှ ချောင်းနှစ်ခွအထိသာ ပေါက်၏။ ဆောင်းနှောင်းနှင့် နွေဦးရာသီများတွင်မူ မုဒုံ-ချောင်းနှစ်ခွ ကားလမ်းပိုင်းသည် ချောင်းနှစ်ခွတွင်မဆုံး၊ ချောင်းနှစ်ခွမှ ဖားပြ၊ ချောင်းနှစ်ခွမှ ဝင်းယော်ဆိပ်ကြီး ရွာများအထိ ပေါက်၏။


ချောင်းနှစ်ခွရွာက ဝင်းယော်ချောင်းနှင့် ဇမိမြစ်တို့ ပေါင်းဆုံရာ ချောင်းဆုံ။ ထိုမှ ဝင်းယော်နှင့် ဇမိတို့သည် အတ္ထရံမြစ်အဖြစ်နှင့် သံလွင်အတွင်းသို့ စီးဝင်၏။ ချောင်းနှစ်ခွတွင် ဘုတ်ဆိပ်ရှိသည်။ ချောင်းနှစ်ခွမှ ဇမိမြစ်ရိုးအတိုင်းစုန်၍ ကြာအင်းဆိပ်ကြီးမြို့သို့ ရေလမ်းနှင့်သွားနိုင်၏။ ချောင်းနှစ်ခွမှ ဝင်းယော်ချောင်းရိုး အတိုင်း စုန်၍ လှကဒါ၊ ဆိပ်ခလေး၊ လှိုင်ကနီ၊ ဝင်းယော်ဆိပ်ကြီး လက်ဝါးဆိပ် စသည့် တောင်ပေါက် ၂၄ ရွာအတွင်းသို့လည်း သွားနိုင်သည်။

ဇမိမြစ်ရိုးအတိုင်း စုန်၍ဆင်းလျှင် အဆုံး၌ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူသို့ ရောက်မည်။ ဘုရားသုံးဆူမှ တဖက်သို့ကူးလျှင် ထိုင်းမြေ စံခရဘူရီသို့ ရောက်သည့်အတွက် အလုပ်သွားလုပ်ကြမည့်သူတချို့လည်း ဤလမ်းခရီးအား သုံးကြသည်။

မုဒုံမှ ထွက်လာပြီးမကြာ ကတ္တရာကားလမ်းသည် ချိုင့်များ၊ ကျင်းများနှင့် ဖြစ်လာ၏။ ကျောက်ခင်းလမ်း မဟုတ်သော်လည်း ကတ္တရာနည်းနည်းနှင့် ခင်းထားသည့်အတွက် လမ်းသည် မချောမွေ့။ လမ်းကြမ်း တကြောင်းကဲ့သို့ ဖြစ်နေသည်။ ကားက ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့်၊ ယာဉ်သုံးတန်၊ ကုန်သုံးတန် ချက်ပလက်ကားများ ဖြစ်သည်။ မုဒုံ-ချောင်းနှစ်ခွ လမ်းပိုင်းတွင်မူ ထို ချက်ပလက် ကားကြီးများသည်ပင် ခရီးသည်လည်းတင်၊ ကုန်လည်းတင်၍ ပြေးဆွဲနေကြသည်။

ခရီးသည်များက ကြက်သွန်အိတ်၊ ပဲအိတ်၊ ငရုတ်အိတ်၊ ငါးခြောက်အိတ်များပေါ်တွင် သင့်သလို ထိုင်ပြီး လိုက်ကြရ၏။ သီးသန့်ထိုင်ခုံနှင့် နေရာဟူ၍မရှိ။

သူတို့အားလုံး ဤလမ်းခရီးအား မသွားဘူးကြ။ ယခုခရီးက ပထမဦးဆုံးသော ခရီးဖြစ်သည်။ သူတို့၏ ခရီးစဉ်က ကြာအင်းဆိပ်ကြီးသို့ ဖြစ်သည်။ သူတို့အားလုံး အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ကြပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဆွဲခန့်မူလတန်းပြ ဆရာအဖြစ် အလုပ်လုပ်ရန် ထွက်ခွာလာကြခြင်း ဖြစ်၏။ အောက်မြန်မာပြည် အခြေခံပညာဦးစီးဌာနက သူတို့အား ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း ဆွဲခန့်မူလတန်း ကျောင်းဆရာများအဖြစ် တာဝန်ချ၏။ သို့သော် ခန့်စာက မရသေး။ ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးမှူးရုံးရောက်မှ ခန့်စာရမည်။ တာဝန်ကျမည့် မူလတန်းကျောင်းများအား သိရမည်။

ကားသည် ကဒါ ရဲစခန်းအရှေ့ရှိ ရဲကင်းတွင် ထိုးရပ်လိုက်သည်။ ရဲသား ၃ ယောက် ကားပေါ်သို့ တက်လာ၏ ကုန်ပစ္စည်းများအား ရှာဖွေသည် လူများအား စစ်ဆေး၏။ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ပြရ၏။ မှတ်ပုံတင်မရှိသည့် သူများက ကျေးရွာလူကြီး၏ထောက်ခံစာအား ပြကြသည်။ သူတို့က နိုင်ငံသားစိစစ်ရေးကဒ်ပြာများအား ထုတ်ပြကြသည်။ ကြာအင်းဆိပ်ကြီးသို့သွားမည့် အကြောင်းအား ပြောပြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဆွဲခန့်ကျောင်းဆရာမများအဖြစ်နှင့် အလုပ်တာဝန် ထမ်းဆောင်ရန် သွားမည့်အကြောင်း ရှင်းပြ၏၊ မရ။ ရဲများက သူတို့အားလုံးကို ကားပေါ်မှ ဆင်းစေ၏။ ရဲကင်းတဲအတွင်းသို့ ခေါ်သွားပြီး၊ အဝတ်အစားအိတ်များအား မွှေနှောက်၍ ရှာဖွေကြ၏။ ပြီးလျှင် ထိုင်းနိုင်ငံသို့ သွားပြီး အလုပ်လုပ်ကြမည့်သူများဟု စွပ်စွဲ၏။ ရှင်း၍မရ၊ ငြင်း၍လည်းမရ။

မော်လမြိုင်သို့ပြန်ပြီး ပြည်နယ်ပညာရေးမှူးရုံးမှ အထောက်အထား တခုခုပြန်တောင်း၍ တခေါက်ပြန်လာရုံပင်ရှိ၏။ မကြာ။ ဒုရဲအုပ်တယောက် ရောက်လာပြီး ရှင်းပြမှ ပြေလည်သွား၏။ ခရီးက အစမှာပင် အခက်အခဲများနှင့်။


(ခ)

ကြာအင်းဆိပ်ကြီးမြို့နယ်က ကရင်ပြည်နယ်အတွင်းရှိ မြို့ငယ်လေးတမြို့။ ပြည်တွင်းစစ်အတွင်း လူးလွန့်၍ ကြီးပြင်းနေရသဖြင့် ဖွံ့ဖြိုးမှုက မရှိ။ ကြာအင်းဆိပ်ကြီးတွင် ခြေလျှင်တပ်ရင်း ၂ ရင်းနှင့် ခြေမြန်တပ်ရင်း ၁ ရင်း ထိုင်၏။ နယ်လှည့်စစ်ဗျူဟာတခုသည်လည်း အမြဲလိုလိုရှိ၏။ ဒီမြို့တွင် တပ်သားဦးရေက အရပ်သားဦးရေထက်ပင် များမည့်ဟန် ရှိ၏။

ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးမှူးရုံးသို့သွားပြီး သူတို့ သတင်းပို့လိုက်ကြသည်။ ပညာရေးမှူးက ချက်ချင်းပင် သူတို့ တာဝန်ထမ်းဆောင်ကြရမည့် မူလတန်းကျောင်းနှင့် ရွာများအား ပြောကာ အလုပ်ခန့်စာများကိုလည်း ထုတ်ပေး၏။ သူငယ်ချင်းတယောက်က ကျုံခွန် ကျေးရွာမူလတန်းကျောင်း၊ အခြားတယောက်က ဝင်းယော်ဆိပ်ကြီးကျေးရွာ မူလတန်းကျောင်းနှင့် နောက်တယောက်က ဖားပြတ်ကျေးရွာ တွဲဖက်အလယ်တန်းကျောင်း။ အတူတူလာခဲ့ကြသည့် ၄ ယောက်က ၃ နေရာ ကွဲသွား၏။ ရွာချင်းကွဲသော်လည်း တရွာနှင့်တရွာက မဝေးလှ။

ဖားပြတ်ရွာနှင့် ကျုံခွန်ရွာက ရွာချင်းဆက်လျက် ရွာနီးပါးချင်းရွာများဟု ဆိုရမည်၊ ၃ မိုင်မျှ ဝေးမည်။ မြေပြန့်ကွင်းများဖြစ်၍ လှည်းလမ်းခရီးသာ ရှိ၏ ၂ ရွာလုံးက ကရင်ရွာများ ဖြစ်သည်။ ထိုဒေသတွင်မူ အိမ်ခြေများပြီး အသင့်အတင့် စည်ပင်သည့် ရွာများဟု ဆိုရမည်။ ဖားပြတ်ရွာတွင် စစ်တပ်စခန်းရှိ၏။ တပ်ခွဲ ၁ ခွဲထိုင်သည့်စခန်း။ ဝင်းယော်ဆိပ်ကြီးရွာက ဝင်းယော်ချောင်းဘေးတွင် မှေးတင်တည်ထားသည့် ရွာဖြစ်သည်။ မြစ်နားချောင်းနားရွာ ဖြစ်သည်။ ကျေးရွာလူထုက မွန်လူထု…။ ဗမာစကားမပေါက် ဗမာလိုမေးစမ်းလျှင် တခွန်းစ၊ ၂ ခွန်းစ ပြန်ဖြေတတ်ကြ၏။ မွန်စကားသာလျှင် အပြောများသဖြင့် ဗမာရည်မလယ်။

သူတို့သွားရမည့် ခရီးအတွက် မြို့နယ်ပညာရေးမှူးရုံးမှပင် လူကြုံရှာ၍ စီစဉ်ပေး၏။ လူကြုံက ဖားပြတ်ရွာမှ ကျေးလက်ကျန်းမာရေးမှူးဖြစ်သည်။ သူသည်လည်း ဖားပြတ်သားမဟုတ် ပဲခူးတိုင်းအတွင်းမှဖြစ်ပြီး တာဝန်အရ ဖားပြတ်တွင် ရောက်နေခြင်း ဖြစ်သည်။ အနေကြာပြီဖြစ်၍ ထိုဒေသအတွင်း ဒေသခံတဦးကဲ့သို့ ဖြစ်၍နေပြီ။ မွန်းစကားလည်း ပြောနိုင်ဆိုနိုင်သလို ကရင်းစကားလည်း ရ၏။

သူတို့ခရီးစဉ်က ကြာအင်းဆိပ်ကြီးမှ ဇမိမြစ်ကြောင်းအတိုင်း စုန်၍ ဝေဇာလီရွာသို့ သွားမည်။ ဝေဇာလီမှ အင်းခွ၊ လှိုင်ကနီ၊ လှိုင်ကနီမှ ဝင်းယော်ချောင်းအား ဖြတ်ကူးပြီး ဝင်းယော်ဆိပ်ကြီးသို့။ ဝင်းယော်ဆိပ်ကြီးတွင် တာဝန်ကျမည့် သူတို့အထဲမှ တယောက်အား ရွာလူကြီးထံတွင်အပ်နှံပြီး ဝင်းယော်ဆိပ်ကြီးမှ ကျုံခွန်၊ ပြီးလျှင် ဖားပြတ်သို့ ခရီးဆက်ကြမည်။ ခရီးက ခြေလျင်ခရီး အလျဉ်းသင့်၍ လှည်းကြုံရပါက လှည်းကြုံနှင့် လိုက်ရမည်။ လှည်းကြုံသင့်၍ အဆင်ပြေပါက ဖားပြတ်သို့ ညနေ၊ နေညိုလျှင် ရောက်နိုင်မည် သို့မဟုတ်ပါက လမ်းတွင် တညအိပ်ရမည့် ခရီး။

(ဂ)

စက်လှေဦးက ဝါးဖောင်တခုအား ထိုးမှီ၍ ဆိုက်ကပ်လိုက်သည်။ စက်လှေ၏ အရှိန်ကြောင့် လှိုင်းတို့က လှုပ်လှုပ်ရှားရှား။ ဝါးဖောင်က ယိမ်းယိမ်းနွဲ့နွဲ့။ စက်လှေအား အလျားလိုက် ဝါးဖောင်နှင့် ကပ်၍ရပ်လိုက်သည်။ သို့သော် စက်လှေ၏ အယိမ်းနှင့် ဝါးဖောင်၏ အလှုပ်က ‘ဟာမိုနီ’ မဖြစ်။ စက်လှေက နိမ့်ဆင်းသွားလျှင် ဝါးဖောင်က မြင့်တတ်၍လာ၏။ ခက်ပြီ။

‘လှေ အဆင်း၊ မြင်း အတက်’ ဟူသည့်အတိုင်း သူတို့ လှေပေါ်မှ ဆင်းရန် ခက်နေ၏။ ကျန်းမာရေးမှူးကြီးက သူတို့အား တယောက်ချင်း လက်ဆွဲ၍ ဆင်းစေမှ အားလုံး ဝါးဖောင်ပေါ်သို့ ရောက်ကြ၏ မလွယ်။

ဝါးဖောင်တခုပေါ်တွင် လက်နက်ကိုင် တပ်သားအချို့အား မြင်လိုက်ကြ၍ သူတို့ တွန့်သွား၏။ ယူနီဖောင်းက စစ်ရောင်မည်းမည်းညိုညို၊ စစ်သားတွေလား၊ ကရင်သူပုန်တွေလား၊ မွန်သူပုန်တွေလား။ လားပေါင်းများစွာနှင့် ခြေလှမ်းသည်ရှေ့သို့ မလှမ်းဝံ့၏။ ဤဒေသအတွင်း အလုပ်လျှောက်ခဲ့ကြစဉ် ကတည်းက ဒေသအတွင်းတွင် ကရင်သူပုန်များရှိသည် မွန်သူပုန်များရှိသည်ကိုမူ သိထားခဲ့၏။ သူပုန်ဟူသည်မှာလည်း ရုပ်ရှင်ထဲမှ သူပုန်များကိုသာ မြင်ဖူးသည်ဖြစ်၍ ‘လန့်’ နေမိ၏။


“ငြိမ်းချမ်းရေးယူထားတဲ့ မွန်အဖွဲ့တွေပါ၊ ဘာမျှမစိုးရိမ်နဲ့ ဒီမှာက သူတို့ကို စိုးရိမ်စရာမလိုဘူး” သူတို့တတွေ ရပ်၍တွန့်နေသည်ကို ကြည့်ပြီး ကျန်းမာရေးမှူးက ရှင်းပြ၏။ ကဒါရဲစခန်းတွင် ကြုံခဲ့ရကတည်းက လက်နက်ကိုင်များမြင်လျှင် သူတို့ လန့်နေလေပြီ။

ဝေဇာလီရှိ မွန်ဂိတ်မှူးက ကျန်းမာရေးမှူးကြီးနှင့် စကားအနည်းငယ်ပြောပြီး ဝင်းယော်ဆိပ်ကြီးသို့ ပြန်မည့် လှည်းကြုံတစီးအား စီစဉ်ပေး၏။ လှည်းက ဝင်းယော်ဆိပ်ကြီးရွာမှလှည်း ဝေဇာလီဆိပ်တွင် ကြက်ပေါင်းစေးထုပ်များ လာချပြီး ဝင်းယော်ဆိပ်ကြီးသို့ ပြန်မည်။ လှည်းကြုံရသဖြင့် ဝေဇာလီ၊ ဝင်းယော်ဆိပ်ကြီးခရီးက အဆင်ပြေသွား၏ လှည်းကြုံမရပါက မလွယ်။

၎-၅ နာရီမျှ ခြေလျင်လျှောက်ရမည်။ သူတို့တွေ၏ ဘဝများက မနုခဲ့ကြရသော်လည်း ဤသို့ ၄-၅ နာရီ ခရီးအား ခြေလျင်တခါမျှ မသွားလာဖူးခဲ့။ လှည်းလမ်းက ကြက်ပေါင်းစေးပင်များအကြားမှ ဖြတ်၍ သွားသဖြင့် အရိပ်ရ၏။ ကြက်ပေါင်းစေးခြံကြီးများက တောအုပ်လေးပမာ စိမ့်စိမ့်မှိုင်းမှိုင်း။

“ရွှေဟင်္သာတံတားရောက်တော့မယ် သတင်းဘာထူးသေးလဲ”

“ မနက်ကလာတုန်းကတော့ ဘာမှမထူးပါဘူး”

ကျန်းမာရေးမှူးကြီးနှင့် လှည်းဆရာတို့၏ စကားများက သူတို့အတွက် ပဟေဋိ၊ ပွင့်ပွင့်ရှင်းရှင်း မသိသော်လည်း သိချင်စိတ်ကို သူတို့မေးမနေတော့။

(ဃ)

ကျုံခွန်ရွာက တောင်ညိုတောင်တန်းကြီး၏ အရှေ့ဘက်အခြေတွင်ရှိ၏။ နီးလွန်းသဖြင့် ပြာမှိုင်းသည့် တောင်၏ အရိပ်သည် ရွာအား မိုးထားသကဲ့သို့။ ရွာ၏ အဓိကစီးပွားရေးက လယ်ယာနှင့် ဥယျာဉ်ခြံမြေ။ ရွာနှင့် တောင်ညိုတောင်ခြေ တလျောက်တွင် ဒူးရင်းခြံ၊ ဒညင်းခြံ၊ ကွမ်းသီးခြံနှင့် ကြက်ပေါင်းစေး ခြံများ ရှိ၏။

ရွာ၏ အရှေ့ဘက်တွင်မူ လယ်ကွင်းများ။ လယ်မြေများက တမျှော်တခေါ် မျက်စိအဆုံး မြင်ရ၏။ လယ်ကွင်းများ၏ အဆုံးတွင် ဝင်းယော်ချောင်းက အနားသတ်စည်းအဖြစ် တားထား၏။ ရွာလယ်တွင် ဘုန်းတော်ကြီးကျောင်း ရှိ၏။ အုတ်ဝင်းနံရံ၊ အုတ်ကျောင်းဆောင်ကြီးများနှင့် ကျုံခွန်ရွာ ဘုန်းတော်ကြီးကျောင်းသည် ထည်ထည်ဝါဝါ။ ရွာ၏ ဘုန်းတော်ကြီးကျောင်းက ကျုံခွန်ရွာ၏ ဓနအား ဖော်ပြနေသကဲ့သို့။

ရွာလူကြီးက သူတို့ ၂ ဦးအား ရွာခံကျောင်းဆရာမလေး၏ နေအိမ်တွင်ပင် နေထိုင်ရန် စီစဉ်ပေး၏။ အမျိုးသမီးဖော်ရသဖြင့် အဆင်ပြေသည်။ ရွာခံဆရာမလေးက ရွာမှခန့်သည့် ကျောင်းဆရာမလေး ဖြစ်သည်။ ဆရာ၊ ဆရာမမရှိသဖြင့် နဝမတန်းအထိ ကျောင်းနေခဲ့ဖူးသည့် ထိုဆရာမလေးကိုပင် ရွာမှ မူလတန်း ဆရာမအဖြစ် ရွာခန့်ဆွဲခန့် ထားရ၏။ ဆရာမလေး၏ လစာကိုမူ ရွာမှပင် စု၍ပေးကြသည်။

ဆရာမလေးက သူတို့တွေနှင့် သက်တူ၊ ရွယ်တူမျှရှိမည်။ ကရင်တိုင်းရင်းသူတဦးဖြစ်၍ စကားပြောလျှင် ပွင့်လင်း၏ ဟန်ဆောင်စကားမပါ။

အိမ်က ‘ဖားပြတ်’ ရွာသို့ထွက်ရာ ‘ကျုံခွန်’ရွာ၏ တောင်ဖျားပိုင်းတွင် ရှိသည်။ ပျဉ်ထောင်အိမ် ခြေမြင့်လေး ဖြစ်သည်။ ပြဿနာက အိမ်ပေါ်သို့ တက်သည့်လှေကားသည် လက်တန်းမပါ။ မျောတိုင် ၂ ချောင်းကို အလယ်တွင် ကန့်လန့်ဖြတ် တန်းရိုက်၍ ထောင်ထားသည့် လှေကားဖြစ်၍ တက်ရ၊ ဆင်းရသည်မှာ မလွယ်။

ရေတွင်းအား ဘောင်ကွပ်၍ ကာရံမထား၊ တွင်းနှုတ်ခမ်း၏ အစပ်တွင် ပျဉ်ပြားချပ်ကြီးတချပ်အား ခင်းထား၏။ ထိုပျဉ်ပြားပေါ်မှ နေ၍ ရေကို ငင်ယူရသည်။ ရေငင်ရသည်မှာလည်း ‘မောင်းတက်’ နှင့် ငင်ရခြင်း ဖြစ်သည်။

ရေပုံးအတွင်း ရေပြည့်သွားလျှင် မောင်းတံ၏ တဖက်မှ အလေးချိန်ကြောင့် ရေပုံးသည်တွင်းပေါ်သို့ ပြန်တတ်လာ၏။ လူက ဝါးလုံးရှည်အား အလိုက်သင့် ထိန်းပေးရုံမျှသာ။

သို့သော် မောင်းတက်နှင့် တခါမျှ ရေမငင်းဖူးသဖြင့် ပထမတွင် အခက်တွေ့၏။ သူတို့နေခဲ့သည့် မြို့ပြရေတွင်းများက စက်သီးနှင့်ငင်သည့် ရေတွင်းများဖြစ်၍ မောင်းတက်နှင့် ရေငင်ရသည်မှာ မလွယ်။

တည်းခိုနေထိုင်ရမည့် အိမ်သို့ရောက်ပြီးသည်မှစ၍ သူတို့ ၂ ဦးရှာဖွေကြည့်နေသည်မှာ အိမ်သာဖြစ်သည်။ အိမ်သာကို မတွေ့ရ။ ခြံဝင်းကျယ်ကြီးဖြစ်၍ ခြံအတွင်း တနေရာရာတွင်များ ရှိလေမည်လား။ ခြံဝင်းအတွင်း၌လည်း မတွေ့။ ညပိုင်းတွင် အိမ်ရှင်ဆရာမလေးအား တိုးတိုးကပ်၍ မေးကြည့်ကြသည်။

“ရွာမှာက အိမ်သာဆိုလို့ ဘုန်းကြီးကျောင်းမှာပဲ ရှိတယ်။” အိမ်ရှင်ဆရာမလေးက ပွင့်ပွင့်လင်းလင်းပင် ပြော၏။ ပြီးလျှင် တွေးတွေးဆဆနှင့် “မြို့ကလာတဲ့ ဆရာမတို့တော့ ဒုက္ခပဲနော်။ ရွာမှာက ဒီလိုပဲ သင့်သလို အပေါ့၊ အလေး သွားလိုက်ကြတာပဲ။ ပြီးတော့ ခွေးစား၊ ဝက်စားနဲ့ ရှင်းသွားတာပါပဲ” ဆရာမလေးက သူ့စကားအား သူ့ဘာသာ သဘောကျပြီး ရယ်နေ၏။ သူတို့ ၂ ယောက်ကမူ ရယ်ရအခက်၊ မဲ့ရအခက်။

ရေနံဆီမီးခွက်၏ မီးရောင်မှိန်မှိန်ပျပျအောက်၌ ရွာလေးသည် ဆိတ်ငြိမ်၍နေပြီ။ ကျယ်လောင်သည့် ပေါက်ကွဲသံများကြောင့် သူတို့ ၂ ယောက် တယောက်ကို တယောက် ဖက်ထားလိုက်မိကြ၏။

“ မီးခွက်တွေ မှုတ်လိုက်၊ မီးခွက်တွေ မှုတ်လိုက်”

အိမ်ရှင်ဆရာမလေးက ပြောပြောဆိုဆိုနှင့် စားပွဲပေါ်တွင်ထွန်းထားသည့် မီးခွက်အား ငြိမ်းလိုက်သည်။ လက်နက်ငယ် ပစ်ခတ်သံများက ဆူညံစွာနှင့်။ ပြီးလျှင် လက်နက်ကြီး ပေါက်ကွဲသံများက ဆင့်၍ ဆင့်၍ ပေါက်ကွဲနေ၏။ မြည်ဟီးသံများက အမှောင်းအတွင်း၌ ကြောက်မက်ဖွယ်ရာ။

“ဆရာမတို့ အိမ်အောက်ဆင်းပြီး၊ ပုန်းခိုကျင်းထဲ ဆင်းနေရအောင် ဖားပြတ်စခန်းကို ဗိုလ်တင်လှိုင်တို့ ဝင်ပစ်တယ်နဲ့ တူတယ်”

သူတို့ ၂ ယောက်က နေရာမှ ထ၍မရ၊ လှုပ်၍မရ၊ မှင်သက်၍နေ၏။ ဤကဲ့သို့ နီးနီးကပ်ကပ် တိုက်ပွဲကြီး ဖြစ်နေသည်ကို တခါမျှမကြုံဖူးသဖြင့် ကြောက်ရွံ့ပြီး ကြက်သေ၊ သေနေကြသည်။

“ဆရာမတို့ ထ ထ ၊ ကျမတို့ အိမ်အောက်ဆင်းရအောင်”

အိမ်ရှင်ဆရာမလေးက ပြောပြောဆွဲဆွဲနှင့် တွဲခေါ်မှသာ သူတို့ ၂ ယောက် အသိပြန်ဝင်လာပြီး လှုပ်ရှား၍ရသည်။ ပုန်းခိုကျင်းလေးအတွင်း၌ အိမ်ရှင်ဆရာမလေးတို့ မိသားစုနှင့် သူတို့ ၂ ယောက်သည် ငြိမ်သက်စွာနှင့် ဝပ်၍နေကြ၏ ပစ်ခတ်သံများက ဆူညံ၍နေဆဲ သံဗုဒ္ဓေဂါထာအား ရွတ်၏။ အမှားမှားအယွင်းယွင်း။

“ဆရာမတို့ ကြောက်နေကြလား။ သိပ်တော့ မစိုးရိမ်ပါနဲ့၊ ဟိုဖက်ရွာမှာ ဖြစ်တာပါ။ ဒီနယ်မှာတော့ ဒီလိုတိုက်ပွဲ ဖြစ်တာတွေက မကြာ၊ မကြာ ကြုံရတတ်တယ်”

အိမ်ရှင်ဆရာမလေးက အားပေးစကားအား တိုးတိုးဆို၏။ သံဗုဒ္ဓေအားရွတ်နေရင်း အတွေးက အမေ့ဆီသို့ ရောက်၏။ ဤဒေသအတွင်း ဆွဲခန့်ဆရာမလေးအဖြစ်နှင့် အလုပ်သွားလုပ်မည်ဟု ပြောသည့်အခါ၌ အမေသည် တား၏။ မြေစိမ်း၊ နယ်စိမ်းမှာ ဖြစ်ပါ့မလား၊ သမီးရယ်ဟု အမေသည် မဝံ့မရဲနှင့် သတိပေးရှာ၏။ စိုးရိမ်ရှာ၏။ တင်းတင်းကျပ်ကျပ်မူ မတားဝံ့ရှာ။ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ပညာအခြေခံနှင့်က မြို့ပြတွင် အလုပ်ဟူသည် မရှိ။ သိန်းဂဏန်းမျှ ပေးကမ်းနိုင်လျှင်မူ မိမိတို့နေသည့် မြို့လေးတွင်ပင် ရုံးတရုံး၌ အောက်တန်းစာရေးလေးဖြစ်ဖြစ်၊ မြို့နယ်အတွင်း ဆင်ခြေဖုံးကျောင်းတကျောင်း၌ မူလတန်းပြ ဆရာမလေးဖြစ်ဖြစ် ရနိုင်၏။ သိန်းဂဏန်းဟူသော ငွေကြေးက သူတို့မိသားစုတွင် ပေးနိုင်စရာမရှိ။

“နယ်စိမ်း၊ ပယ်စိမ်း၊ မြေစိမ်း၊ ရေစိမ်းဆိုတာလည်း နောက်တော့ အသားကျသွားမှာပါ။ ပျော်သွားမှာပါ အမေရယ်”

မိခင်အား နှစ်သိမ့်အားပေးစကား ပြောခဲ့သည့် သူမ၏ စကားသံအား ပြန်၍ကြားယောင်မိ၏။ ‘ဝုန်း’ ကနဲ ပေါက်ကွဲလိုက်သည့် လက်နက်ကြီးသံကြောင့် အမေ့ဆီရောက်နေသည့် အတွေးက တိကနဲ ပြတ်၍ သွားသည်။ သံဗုဒ္ဓေအား ရွတ်၏။ အလွဲလွဲ အမှားမှား။


No comments:

Post a Comment