Thursday, July 22, 2010

ကုန်ပစ္စည်းမဲ့ဈေး

သန်းထိုက်ဦး

ဒီနေရာကို သူတို့ ဈေးရောင်းဖို့ စုဝေးရောက်ရှိ လာကြတာပါ။ ဒါပေမယ့် သူတို့မှာ ရောင်းစရာ ကုန်ပစ္စည်းရယ်လို့ ဘာမှ ပါလာတာ မတွေ့ရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရောင်းချ ကြမှာက လုပ်အားတွေပါ။

မီးပွိုင့် လမ်းဆုံ အနီး အနား တ၀ိုက်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ တနေ့တာ အလုပ်ရဖို့ အတွက် ဈေးဆိုင်တွေ ရှေ့ မှာ ထိုင်သူကထိုင်၊ လမ်းမကြီးရဲ့ နှစ်ဘက်မှာ ရှိတဲ့ ပလက်ဖောင်းပေါ်မှာ ဟိုတစု၊ ဒီတစုနဲ့ ရပ်သူက ရပ်ရင်း လာခေါ်ကြမယ့် အလုပ် ရှင် တွေကို စောင့်မျှော် နေကြပါတယ်။

ဒီနေရာလေးကို “စီယဲ့” လို့ခေါ်ကြပြီး စီယဲ့ ဆိုတာက ထိုင်းဘာသာနဲ့ လမ်းလေးခွဆုံကို ခေါ်တာပါ။ အဲဒီနေရာမှာ မီးပွိုင့်အကြီးကြီး တခု ရှိနေတဲ့အတွက် မြန်မာအလုပ်သမား တွေကတော့ မီးပွိုင့်လို့ပဲ အလွယ်တကူခေါ်ကြပါတယ်။

ဒီနေရာလေး ကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က နေ့စား ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နေရာလေးပါ။ ဒီနေရာမှာ အလုပ် လာလုပ်ကြတဲ့ သူတွေဟာ ရှမ်း၊ ကရင်၊ ရခိုင်၊ လားဟူ စတဲ့ တိုင်းရင်းသားတွေနဲ့ တောင်ပေါ်သားကတ် ရထားသူ (ထိုင်း နိုင်ငံသားအဖြစ် အသိအမှတ် ပြုခံထားရသူ) တချို့ပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ လူငယ် အများစုဖြစ်ကြပြီး ခန့်မှန်းခြေ လူဦးရေ ၂၀၀ လောက်ရှိပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါပါတယ်။

အလုပ်သမားတွေဟာ မနက် ၆ နာရီကနေ စပြီး တဖွဲဖွဲ ရောက်လာကြပါပြီ။ တချို့ကတော့ စောင့်ရကျိုးနပ်ပြီး အလုပ်ရသွားကြ ပေမယ့် တချို့ အလုပ်မရဘဲ ပြန်သွားကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ အများစုကတော့ ညနေ ၃ နာရီ လောက်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြပါတယ်။

သူတို့ရဲ့ ရှေ့မှာ ကားတစီး ရပ်လိုက်တာနဲ့ လူအုပ်ကြီးက ၀ိုင်းပြီး အလုပ်ရှင်ကို ဘာအလုပ် လုပ်ရမယ်ဆိုတာ အရင် မမေးဘဲ သူ့ထက်ငါ တိုးဝှေ့ပြီး ကားပေါ် လုတက်ကြပါတယ်။

အလုပ်ရှင် သူဌေးက အလုပ်သမား ၂ ယောက် လိုတယ်၊ တနေ့ လုပ်အားခ ဒီလောက်ပဲ ပေးမယ် လုပ်နိုင်မလားဆိုပြီး ဈေးခေါ်ရင် လုပ်နိုင်တဲ့ သူတွေက သွားလုပ်ကြပါတယ်။ အလုပ်သမားတွေကို အလုပ်ရှင်ကပဲ ကားနဲ့ အကြိုအပို့ လုပ်ပေးပါတယ်။

သူတို့တွေ လုပ်ရတဲ့ အဓိကအလုပ်တွေကတော့ ဆောက်လုပ်ရေး၊ ပန်းပင်စိုက်၊ မြေကြီးတူး၊ အိမ်ခြံသန့်ရှင်းရေး၊ ပစ္စည်းသယ်၊ သစ်ပင်ခုတ် စသဖြင့် အလုပ်ကြမ်းတွေပါပဲ။

အသက် ၂၈ နှစ်အရွယ် အလုပ်သမား တဦးက “သူဌေးက လူအကောင်ကို ကြည့်တယ်၊ ဒီကောင်က ပစ္စည်း အလေးတွေ သယ်နိုင် မလားဆိုပြီးကြည့်တာ။ အားကောင်းတဲ့ လူတွေကိုပဲ ရွေးခေါ်တာများတယ်” လို့ ပြောပါတယ်။

ဒီနေရာမှာ အလုပ်လာစောင့်တဲ့ လူအများစုကတော့ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ဘတ်လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် လက် မှတ် (အလုပ်သမားကတ်) မရှိတဲ့သူတွေပါ။ ထိုင်းသူဌေးရဲ့ အိမ်မှာ လခစား အလုပ်လုပ်ပြီး ပိုက်ဆံ အပြည့် မပေးတာကြောင့် အလုပ်ထွက်၊ ရတဲ့အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူတွေလည်း ရှိပါတယ်။

ရှမ်းတိုင်းရင်းသား တဦးဖြစ်တဲ့ ဦးစိုင်းလှကတော့ “ထိုင်းတွေက မြန်မာနိုင်ငံသားတွေ အပေါ် အထင်သေးတဲ့ သဘောလေ၊ ခိုင်း ချင်သလိုခိုင်းပြီး ပေးချင်သလို ပေးကြတယ်။ အဲဒါကြောင့် တခြား နေရာတွေမှာ အလုပ်မရှိရင် ဒီမှာပဲ လာစောင့် ကြတာ များတယ်” လို့ ပြောပါတယ်။

ချင်းမိုင်မှာ တရားဝင် သတ်မှတ်ထားတဲ့ တနေ့ လုပ်အားခဟာ ဘတ် ၁၆၈ (ကျပ် ၅၀၀၀ ကျော်) ဆိုပေမယ့် ဒီနေရာလေးမှာ အနည်းဆုံးတော့ ဘတ် ၂၀၀ (ကျပ် ၆၀၀၀ ကျော်) ရကြပါတယ်။ တခြားနေရာထက်စာရင် ဒီနေရာလေးက ငွေလည်း ပိုရပြီး ပုတ်ပြတ် အလုပ်တွေလည်း မကြာခဏ ရတတ်ပါတယ်။

တချို့အလုပ်သမားတွေက ဒီနေရာလေးမှာ အလုပ်လုပ်ရင်း တခြား အဆင်ပြေနိုင်မယ့် အိမ်ဖော်အလုပ်နဲ့ စိုက်ပျိုးရေးခြံတွေမှာ လခစား အလုပ်တွေကို သွားလုပ်ကြပါတယ်။

ချင်းမိုင်မြို့အပြင် တခြား မြို့ကြီးတွေမှာ ရှိတဲ့ ဈေး၊ စားသောက်ဆိုင်၊ စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်ဖော်၊ လိင် ဖျော် ဖြေရေး လုပ်ငန်းတွေမှာလည်း ဘ၀ကို ရုန်းကန် လှုပ်ရှား နေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ တော်တော် များများ ရှိကြ ပါတယ်။

ထိုင်း နိုင်ငံ အနှံ့မှာ မြန်မာပြည်သား အလုပ်သမားတွေဟာ ခေါင်းပုံဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာ စတဲ့ အန္တရာယ်တွေ ကြုံတွေ့နေ ရတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲ အထက်ရှိတယ်လို့ အလုပ်သမားအရေး လေ့လာသူတွေက ခန့်မှန်းထား ပါတယ်။

အလုပ်သမားတွေရဲ့ ပြောပြချက်အရ “ထိုင်းနိုင်ငံသားတွေ မလုပ်နိုင်တဲ့ အလုပ်တွေကိုပဲ လုပ်ကြရတယ်” လို့ သိရပါတယ်။

အလုပ်သမား အများစုကတော့ ဒီနေ့ အလုပ်ဆင်းပြီး ဒီနေ့ ပိုက်ဆံ ချက်ချင်းရတဲ့ အလုပ်တွေကိုပဲ ပို ကြိုက်နှစ်သက်ကြတယ်လို့ ပြောကြပါတယ်။

ရှမ်း တိုင်းရင်းသား ကိုအောင်က“ဒီမှာလာပြီး အလုပ် လာလုပ်ရတာ အဆင်ပြေတယ်။ သူဌေး အိမ်မှာ လခစား အလုပ်လုပ် ရတာ နားချင်တိုင်းလည်း မနားရဘူး။ ဒီမှာ လာစောင့်ရင် ဒီနေ့ အလုပ်ဆင်းပြီး နောက်နေ့ အလုပ် လာမဆင်းချင်လည်းရတယ်၊ နားလို့ ရတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ဒီနေရာမှာ အလုပ် မရတဲ့နေ့တွေ၊ အလုပ်ပိုင်ရှင် သူဌေးက လုပ်အားခ ရှင်းမပေးတာတွေ၊ အချိန် ပိုလုပ်ခမရတာတွေ၊ ထိုင်း ရဲတွေက လာဖမ်းတာ တွေကိုလည်း ကြုံကြရပါတယ်။

“ဒီမှာ အလုပ်လာစောင့်တာက နေ့တွက်တော့ ကိုက်တယ်။ အခြေအနေမကောင်းရင်လည်း တခါတလေ ရဲဝင်ဖမ်းတာမျိုး ကြုံရ တယ်၊ အဖမ်းခံရရင်တော့ ဒဏ်ငွေ ရိုက်ခံရတယ်” လို့ ဦးစိုင်းလှကပဲ ပြောပါတယ်။

သူက ဆက်ပြီးတော့ “ဒဏ်ရိုက်တဲ့ အခါမှာ ရဲကပြောတာက မင်းတို့ကောင်တွေက မှတ်ပုံတင်မရှိဘူး၊ ငါတို့နိုင်ငံ ကို ခိုးဝင်တဲ့ လူ တွေပဲ။ ဒဏ်ငွေ ရိုက်မယ်၊ ပိုက်ဆံ ဘယ်လောက် ဘယ်လောက်၊ အနည်းဆုံး ဘတ် ၂၀၀၀ (ကျပ် ၆၀၀၀၀ ကျော်) ကနေ့ ၃၀၀၀ (ကျပ် ၁ သိန်း ဝန်းကျင်) လောက်အထိ ရိုက်တယ်။ အလုပ်သမားလက်မှတ် ရှိတဲ့ ကျနော်တောင် အဖမ်းခံရတယ်” လို့ ပြောပြ ပါတယ်။

ဒဏ်ငွေ ဆောင်နိုင်တဲ့လူတွေကတော့ ပြန်လွတ်လာတာ ရှိသလို ဒဏ်ငွေ မဆောင်နိုင်တဲ့ လူတွေကတော့ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) ကနေ တဆင့် နယ်စပ်တွေကို ပြန်ပို့ ခံရပါတယ်။ ဒါပေမယ့် ဒီ အလုပ်သမားတွေမှာ ပုံမှန်လစာ ရယ်လို့ မရှိပေမယ့် အနည်းဆုံး တလ၀င်ငွေ ဘတ် ၇၀၀၀ (ကျပ် ၂ သိန်းကျော်) လောက်ရကြပါတယ်။

ချင်းမိုင်အခြေစိုက် ထိုင်း လ၀က ရဲ့ အမည် မဖော်လိုတဲ့ တာဝန်ရှိသူ တဦးကတော့ အဲဒီနေရာမှာ အလုပ်စောင့်နေတဲ့ မြန်မာတွေ အရမ်း များပြီး မနက် မနက် ကားလမ်းတွေ ပိတ်တာကြောင့် တာဝန်ရှိ သူတွေက ၀င်ရောက် စစ်ဆေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာတွေ အများကြီး ရှိနေတယ်လေ ဘယ်သူပဲ သွားသွား အဲဒီနေရာမှာ လူတွေ အများကြီး စုဝေးနေတာကို တို့ အထက် အရာရှိ တွေကလည်း တွေ့ကြတယ်။ ဒီ လူကြီးတွေကလည်း ဒီအလုပ်သမားတွေ အကြောင်းကို ခဏခဏ ပြောနေကြတယ်။ ဒါ ကြောင့် တာဝန်အရ စစ်ဆေးရတာပါ” လို့ သူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို နှိမ်နင်းရေး၊ ဖမ်းဆီးရေးနဲ့ တရားစွဲဆိုရေး အထူးဌာန ဖွင့်လှစ်ဖို့ ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက လက်မှတ် ရေးထိုးပြီး ညွှန်ကြားခဲ့ပါတယ်။

အဲဒီ ညွှန်ကြားချက်ဟာ ထိုင်းနိုင်ငံ အတွင်းမှာ တရားမ၀င် လာရောက် လုပ်ကိုင်နေတဲ့ မြန်မာ နိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယား၊ လာအို နိုင်ငံသား အလုပ်သမားတွေအပေါ် အကျိုး သက်ရောက်မှုတွေ ရှိနိုင်တယ်လို့လည်း လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) က ညွှန်ကြားရေးမှူး အန်ဒီဟောလ်က ပြောခဲ့ပါတယ်။

တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများတွေကို နှိမ်နင်းဖို့ စီစဉ်တာဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေ အတွက် ဥပဒေမဲ့ ဖမ်းဆီးခွင့်၊ အနိုင်ကျင့်ခွင့်နဲ့ လာဘ်စားဖို့ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း အလုပ်သမား အရေး ဆောင်ရွက်တဲ့ HRDF က ထောက်ပြပါတယ်။

တကယ်တော့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ အဖမ်းအဆီး ခံရမယ်ဆိုရင်လည်း မထူးဆန်းတော့ပါဘူး။ သူတို့ ရှာထားပြီး စုဆောင်းထားတဲ့ လုပ်အားခငွေတွေကို ဒဏ်ကြေးအတွက် အပွန်းအပဲ့ ခံလိုက်ရတယ် ဆိုတာက သူတို့အတွက်တော့ ရိုးနေပါပြီ။

ဘယ်လိုပဲ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်ပြီး ဖမ်းဆီးတာတွေ ရှိနေပေမယ့် ဒီနေရာလေးကတော့ ရွှေ့ပြောင်းအလုပ်သမား တွေနဲ့ စည်ကားနေဆဲပါ။ သူတို့ဟာ သူတို့ လုပ်အားတွေကို အလုပ်ရှင်ဆီမှာ ရောင်းဖို့ စောင့်ရင်း၊ ဈေးစကားပြောကြရင်း တဘက်ကလည်း ထိုင်း အာဏာပိုင်တွေရဲ့ အဖမ်းအဆီး မခံရဖို့ မျက်စိရှင်ရှင် သတိရှိရှိနဲ့ နေထိုင်ဖို့ ကျင့်သားရနေ ကြပါပြီ။

No comments:

Post a Comment