Sunday, August 22, 2010

ဘတပြန် ကျားတပြန် တရုတ်နှင့် အမေရိကန်ကြားက မြန်မာ အမြတ်ရမည်လော

ဘိုဘိုကျော်ငြိမ်း


ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲသွားတော့ ကမ္ဘာပေါ်မှာ စူပါ,ပါဝါ အဖြစ် အမေရိကန်နိုင်ငံပဲ ထီးထီးကြီး ကျန်ရစ်ပါတော့တယ်။ ပထမ အီရတ်စစ် အပြီးမှာ အမေရိကန်ရဲ့ စစ်ရေး အောင်မြင်မှုကြောင့် တဆင့်မြှင့်ကာ အမေရိကန်နိုင်ငံကို ဟိုင်ပါ,ပါဝါ (Hyper-Power) လို့တောင် တင်စားခဲ့ကြပါတယ်။ ဒုတိယ အီရတ်စစ်ပွဲနဲ့ အာဖဂန် စစ်ပွဲတွေမှာ အမေရိကန်စစ်တပ် အထိနာမှ တဆင့်ပြန်နိမ့်ကျ သွားပါတယ်။ တချိန်က ဆိုဗီယက်နဲ့ အမေရိကန် စစ်အေးတိုက်ပွဲမှာ အားပြိုင်ခဲ့ကြတယ်။ စစ်ရေးအရတော့ ဆိုဗီယက်တွေဟာ စူပါ,ပါဝါ ပဲ။

ခေါင်းဆောင်ကြီးတွေ စစ်အင်အားပြဖို့ စစ်တပ်ကို ထူထောင်တယ်ဆိုတာ တကယ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရှေ့မှာ စစ်သားတယောက် သေနတ်ကိုင် တိုက်နိုင်ဖို့ နောက်က လူ ၄၊ ၅ ယောက် ပံ့ပိုးရပါတယ်။ ထမင်းချက် ကျွေးမယ့်သူ၊ စစ်ပစ္စည်း ကားမောင်း ပို့မယ့်သူ၊ စစ်လက်နက် ထုတ်လုပ်ဝယ်ယူသူ၊ စစ်လက်နက် ထိန်းသိမ်းရသူ၊ အကျွမ်းအဝင်ဖြစ်အောင် သင်ကြားရသူ (Logistic, maintenance & training ကိုဆိုချင်တာပါ)။ ဒါတွေရေရှည် ထိန်းနိုင်ဖို့ ငွေလိုပါတယ်။ တိုင်းပြည်တပြည်အတွက် ငွေရှိဖို့ဆိုတာ တိုင်းပြည်စီးပွားရေးကို နိုင်အောင်ကိုင်နိုင်ဖို့ လိုပါတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေဟာ အပြင်က ဟန်နဲ့ စစ်ရေးပြနေပေမယ့် အတွင်းက ဟောင်းလောင်းဖြစ် နေတာမို့ ဆိုဗီယက်နိုင်ငံဟာ ကွန်မြူနစ် စံနစ်နဲ့အတူ ကျဆုံးခဲ့ရပါတယ်။ မြန်မာဗိုလ်ချုပ်တွေ သတိပြုမိပါစ။


မာ့က်စ်စင်ဇင် Marxism ဆိုတာတကယ်တော့ Idealism လို့ခေါ်တဲ့ စိတ်ကူးယဉ် ဝါဒ တရပ်ပါပဲ။ မာ့က်စ် စိတ်ကူးယဉ်ခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေး စံနစ်ကို အပြိုင် ဖော်ဆောင်လိုက်ကြတာ ကွန်မြူနစ် နိုင်ငံတိုင်း မွဲပြာကျ ကုန်းကောက်စရာ မရှိအောင် မွဲတေခဲ့ကြတယ်။

တရုတ်ပြည်ကြီးမှာလည်း ရှေ့သို့ ခုန်ပြန်ကျော်လွှား (The great leap forward) ဆိုတဲ့ စီမံကိန်းကြီးကို မော်စီတုံး စိတ်ကူးပေါက်ရာ လုပ်လိုက်တာ လူတွေ သန်းနဲ့ချီပြီး ငတ်သေ တိုင်းပြည်လည်း မွဲတေကုန်ကြရတယ်။ ဒီအမှားက တိုင်းပြည်ကို ဆွဲထုတ် ကယ်တင်ရာမှာ တိန်လျောက်ပိန် ဟာ ထိပ်ဆုံးက ပါခဲ့တယ်။ ဒါကြောင့် တိန်လျောက်ပိန်ဟာ စီးပွားရေး မအောင်မြင်ဘဲ ဘယ်နိုင်ငံမှ မတိုးတက်နိုင်ဘူး ဆိုတာကို သဘောပေါက်ခဲ့ပြီး တရုတ် ပြည်ကြီးမှာ တံခါးဖွင့် ပေါ်လစီကို ကျင့်သုံးကာ ဈေးကွက် စီးပွားရေးကို အကောက်အထည် ဖေါ်ခဲ့ပြန်တယ်။

မော်စီတုံးနဲ့ တိန်လျောက်ပိန် ကွာတာက မော်က စိတ်ကူးယဉ်သမား (Idealist) တိန်က လက်တွေ့သမား (Realist)၊ တိန်လျောက်ပိန် ကို မဲဇာ ပို့ထားရာက ပထမဆုံး အကြိမ် ပွဲထုတ်လာတဲ့ အချိန်မှာ မော်က နိုင်ငံခြားသား တဦးကို ဟိုဂျပုလေးကို ကြည့်ထား တခေါင်းလုံး ဉာဏ်တွေ ချည်းပဲလို့ ပြောခဲ့တယ်လို့ သတင်းကြီးခဲ့တယ်။

တိန်လျောက်ပိန်ဟာ တကယ်တော်တဲ့ တရုတ်ခေါင်းဆောင် တယောက်ဖြစ်တယ်။ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံမို့ အကြီးဆုံး ဈေးကွက် ဖြစ်မယ်ဆိုတာနဲ့ အနောက်နိုင်ငံတွေကို မျှားခေါ်ခဲ့တယ်။ စစ်ရေးမှာ အန္တရာယ် မရှိတဲ့ပုံ ဟန်ဆောင်ခဲ့တယ်။ မော်စီတုံးခေတ်က တရုတ် စစ်တပ်ဟာ အနုမြူ လက်နက် ပိုင်ဆိုင်တယ် ဆိုပေမဲ့ ခေတ်မှီ တိုးတက်တဲ့ Professional စစ်တပ် မဟုတ်ပါဘူး။ တိန်လျောက်ပိန် တက်လာပြီးမှ တရုတ်စစ်တပ်ကို နိုင်ငံရေးက ဆွဲထုတ်ပြီး professional စစ်တပ်ဖြစ်အောင် တည်ထောင်ခဲ့တာပါ။

ဒီနေရာမှာဖြတ်ပြီး အမေရိကန်စံနစ်နဲ့ တရုတ်စံနစ် ကွာခြားပုံကို တင်ပြပါရစေ။ အမေရိကန်က လူတယေmက်တမဲ နဲ့ (လူထု) ကရွေးချယ်တဲ့ ဒီမိုကရစီ စံနစ်ကို သုံးတယ်။ ထို့အပြင် အမေရိကန်နိုင်ငံမှာ Individualism လို့ခေါ်တဲ့ တဦးကောင်းစံနစ်ကို ဦးစားပေးတာကြောင့် ခေါင်းဆောင်တွေကိုမွေးတဲ့ အကျင့်မရှိဘူး။ အမေရိကန် သမ္မတွေဟာ (အလုပ်ကသင်) လိမ့်မယ်လို့ပဲ ခံယူကြတယ်။ တရုတ်ပြည်မှာက ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးသည် ပထမ၊ တိုင်းပြည် တိုးတက်ရေးသည် ဒုတိယ၊ ရလဒ်က ခေါင်းဆောင်ကို ပြည်သူကရွေးသည်မဟုတ်၊ ပါတီကေဒါ တွေကရွေးတာပါ။ တနည်းအားဖြင့် အာဏာရ ခေါင်းဆောင်ပိုင်းက နောက်တခေတ် ခေါင်းဆောင်ကို ရွေးတာပဲ။ ဒါကြောင့် တိန်လျောက်ပိန်ရဲ့ စီစဉ်ချက်အရ ခေါင်းဆောင်တွေကို ပိုးမွေးသလို မွေးတာကြောင့် ယခုခေတ် တရုတ်ခေါင်းဆောင်တွေဟာ သိပ်ညက်တယ် သိပ်လျင်တယ်။

ပြုံးပြုံး၊ ပြုံးပြုံး နဲ့ အန္တရာယ် မရှိအောင်ဟန်ဆောင် တိုင်းပြည်ကို ထူထောင်ပြီှးမှ စစ်အင်အားကို တဖြည်းဖြည်းချင်းထူထောင်၊ အင်အားရှိလာမှ အင်အားနဲ့ချိန်းခြောက်ပြီး အနိုင်ယူမယ့် နူးညံ့ သိမ်မွေ့သော အင်အား (soft power) ဗျူဟာပဲ၊ ကတ္တီပါ လက်အိပ်စွပ်ထားတဲ့ လက်သီးပုံးလို့ ပြောလို့ရမယ်ထင်တယ်။ တကမ္ဘာလုံးက လေးစားရတဲ့ ဆွန်ဇူး (Sun Tzu) ရဲ့ ဗျူဟာပါပဲ။ ဆွန်ဇူးကပြောခဲ့ တယ်မဟုတ်ပါလား “စစ်မတိုက်ပဲ အနိုင်ရအောင် တိုက်နိုင်ခြင်းဟာ အကောင်းဆုံး စစ်ဗျူဟာတဲ့”။

အမေရိကန်ကတော့ ကောင်းဘွိုင်ပေါ်လစီ နည်းနည်းဖြစ်ရင် လေယဉ်တင်သင်္ဘောကြီးတွေရွှေ့ စစ်အင်အားနဲ့ ခြိမ်းချောက်တဲ့ (gunboat diplomacy) ကို သုံးလေ့သုံးထ ရှိတယ်။

စစ်ရေးအရကြည့်ရင်လည်း အမေရိကန်ရဲ့ စစ်ရေးအင်အားဟာ ကမ္ဘာမှာ အကြီးမားဆုံးကိုး။ အမေရိကန်နိုင်ငံဟာ အရင်းရှင်နိုင်ငံဖြစ်တာကြောင့် ကုမ္ပဏီကြီးတွေဟာ သြဇာရှိကြတယ်။ ဒါကြောင့် စစ်လက်နက်ထုတ်တဲ့ ကုမ္ပဏီကြီးတွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး အုပ်စိုးထားကြတယ်။ ဒီအုပ်စုကို Military Industrial Complex လို့ခေါ်တယ်။ သူတို့ရဲ့အန္တရာယ်ကို စစ်ဗိုလ်ချုပ်က သမ္မတဖြစ်လာတဲ့ အိုင်စင်ဟာဝါကိုယ်တိုင် သတိပေးသွားခဲ့ဖူးတယ်။ သူတို့ရဲ့ သြဇာကြောင့် စစ်ဖြစ်ဖြစ်မဖြစ်ဖြစ် အမေရိကန်ရဲ့ စစ်သုံးစရိတ်ဟာ လျော့ကျ မသွားဘူး။ နိုင်ငံထုတ်ကုန် (GDP) ရဲ့ ၄ရာခိုင်နှုန်း အထက်မှာ သုံးတယ်။ ယနေ့ စစ်သုံးစရိတ်ဟာ လက်ရှိစစ် ၂ ပွဲအတွက် စစ်တိုက်စရိတ်မပါဘဲ ဘီလျံ ၅ဝဝ ကျော် (ဒေါ်လာ သန်း ပေါင်း ၅ သိန်း ကျော်တယ်)။ တရုတ်ကလည်း ထုတ်ကုန် (GDP) အရ ဒုတိယ ဖြစ်လာပြီမို့ ဘီလျံ ၈ဝ နဲ့ ၁ဝဝ အကြားမှာ သုံးပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကမ္ဘာ့အင်အား စူပါ,ပါဝါ ဖြစ်လာတာနဲ့ တကမ္ဘာလုံးမှာ မိမိ စစ်သင်္ဘော တွေကို ကမ္ဘာ့ပင်လယ်ပြင်မှာ လွှတ်ထားနိုင်စွမ်းရှိတဲ့ ပင်လယ်ပြာရေတပ်(Blue water navy)ကို တည်ထောင်ကြရပါတယ်။ အင်္ဂလိပ်တွေကြီးစိုးစဉ်က ရေတပ်ဗိုလ်မှုးချုပ် လမ်းဘတ်ဒ် (Commodore George Lambert) ဟာ စစ်သင်္ဘောနဲ့ ကျနော်တို့ ရန်ကုန်မြို့ဝန်ကို လာလူပါးဝ သွားသလိုပေါ့။ အမေရိကန် ရေတပ်မတော်မှာ လက်ရှိ လေယဉ်တင်သင်္ဘော ၁၁ စီး ရှိပါတယ်။ လေယဉ်တင်သင်္ဘော ဆိုတာက တစီးတည်း မသွားရပါ။ လေယဉ်တင် သင်္ဘောကို ကာကွယ်ဖို့ အခြံအရံနဲ့ သွားရပါတယ်။ ရေတပ်ရဲ့ အသုံးအနှုန်းအရ task force လို့ ခေါ်ပါတယ်။

တရုတ်ရေတပ်ရဲ့ တာဝန်က သူ့ကမ်းခြေနဲ့ သူ့ပတ်ဝန်းကျင်က ပင်လယ်တွေကို ကာကွယ်ဖို့က ပထမ၊ ပြီးသူ့သင်္ဘောတွေ လုံခြုံရေး။ ဥပမာ တရုတ်ရေနံ လိုအပ်ချက်တွေကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေကရတယ်။ ပင်လယ်ဆိပ်ကမ်းတွေက တရုတ်ပြည် အရှေ့ဘက်ပိုင်းမှာပဲ ရှိကြတယ်။ အကယ်၍ ခြေအနေတင်းမာခဲ့သော် အမေရိကန် ၇ ရေတပ်က မလက္ကာရေလက်ကြားက ပိတ်ခဲ့ရင် တရုတ်တွေ အကြပ်တွေ့နိုင်တယ်။

ပြီးတော့ အမေရိကန်က တိုင်ဝမ်ကျွန်းကို ကာကွယ်ပါမယ်ဆိုတဲ့ စာချုပ်ရှိတယ်။ ၁၉၉၅ ခုနှစ်က ပြဿနာ ပေါ်တော့ အမေရိကန်က တိုင်ဝမ် ရေလက်ကြားကို လေယာဉ်တင်သင်္ဘော ၂ စီး လွှတ်ပြီး ခြိမ်းခြောက်ခဲ့တာကြောင့် တရုတ်က နောက်ဆုတ်ပေးခဲ့ရတယ်။ တရုတ်တွေ သိပ်ခံပြင်းခဲ့ကြတယ်။ ဒါကြောင့် စစ်ကော်မရှင်က စစ်သင်္ဘောတွေမှာပြီး ရေတပ်ကို တိုးချဲ့ခဲ့တယ်။

အင်္ဂလိပ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ ကမ္ဘာကို အုပ်စီး ဗိုလ်ကျခဲ့တာကြောင့် တခြားလူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓါတ်ကို နားမလည်ကြဘူး။ တချိန်က နယ်ချဲ့တွေဟာ တရုတ် လူမျိုးတွေအပေါ် ဗိုလ်ကျမောက်မာခဲ့ကြတယ်။ ဘောက်ဆာတော်လှန်ရေး (Boxer revolution) ကို ဖတ်ကြည့်ရင် မခံချင်စရာပါဘဲ။ အမေရိကန် သတင်းသမားတယောက်က ရေးဖူးတယ်။ ဘောက် ဆာတော်လှန်ရေးအကြောင်းကို အမေရိကန်ကလေးတွေ မသိကြတော့ဘူး။ တရုတ်ကျောင်းတွေမှာ တရုတ်ကလေးတိုင်း သင်ရတယ်တဲ့။ တချိန်က အနောက်နိုင်ငံသားတွေဟာ ဘယ်လောက် လူပါးဝကြသလဲဆိုရင် “ခွေးနဲ့ တရုတ်တွေ မဝင်ရ” ဆိုတဲ့ ဆိုင်းပုဒ်ကို တရုတ်ပြည်မှာ ချိတ်ခဲ့ကြတယ်။ ကျနော်တို့ ဗမာနိုင်ငံမှာ ဘုရားပေါ် ဖိနပ်စီးပြီး အင်္ဂလိပ်တွေ လူပါးဝခဲ့တာတွေကို အခဲမကျေ နိုင်သလို တရုတ်မျိုးချစ်တွေ ဘယ်လောက် ခံရခက်မလဲ။

ဒါပေမဲ့ လက်ရှိတရုတ်ခေါင်းဆောင်တွေက သိပ်လိမ္မာတယ် သိပ်ညက်တယ်။ မပိုင်သေးတာမို့ အပြုံးမပျက်သေးဘူး။ စစ်တပ်အင်အားကို ဆက်လက်ထူထောင်လျက်ပဲ။

လွန်ခဲ့တဲ့ နှစ်က ဖြစ်စဉ် ၂ ခုကြောင့် အမေရိကန်ရေတပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရတယ်။ ပထမက ဟိုင်နန်ကျွန်းမှာ ရေငုပ်သင်္ဘောတွေကို ဝှက်ထားနိုင်ဖို့ ရေအောက်လိုဏ်ခေါင်းတွေကို တွေ့ရှိရလို့ပဲ။ နောက်တခုက တရုတ်ရေငုပ် သင်္ဘောတစင်းဟာ ရုတ်တရက် အမေရိကန် လေယာဉ်တင်သင်္ဘော အကြားမှာ ဝုန်းဆို ရေပေါ် ဖေါ်ပြလိုက်လို့ပဲ။

အမေရိကန်ရေတပ်မှာ အီးဂျစ် စံနစ် (Aegis System) လို့ခေါ်တဲ့ ရေကြောင်းကာကွယ်ရေး စံနစ်ရှိတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ရန်သူ့လေယာဉ် ရေယဉ်သင်္ဘောတွေကိုရှာပြီး သုတ်သင်ဖို့၊ ဒါကြောင့် ဒီစံနစ်ကို ဖြတ်ကျော်ပြီး မသိလိုက်ရဘဲ တရုတ်ရေငုပ်သင်္ဘော ဝေါကနဲ ပေါ်လာတာကြောင့် ထိပ်လန့်ကုန်တာပါ။ တရုတ်ကလည်း တမင်သက်သက် ပြပြီး ခြိမ်းခြောက်တာပါ။

တရုတ်ကလည်း လေယာဉ်တင်သင်္ဘာ တည်ဆောက်ဖို့ ပြင်ဆင်နေပါပြီ။ အမေရိကန်ရေတပ် ပုံနှိပ်လုပ်ငန်းက ဖြန့်ဝေတဲ့ China’s Aircraft Carrier Ambition by Nan Li and Christpher Weuve စာတမ်းမှာ အသေးစိတ် တင်ပြထားပါတယ်။

သို့ပေမဲ့ အမေရိကန်တွေဟာ လေယာဉ်တင်သင်္ဘောကို အသုံးပြုခဲ့တာ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိခဲ့တာကြောင့် မနည်းအမှီလိုက်ရမယ်ဆိုတာကို တရုတ်က ကောင်းကောင်းသိတယ်။ ဒါကြောင့် တဘက်က လေယဉ်တင်သင်္ဘော တည်ဆောက်ရေးကို ကြိုးပမ်းနေပေမယ့် တဘက်က အမေရိကန် လေယဉ်တင်သင်္ဘောကို ဖျက်စီးဖို့ သင်္ဘောပစ်ဒုံးပျံ ထုတ်လုပ်ရေးကို လုံးပန်းခဲ့တာ ၂ဝ၁ဝ ကုန်ရင် အစမ်းပစ်နိုင်ပြီလို့ ယူဆကြတယ်။

DF-21D လို့အမည်ရတဲ့ တရုတ်လုပ် ဒုံးပျံကို ASBM (Anti Ship Ballistic Missile) System လို့ ခေါ်ပါတယ်။ ဒီဒုံးပျံ စံနစ်ဟာ မော်တော်ယာဉ်နဲ့ ပြောင်းရွှေ့လှုပ်ရှားနိုင်ပြီး အသံထက် ၁ဝ ဆ မြန်တာ ကြောင့် Hypersonic Speed အလျင်ရှိပြီး အဆင့် ၂ ဆင့် ရှိပါတယ်။ Solid Propellant ဟုခေါ်သော လောင်စာခဲက ရော့ကက်ကို တွန်းအားပေးကာ ဒုံးကျည် တခုသာ သယ်ဆောင်နိုင်ပါတယ်။ ပစ်မှတ် လမ်းကြောင်းကို ထိန်းကွပ်သော ခေတ်သစ် လျှပ်စစ်စံနစ် (Guidance System) များကြောင့် ရုတ်တရက် လမ်းကြောင်းပြောင်းနိုင်သလို လှုပ်ရှားမှုလွယ်ကူလို့ ၎င်းရဲ့ ရှေ့လမ်းကြောင်းကို ကြိုမတွက် နိုင်ပါ။ ဒါကြောင့် ပစ်ချရန် ပိုခက်ခဲလာပါတယ်။ ဤဒုံးပျံစံနစ်ကို တရုတ် ဒုတိယ အာကာသ အကယ်ဒမီ (2nd Space Academy) ကထုတ်လုပ်ပါတယ်။

ဤ တရုတ် ဒုံးပျံစံနစ်ကြောင့် မိမိတို့ ရတက်မအေးဖြစ်ရပါတယ်လို့ အမေရိကန် ရေတပ် အမှတ် ၇ ရဲ့ ဦးစီး ဒုဗိုလ်ချုပ်ကြီး ဂျွန်ဘတ်က အမေရိကန်စစ်တပ် မဂ္ဂဇင်း stars and stripes ကို မကြာခင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရေတပ်ရဲ့ အဓိကအင်အားဟာ လေယဉ်တင်သင်္ဘော အုပ်စုဖြစ်တယ်။ စစ်ကြီးပြီး ကတည်းက တခုခုဖြစ်ရင် ဒီလေယဉ်တင်သင်္ဘော အုပ်စုကိုလွှတ်ပြီး ခြိမ်းခြောက် ဗိုလ်ကျနိုင်ခဲ့တယ်။ အမေရိကန် လေယဉ်တင်သင်္ဘောအုပ်စုမှာ ပါတတ်တဲ့ သင်္ဘောတွေက

* Two guided-missile cruisers ဒုံးပျံတင် ခရူဇာ ၂ စီး
* Two destroyers ဖျက်သင်္ဘော ၂ စီး
* One frigate ဖရီးဂိတ် ၁ စီး
* Two submarines ရေငုပ်သင်္ဘော ၂ စီး
* A supply ship ထောက်ပို့သင်္ဘော ၁ စီး

ဒီအခြံအရံ သင်္ဘောတွေဟာ လေယဉ်တင်သင်္ဘောကို ကာကွယ်ဖို့ပဲ ဖြစ်ကြတယ်။ Aegis System ကို ကျန်တဲ့ စစ်သင်္ဘေတွေမှာ တပ်ဆင်ထားတတ်ပါတယ်။ ဒီသင်္ဘောတွေနဲ့ အီးဂျစ်စံနစ် အပြင် လေကြောင်းရန်က ကာကွယ်ဖို့ မိမိလေယာဉ်တွေရှိတယ်။ ရေငုပ်သင်္ဘောတွေမှာ (ဆိုနာ) လို့ခေါ်တဲ့ ရေအောက် ရေဒါတွေရှိတယ်။ ဒါကြောင့် ယခင်က အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စုတွေဟာ လုံခြုံပြီလို့ အထင်ရှိခဲ့ကြတယ်၊ မော်ကြွားနိုင်ခဲ့ကြတယ်။

တရုတ်စစ်တပ်ဟာ ဒီဒုံးပျံစံနစ်ကို ၂ဝ၁ဝ အကုန်လောက်မှာမှ စတင်စမ်းသပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် စိတ်ဓာတ် စစ်ဆင်ရေးတိုက်ပွဲကတော့စပါပြီ။ တရုတ်စစ်ဗိုလ်တွေဟာ ဒီဒုံးပျံ အကြောင်းကို ရေငုံနှုတ်ပိတ်နေကြပေမယ့် တရုတ်အစိုးရ ဆင်ဝှါ သတင်းဌာနရဲ့ ဝက်ဆိုက်မှာ နံမည်အရင်းကိုမဖေါ်ဘဲ ကလောင်နာမည်နဲ့ပါလာတဲ့ ဆောင်းပါးမှာ ဖြစ်နိုင်ခြေကို စိတ်ကူးနဲ့ဖေါ်ထုတ် ပြခဲ့ပါတယ်။ အကယ်၍ နောင်တချိန်မှာ အမေရိကန်ရေတပ် အမှတ် ၇ ရေ တပ်မတော်မှာ လက်ရှိတပ်စွဲထားတဲ့ USS Washington လေယာဉ်တင်သင်္ဘောကို တရုတ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ တိုင်ဝမ်ကျွန်းကို လွှတ်ခဲ့မယ်ဆိုရင်၊ ပထမဒုံးကျည်က လေယာဉ်တင်သင်္ဘောရဲ့ ကိုယ်ထည်ကို ထိုးဖေါက်ပြီး မီးဟုန်းဟုန်တောက်စေကာ လေယဉ်ပျံသန်းမှုများ ရပ်စဲသွားစေပါမယ်။ ဒုတိယဒုံးကျည် က အင်ဂျင်စက်ကို မီးလောင်စေကာ လေကြောင်းအကာအကွယ် ကင်းမဲ့သွားတဲ့ လေယာဉ် တင်သင်္ဘောကို လေကြောင်းမှလည်း တိုက်ခိုက်ကာ တတိယ ဒုံးကျည်က လေယာဉ်တင် သင်္ဘောကို ပင်လယ်အောက်သို့ ပို့ဆောင်ပေးပါလိမ့်မယ်ဟု ခြိမ်းခြောက်ထားပါတယ်။

ဤ DF21D ဒုံးပျံဟာ Julang-1 (JL-1) ဟုခေါ်တဲ့ ရေငုပ်သင်္ဘောမှပစ်တဲ့ ဒုံးပျစံနစ် Submarine Launched Ballistic Missile (SLMB) ကိုအခြေခံ၍ မွမ်းမံတည်ထွင်ခဲ့တာကြောင့် ယခုအချိန်မှာ ကုန်းပေါ်က ပစ်နိုင်စွမ်းသာ ရှိသေးသော်လည်း နောင်တချိန်မှာ ရေငုပ်သင်္ဘောက ပစ်နိုင် စွမ်းရှိခဲ့သော်၊ ပိုကြောက်စရာ ကောင်းလာပါမယ်။

မကြာသေးမီ၂ဝ၁ဝ ဇူလိုင်လထဲတွင် မြောက်ကိုရီးယားက တောင်ကိုရီးယား သင်္ဘောကို တော်ပီဒိုနှင့် နှစ်မြှပ်ခဲ့မှုကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်ရေတပ်တို့ အင်အားပြတဲ့အနေနဲ့ ပူးတွဲ စစ်လေ့ကျင့်ရေးလုပ်ခဲ့ကြပါတယ်။ တရုတ်က မိမိရေပိုင်နက် နဲ့ အလွန်နီးတယ်လို့ ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန်တို့ ရေတပ်လေ့ကျင့်မှုကို ပို၍ဝေးသော ဂျပန်ရေပိုင်နက်အနီးရွှေ့ခဲ့ကြပါတယ်။ အမေရိကန် တို့က တရုတ်တို့ကန့်ကွက်မှုကြောင့် မဟုတ်ရပါလို့ငြင်းဆိုခဲ့ကြပါတယ်။

တရုတ် ဒီဒုံးပျံ ဆောက်နိုင်တာ ဒို့ မြန်မာနဲ့ ဘာဆိုင်တာမို့လို့လဲ မေးစရာရှိပါတယ်။

ဒီကနေ့ ကမ္ဘာမှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးနဲ့ စစ်အင်အားပြိုင်ဆိုင်မှုက နိုင်ငံတိုင်းကို အကျိုးသက်ရောက်မှုရှိတယ်။ လက်ရှိ NLD နဲ့ ဒေါ်စု တို့ရဲ့ နိုင်ငံရေးဗျူဟာကလည်း အနောက် နိုင်ငံတွေကို အားကိုးပြီး နအဖ ကို စေ့စပ်ရေး စကားဝိုင်းထဲ ဆွဲခေါ်မယ် ဆိုတဲ့ အစီအစဉ်က ရုံးမထွက် နိုင်သေးဘူး။ နအဖကို ကျားကန်ပေးနေတာက တရုတ်ကြီး၊ NLD နဲ့ ဒေါ်စုကို ကျားကန်ပေးတာက အမေရိကန် ဦးစီးတဲ့ အနောက်အုပ်စု။

တရုတ်ကြီးက အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်မယ်ဆိုရင် ဗိုလ်ချုပ် သန်းရွှေတို့ကို သတိရှိဖို့ သတိပေးမယ်၊ ကုလသမဂ္ဂမှာ တရုတ် ဗီတို ကို မြန်မာတွေ မှီခိုနေရတယ် မဟုတ်လား။ တရုတ် အမေရိကန် ဆက်ဆံရေးဟာ စီးပွားရေးစစ်ရေးမှာ မူတည်ပြန်တယ်။ စီးပွားရေးအရ အမေရိကန်တွေ ဒုက္ခပင်လယ်ဝေနေကြတုန်း၊ တရုတ်က ရုန်းထွက်နိုင်ပြီ။ အမေရိကန်က ကြွေးထူ၊ တရုတ်က ကြွေးရှင်။ စစ်ရေးအရ တရုတ်က အားကြီးလာရင် အမေရိကန်ကို မထေမဲ့မြင် လုပ်လာရဲရင် ဗိုလ်ချုပ်သန်းရွှေတို့ ပိုအတင့်ရဲလာမှာပေါ့။ ဒီအကျိုးဆက်တွေကြောင့် အမေရိကန် တရုတ်စစ်ရေး အားပြိုင်ပွဲကို မျက်ခြေအဖြတ်ခံလို့ မရတာပါ။


No comments:

Post a Comment