Monday, August 23, 2010

အမိုး မရှိသေးတဲ့ အိမ်

နှင်းပန်းအိမ်

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာ ကျမတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ပစ္စည်း ပါ။ ၁၉၆၂ ခုမှာ စစ်အာဏာရှင်က ကျမတို့ဆီကနေ အတင်းအဓမ္မ လုယူသွားတယ်။ အဲဒီနောက် စစ်အစိုးရ အဆက်ဆက်ဟာ ပြည်သူတွေကို အသိဥာဏ် တုံးအောင်လုပ်ပြီး ကိုယ့်အခွင့်အရေး ကိုယ့်ဟာမှန်းတောင် မသိတော့ဘဲ အာဏာပိုင်တွေ ပေးမှကမ်းမှ သနားမှရမယ့် အရာမျိုးလို ဖြစ်အောင် လုပ်ကြံခဲ့၊ လုပ်ကြံဆဲလဲ ဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံ ဥပဒေက ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာတခုမှ မပါဘူးဆိုတာ သိပါရဲ့နဲ့ “ဒါအခွင့်အရေးဘဲ ပေါင်းကြည့်ရမှာပဲ” ဆိုတဲ့ သူတွေကတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ အသက်တွေမှ အားမနာ ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင်ကြတယ်။ ပြီးတော့မှ တရားမမျှတဘူးလို့ မီဒီယာတွေမှာ အော်ကြပြန်ရော။ န.အ.ဖကို တကျပ်ဘိုးယုံရင် ကျမတို့ ပြည်သူလူထုကို တကျပ်ဖိုး သစ္စာဖောက်တာပဲ။

ကျမတို့ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေဖို့ အကြောင်းရင်းထဲမှာ ဗိုလ်နေဝင်း စကားပါ,ပါတယ်။ အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည် ပြည်သူလူထုရဲ့ပြဿနာကို တရားနည်းလမ်းကျစွာ မဖြေရှင်းပေးဘဲ မြန်မာ့ ရုပ်မြင်သံကြားကနေ တိုင်းပြည် ပြည်သူလူထုကို “တိုင်းပြည်ကို ဆူဆူပူပူ လုပ်မယ်ကြံတဲ့သူတွေ မလွယ်ဘူးသာမှတ်။ စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မပစ်ဘူး။ ပစ်ရင် တည့်တည့်ပစ်တယ်” လို့ ပြောခဲ့ပါတယ်။ လူပုဂ္ဂိုလ်ကြောင့် သမိုင်းလမ်းကြောင်း ပြောင်းရသလား၊ သမိုင်း လမ်းကြောင်းကြောင့် လူပုဂ္ဂိုလ် ဖြစ်ရသလား ဆိုတာ စဉ်းစားစရာပါ။

တကယ်လဲ တည့်တည့် ပစ်ခဲ့တာပါ။ ကျမတို့ ပြည်သူတွေကတော့ လမ်းမပေါ် ထွက်ခဲ့ကြတယ်။ ကျောင်းတွေဆီ သွားခဲ့ကြတယ်။ တကယ်တမ်းတော့ ရှစ်လေးလုံးဆီ သွားခဲ့ကြတာပါ။

အနော်ရထာ လမ်းမကြီးပေါ်မှာ ဘတ်စ်ကားပေါ်ကနေ ကြဲချသွားတဲ့ ကြေညာချက်တွေ၊ တောင်းဆိုချက်တွေကို ကျမတို့ အပြေးအလွှား ကောက်ခဲ့ကြတယ်။ ၃၃ လမ်းထဲက ခွပ်ဒေါင်းအလံလွှင့်ပြီး အနော်ရထာ လမ်းမကြီးပေါ် တက်လာတဲ့ ကျောင်းသားလူငယ်တွေကို ပလက်ဖောင်းပေါ်က ရပ်ကြည့်နေသူက လက်ခုပ်တီးပြီး ကြိုဆိုကြတယ်။ စားပွဲခုံ ထမ်းလာတဲ့ ကျောင်းသားတွေက စားပွဲခုံကို အနော်ရထာ လမ်းမကြီးပေါ် ချလိုက်တယ်။ ပင်နီတိုက်ပုံနဲ့ ကျောင်းသားလူငယ်က ကျမတို့ ပြည်သူလူထုကို တရားဟောတော့တာပဲ။

“ပြည်သူလူထုကြီးခင်ဗျာ… ကျောင်းသား ခေါင်းဆောင်တယောက်က ပြောဖူးပါတယ်။ ကျောင်းသားဆိုတာ ဒေါင်းမျိုးပဲ။ ဒေါင်းမျိုးဆိုတာ ခွပ်နေရတာနဲ့ စာရင် ကနေရတာကို ပိုပြီး မြတ်နိုးတယ်။ ဒါပေမယ့် တင့်တင့်တယ်တယ် သိက္ခာရှိရှိ ကခွင့်မရလို့ ခွပ်ကြပြီဆိုရင်လဲ အရှုံးမခံဘဲ အနိုင်ယူ ခွပ်သွားမယ်။ မြန်မာနိုင်ငံမှာ ကျောင်းသားတွေက ခွင့်မရလို့ ခွပ်နေရတာပါ။

မိဘပြည်သူတွေရဲ့ ဒုက္ခအခက်ခဲဟာ ကျနော်တို့ရဲ့ အခက်အခဲပါပဲ။ ဒီဒုက္ခတွေက ကျနော်တို့ ကျောင်းသားတွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ အာဏာပိုင်ဆီမှာ မိဘ ပြည်သူလူထုတွေရဲ့ ရပိုင်ခွင့်တွေရဖို့ တောင်းဆိုကြမယ်။ ကျနော်တို့နဲ့ ပါဝင်မယ့်သူများ ပလက်ဖောင်းပေါ်ကနေ ကတ္တရာလမ်းပေါ် ဆင်းခဲ့ကြပါ” …။

ကျမ ပထမဆုံး ပါဝင်ခဲ့ရတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ပုံရိပ်တခုပါ။ ကတ္တရာလမ်း ပေါ်ကနေ ပြောဟောနေတဲ့ ကျောင်းသားလူငယ်က ကျမတို့ရဲ့ ခံစားချက်တွေကို နိုးဆွပေးလိုက်တယ်။ ခံစားမှုတူသူချင်း ပေါင်းစည်းမိကြတာ လောက ဓမ္မတာပါ။

ကတ္တရာ လမ်းပေါ်က အရေးတော်ပုံကြီးဆီကို ကျောင်းသားတွေ စာသင်ခန်းတွေထဲက ပြေးလွှားလာကြတယ်။ အဖြူ အစိမ်းဝတ် ကျောင်းသားလူငယ်တွေကို ဆရာဆရာမတွေ မတားဆီးနိုင်ခဲ့ကြပါဘူး။ တပည့်လေးက တရားဟောတော့ ဆရာ၊ ဆရာမပါ လက်ခုပ် တီးရပါတော့တယ်။ ပြည်သူ့ဆိုင်မှာ ဆန်လာထုတ်တဲ့ အိမ်ရှင်မတွေ ဆီစာအုပ်၊ ဆန်အိတ် ထည့်ထားတဲ့ ဆွဲခြင်း လက်ချိတ်ပြီး ကြွေးကြော်သံတွေ တိုင်ကြတယ်။ ပြောင်းဖူးပြုတ် ရောင်းတဲ့သူက သူ့ပြောင်းဖူးတောင်း ခါးချိတ်ပြီး လက်သီးလက်မောင်း တန်းခဲ့တယ်။ ပြည်သူလူထုက သူတို့ရဲ့ ဆန္ဒအစစ်အမှန်ကို လမ်းတွေပေါ်မှာ အသက်နဲ့ ရင်းပြီး ပြခဲ့ကြတယ်။

ရှစ်လေးလုံး အရေးတော်ပုံကို ဖြိုခွင်းတဲ့ မြို့တော်ခန်းမရှေ့က သေနတ်သံ၊ မြို့နယ်တိုင်းက သေနတ်သံတွေကြားမှာ သင်္ကန်းကျွန်း ဇီးကွက်မှတ်တိုင်မှာ အဖြူအစိမ်းဝတ် ကျောင်းသား လူငယ်လေးတွေကို “မင်းတို့ သွားချင်တဲ့ လမ်းကို သွားရမယ်။ အရင်ဆုံး ထိုင်လိုက်” ဆိုတဲ့ စစ်ဗိုလ်ရဲ့ စကားကို ရိုးသားစွာ ယုံကြည်ပြီး ထိုင်လိုက်ကြတယ်။ ဒီအခါ ကုန်းပေါ်ကနေ စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ ပစ်ချလိုက်တယ်။ သေနတ်တွေနဲ့ တဒိုင်းဒိုင်း ပစ်နေတဲ့ စစ်တပ်က အကာအကွယ်မဲ့၊ လက်နက်မဲ့၊ အမုန်းမဲ့၊ ရန်လိုခြင်းမဲ့တဲ့ ကျောင်းသား လူငယ်လေးတွေကို ဒလစပ် ပစ်နေတာများ ပတ်ဝန်းကျင်တခုလုံး ပွက်လောထ ဆူညံသွားတယ်။ အဖြူအစိမ်းတွေ သွေးစွန်းခဲ့ရတယ်။ ကျောင်းသား လူငယ်တွေရဲ့ အလောင်းတွေကို သယ်ပိုးလာကြတာ မြင်တော့ မိဘ ပြည်သူတွေ လမ်းပေါ်ထွက် စစ်တပ်ကို အသားပုံနဲ့ ထပ်တိုးပြီး သတ္တိပြကြတယ်။ မနက်က ကျောင်းသွားဖို့ ပြင်ဆင်ရင်း မိဘကို မုန့်ဖိုးတောင်း လိုချင်တာ ပူဆာခဲ့တဲ့ ကလေးငယ်တွေ အိမ်တံစက်မြိတ်က ထွက်ပြီး မကြာခင် အသက်စွန့်သွားကြရပြီ။ သူတို့ မိဘတွေရဲ့ အပူ တတိုင်းတပြည်လုံး ကူးစက်ခဲ့ရပြီ။ သားပျောက် မိခင်တွေရဲ့ အသံ ကမ္ဘာပျက်မတတ်။

ကိုယ့်သူငယ်ချင်းကို လှံစွပ်နဲ့ထိုး အလုံပိတ်ကားပေါ် တင်သွားတဲ့ မြင်ကွင်းက လူငယ်တွေကို တဒင်္ဂ ဆွံ့အသွားစေတယ်။ သေနတ်ဒဏ်ရာ လှံစွပ် ဒဏ်ရာတွေနဲ့ အကျဉ်းထောင်ထဲ ရောက်ခဲ့ရသူတွေ ပြန်လွတ်လာတော့ သူတို့မှာ စိတ်ဒဏ်ရာတွေ အပြင် ယုံကြည်ချက်တွေပါ ပါလာကြတယ်။ သူတို့တွေရဲ့ ယုံကြည်ချက်တွေနဲ့ ခေတ်ဝန်ကို ဆက်ထမ်းကြတယ်။

စစ်အာဏာရှင်က အာဏာပြန်သိမ်းဖို့ ကြိုတင် ကြံစည်ခဲ့တယ်။ ဂိုဒေါင်တွေကို စစ်တပ်က အရင်ဖောက်ပြီး အကောင်းဆုံးတွေကို အရင်ယူပြီး ငတ်မွတ်ခေါင်းပါးနေတဲ့ ပြည်သူလူထုကို တရားခံရှာခဲ့တယ်။ စစ်တပ် လိုချင်တာ ယူပြီးမှ ကျန်တာကို ပြည်သူလူထုက ရတာပါ။ သမိုင်းကို အမှန်မရေးချင်သူတွေ၊ ရှစ်လေးလုံး အရေးတော်ပုံကို သေးနုတ်အောင် လုပ်ချင်သူတွေက ခေါင်းဖြတ်မှုတွေကို တန်ဆာဆင်ကြတယ်။ စစ်အာဏာရှင်က လူထုကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တာတွေ၊ မသေမရှင် မီးရှို့သတ်တာတွေကို မေ့ဖျောက်ထားကြတယ်။ ဘယ်အရေးတော်ပုံကိုဘဲ ကြည့်ကြည့် စစ်အာဏာရှင်က လက်နက်မဲ့ပြည်သူလူထုကို လက်နက်အားကိုးပြီး ရက်ရက်စက်စက် ချေမှုန်းခဲ့တာပဲ။ ဒီနေ့လို သတင်းမီဒီယာ ခေတ်ကြီးမှာ မှတ်တမ်းဓာတ်ပုံတွေ၊ ဗွီဒီယို မှတ်တမ်းတွေနဲ့ ရှိနေတာပါ။ ဒီကြားထဲကဘဲ သမိုင်းကို လိမ်ချင်ကြသေးတယ်။

ခေါင်းဆောင်ဆိုတာ တိုက်ပွဲကြားက ပေါ်တယ် ဆိုတဲ့စကားအတိုင်း ရှစ်လေးလုံး အရေးတော်ပုံ အပြီးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျမတို့ ပြည်သူလူထုတွေ ရခဲ့တယ်။ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့တွေကို ကျမတို့ ရခဲ့တယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး ပေါ်ပေါက်ခဲ့တယ်။ အဖွဲ့ချူပ် ပါတီကြီးမှာ ပါတီဝင်တွေ သန်းချီ ရှိခဲ့တယ်။ တော်လှန်ရေးဆိုတာ လှည်းကြမ်းကြီး တခုပါ။ လှည်းနံရံကို မြဲမြံစွာ ဆုပ်ကိုင်သူတွေ ရှိသလို၊ လှည်းပေါ်က ပြုတ်ကျသူတွေလဲ ရှိခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံရဲ့ အသီးအပွင့်ဖြစ်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ကမ္ဘာသိ ကျင်းပနိုင်ခဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကြီးကို ပြည်သူလူထုက တကယ့်ဆန္ဒ အစစ်အမှန်နဲ့ မဲပုံအောခဲ့ကြတယ်။ ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျား ပြန်မယ်ဆိုတဲ့ စကားလဲ လေထဲကလာပြီး လေထဲမှာ ပျောက်ခဲ့တယ်။

ပြည်သူလူထုကဆီက အသည်းကြားက မဲတပြားကို တန်ဖိုးမထားသူတွေက စစ်အာဏာရှင်က လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေနဲ့ မြို့နယ်အလိုက် အမတ်တွေကို ဝယ်တဲ့အခါ အဝယ်ခံခဲ့သူတွေလဲ ရှိတယ်။ တချို့ အမတ်တွေကတော့ သူတို့ ယုံကြည်ချက်နဲ့ ပြည်သူလူထု အကျိုးအတွက် အဝယ် မခံခဲ့ပါဘူး။

ကိုကိုးကျွန်းပြန် ဦးအောင်မေသု အဖွဲ့ချုပ်မြို့နယ်စည်း အဖွဲ့ဝင် ပြောတဲ့စကားကို သင်္ကန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လူငယ် ကျမဘယ်တော့မှ မေ့မရနိုင်ပါဘူး။ အဲဒီ့စကားက ကျမတို့ ယနေ့ ရင်ဆိုင်နေရတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ်နေသလို အဖွဲ့ချုပ် ပါတီကြီးနဲ့လဲ ဆက်စပ်ခဲ့ရပါတယ်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင် သန်းချီရှိတယ်။ ဒါအင်အား အစစ်အမှန်လားဆိုတာ စောင့်ကြည့်ရမှာပဲ။ အခွင့်အရေးသမားလဲ ပါမယ်။ လူထုအတွက်၊ တိုင်းပြည်အတွက် တကယ် ယုံကြည်လို့ ပါတဲ့သူလဲ ရှိမယ်။

ရေကြီးတော့ အိမ်ခေါင်မိုးပေါ် စုပြုံတက်ကြတာပေါ့။ လူရော ဘုန်းကြီးရော၊ မြွေရော ခွေးရော၊ ကြက်ရော အစုံပဲ။ ရေကျတော့လဲ သူ့နေရာ သူပြန်သွားကြတာပဲ။ ခုရေကြီးနေတဲ့ အချိန်ပဲ”

ဦးအောင်မေသုကို စစ်အာဏာရှင်က ဝယ်လို့ မရခဲ့ပါဘူး။ “လူနဲ့ ယုံကြည်ချက်ဆိုတာ ခွဲလို့ မရဘူး” လို့ စစ်အာဏာရှင်ကို အသက်နဲ့ ရင်းပြခဲ့တယ်။ သာယာဝတီ အကျဉ်းထောင်ထဲမှာ နှစ်ရှည် အကျဉ်းကျခံရရင်း ဦးအောင်မေသု ကျဆုံးခဲ့ရပါတယ်။ ဦးအောင်မေသုတို့လို အဖွဲ့ချုပ် ပါတီအပေါ်၊ လူထုအပေါ်၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိပြီး လူသားကမ္ဘာရဲ့ သစ္စာတရားကို အလှပဆုံး ဖော်ကျူးသွားခဲ့ကြတဲ့ သူတွေလဲ မြန်မာပြည်မှာ အများကြီး ရှိခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး (၂၂) မြောက် အခမ်းအနားတွေ ကျင်းပကြတဲ့ အသံ ကျမ မီဒီယာတွေက တဆင့်ကြားနေရပါတယ်။ “ရှစ်လေးလုံးက ပြည်သူလူထုအတွက် အောင်ပွဲရတယ်လို့ မြင်ပါသလား။ ဘာ့ကြောင့် ခုထိ စစ်အာဏာရှင်စနစ် မပြုတ်ကျသေးတာလဲ” လို့ သတင်းသမားတွေက မေးနေကြပါတယ်။

ကျမကို မေးရင် ကျမဖြေမယ့် အဖြေက “ကျမတို့် မြန်မာပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အင်အားစုတွေ တသံထဲ၊ အဖြေတခုထဲ ထွက်မယ့်နေ့ အောင်ပွဲရတဲ့နေ့ပဲ” လို့ ဖြေချင်ပါတယ်။ ညီညွတ်ခြင်းဆိုတာ တဦးချင်း တာဝန် ကျေပွန်မှုနဲ့လဲ ဆိုင်တယ်ဆိုတာ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေက သက်သေပြနေပြီပဲ မဟုတ်ပါလား။

No comments:

Post a Comment