Friday, August 27, 2010

အရပ်သားလွှတ်တော်၊ ဘောင်းဘီဝတ် ဥပဒေနှင့် ဒီမိုကရေစီ ဗလုံးဗထွေးဆီသို

မောင်အောင်ထက်

“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်တဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်” ဒေါ်အောင်ဆန်းစုကြည် (၁၉၉၈ ခုနှစ်၊ မေလ ၂၈ ရက်)

(က)

သြဂုတ်လ ၁၃ ရက်နေ့က ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာချက်အမှတ် ၈၉/၂ဝ၁ဝ နှင့် ကြေညာချက်ကို စစ်အုပ်စုမှ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဆိုင်းမဆင့် ဗုံမဆင့်ပင်။ ၈၅ ရက်ခွာကာ ကြေညာလိုက်သော ရွေးကောက်ပွဲသည် မည်မျှတရားမျှတမှုရှိမည်၊ မည်မျှလွတ်လပ်မှုရှိမည်ကို မည်သူမျှ ကံသေကံမ,မတွက်ချက်နိုင်သေး။

သို့သော်လည်း တရားမျှတမှု အရှိဆုံးနှင့် အကြမ်းဖက်မှု အကင်းဆုံးဟုဆိုခဲ့သည့် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အား ယခု ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ချေဖျက်ကာ စစ်တပ်ကြီးစိုးသောလွှတ်တော်ကို နိုင်ငံတကာအသိအမှတ်ပြုစေရန် စစ်အုပ်စုက ကြံဆောင်နေခြင်းဖြစ်သည်ကိုမူ ငြင်း၍မရချေ။

နှစ်,နှစ်ဆယ်ကျော်ကြာ ပြတ်လပ်နေခဲ့ရသည့် ရွေးကောက်ပွဲအား ပြည်သူတို့လိုလားတောင့် တသော်လည်း စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအား အပြည့်အဝယုံကြည်၍မရနိုင်။ မြန်မာပြည်သူလူထုသည် တရားမျှတပြီး လွတ်လပ်သည့် ဒီမိုကရေစီအစိုးရကို လိုလားတောင့်တနေသည်မှာ အချိန်ကာလအားဖြင့် အတော်အတန် ကြာမြင့်ပြီ ဖြစ်သည်။


(ခ)

“ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအနေဖြင့် မိမိတို့ကိုအုပ်ချုပ်မည့်သူများကို ရွေးချယ်ပိုင်ခွင့် (သို့မဟုတ်) ငြင်းပယ်ပိုင်ခွင့်ဟူသည့် အခွင့်အလမ်းကို ရရှိစေခြင်းပင်ဖြစ်လေသည်” ဟူသည့် စကားတခွန်းရှိခဲ့သည်။ ဒီမိုကရေစီအတွက် ရွေးကောက်ပွဲသည် မရှိမဖြစ်။ သို့သော် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ရှိရန်သည် အလွန်အရေးကြီးသည်။

နှစ်,နှစ်ဆယ်ကျော်ကျော် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား အသွယ်သွယ်ကို ဘိုးဘွားပိုင်အမွေသဖွယ် ဖက်တွယ်ထားသည့် စစ်အုပ်စုသည် ဖြစ်နိုင်လျှင် အာဏာအား မည်သူ့မျှ မပေးလို။ တိုင်းပြည်အား “အဖေသေ၊ သားနန်းရ” စနစ်မျိုးအတိုင်း အမျိုးတော် အဆွေတော်တို့ဖြင့် စဉ်ဆက်မပြတ် လက်ဝါးကြီးအုပ်ထားလိုသည်မှာ ဆိုဖွယ်ရာပင်မရှိ။

အလုပ်လက်မဲ့ထူပြောလှသော တိုင်းပြည်တွင် ပြည်သူသည် စစ်အုပ်စု၏ ရွေးကောက်ပွဲအား စိတ်ဝင်စားဟန် မပြ။ တက်လာသည့်အစိုးရများအနေဖြင့် သူတို့၏လွတ်လပ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်ရန်သာ အရေးကြီးသည် ဟုဆိုသည်။ ထို့ကြောင့် မည်သည့်အစိုးရပင်ဖြစ်ဖြစ် သူတို့အတွက် အရေးမကြီး။ အရေးကြီးသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ဆုံးရှုံးနေရသည့် သူတို့အခွင့်အရေးများကို ဖန်တီးပေးနိုင်မည့် အစိုးရတရပ်ဖြစ်ဖို့သာ အရေးကြီးသည်။

အများအစုအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လွတ်လပ်မှုမရှိသော တိုင်းပြည်သည် အနှစ်၊ နှစ်ဆယ်ကျော်လုံးလုံး အာဏာရှင်တစု၏ ထင်သလို ခြယ်လှယ်မှု လက်အောက်တွင် စိစိညက်ညက် ကျေနေခဲ့ပြီမှာ ဆိုဖွယ်ရာပင်မရှိ။ အနှစ်,နှစ်ဆယ်ကျော်အတွင်း ပြည်သူလူထုကြီး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအတွက် ထိရောက်သည့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို တွန်းတွန်းတိုက်တိုက် လုပ်သည်ဟူ၍မတွေ့ရ။

ထိုနေရာများတွင်သုံးစွဲရမည့် စားရိတ်များအား စစ်တပ်အခိုင်အမာ တည်ဆောက်ရေးနှင့် စစ်လက်နက် ဝယ်ယူစုဆောင်းရေးဘက်တွင် အိတ်သွန်ဖာမှောက် အပြည့်အဝ အသုံးပြုခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သော်လည်း လုပ်ဆောင်နေသည့်သူများအား ဟန့်တား နှောင့်ယှက်ရန်အတွက်မူ စစ်အုပ်စုသည် ဝန်လေးခြင်းမရှိ။

ယခု စစ်အုပ်စု ကျင်းပပေးမည့်ရွေးကောက်ပွဲအား မည်သည့် “တရားမျှတမှုပေတံ”မျှနှင့်ပင် တိုင်းကြည့်ရန်မလို။ ထင်ထင်ရှင်းရှင်းပင် တွေ့နိုင်မြင်နိုင်သည်။ စစ်အုပ်စုပုံဖော်နေသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ပျက်ပြားဦးမည်ဆိုသည်မှာ၂ဝဝ၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့်ပင်သိမြင်ပြီး ဖြစ်သည်။


(ဂ)

မြန်မာနိုင်ငံတွင် လူဦးရေ ၅၉ သန်းရှိသည့်အနက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့်သူမှာ သန်း ၃ဝ ခန့် ရှိသည်ဟူသော ထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ ထောက်တိုင် ပါတီကြီးဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အမည်ပြောင်းထားသော ကြံဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ စက်မှု ၁ ဝန်ကြီးက ရွေးကောက်ပွဲတွင် မဲတဝက်ကျော်ဖြင့် ကြံ့ဖွံ့ပါတီ အပြတ်အသတ်နိုင်မည်ဟု ကြွေးကြော်ထား၏။

တဘက်မှလည်း သူလိုကိုယ်လို ပါတီတခုက ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသည်ကို ဝိုင်းဝန်း၍ ရိုက်နှက်လိုက်ကြပြန်သည်။ ပါတီအလံ၊ တံဆိပ်၊ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးပစ်ပြန်သည်။ ရွေးကောက်ပွဲတခုအတွက် အပြိုင်အဆိုင်စည်ရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ပါတီအများသည်ပင် ကျောထောက်နောက်ခံ မတူညီသည့်အတွက် အခွင့်မတူ၊ အာဏာမတူ။

၂ဝဝ၃ ဒီပဲယင်းလုပ်ကြံမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးဖြင့်ကျော်ကြားလာသည့် ကြံ့ဖွံ့၏နာယက အကြီးအကဲသည်လည်း စစ်တပ်ထိပ်သီး အကြီး၊အကဲပင်။ အသင်းမှ ပါတီဖြစ်လာပြီးနောက်ပိုင်းတွင်လည်း ဦးစီးဦးဆောင်တို့သည် “ဗိုလ်” မှ “ဦး” သို့ ပြောင်းလဲ နာမည်ခံထားသူများသာဖြစ်သည်။

ပို၍ဆိုးသည်မှာ ကြံ့ဖွံ့ပါတီ နိုင်ငံတော်စရိတ်ဖြင့် စည်းရုံးရေးဆင်းနေသည်ကို ကျန်ပါတီများက မနှစ်မြို့နိုင်။ လက်မခံနိုင်။ ဖြစ်လည်း မဖြစ်သင့်သည့် အဖြစ်ပင်။ ကြံဖွံ့ပါတီမှ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနေချိန်တွင် တခြားသောပါတီ သုံးဆယ်ကျော်၊ လေးဆယ်ခန့်တို့မှာ ငွေကြေးအခက်အခဲနှင့် အချိန်အကန့်အသတ် များကြားတွင် စစ်အုပ်စု၏ နှောင့်ယှက်မှုများကိုပါ ခံနေရသည်။

ကိုယ်စားလှယ်တဦးလျှင် ၅ သိန်းဟူသော ငွေပမာဏသည် တိုင်းပြည်တွင်း ရှာဖွေရသည်မှာ ထင်သလောက် မလွယ်ကူ။ ပါတီ၏ အာဘော်၊ အမြင်နှင့် လေ့လာစရာသတင်း အချက်အလက်တို့ကိုပင် ကိုယ်စားလှယ်လောင်း ရွေးချယ်ဆန္ဒအတည်ပြုပေးမည့် ပြည်သူထံသို့ လွတ်လပ်စွာထုတ် ဖော်ပြသခွင့်မရ။ အားလုံးအကန့် အသတ်များဖြင့်သာ။

အတိုက်အခံတို့၏လှုပ်ရှားမှုကို သည်းခံလေ့မရှိသည့်နိုင်ငံတွင် တပါတီအာဏာရှင်စနစ် ထွန်းကားနေသည်မှာ မဆန်း။ သို့သော် ပြည်သူအား မမေ့သင့်။ အစိုးရမှနေ၍ ပြည်သူဟူ၍ ပေါ်ပေါက်လာသည်မဟုတ်။ ပြည်သူထံမှသာ အစိုးရဖြစ်ထွန်းလာခြင်းဖြစ်သည်။ ထိုအရာ အား အာဏာရှင်တို့ မမေ့သင့်။


(ဃ)

စစ်အုပ်စုပုံဖော်နေသော ကန့်သတ်ချက်များလွန်းလှသည့် အခြေခံဥပဒေသည် သူတို့အတွက်မူ ကန့်သတ်ချက်မရှိ။ အတားအဆီးမရှိ။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်တွင်လည်း အာဏာမရှိ။ အထက်က ညွှန်ကြားချက်ကို စောင့်ဆိုင်းရင်းဖြင့်သာ အလုပ်,လုပ်နေရသည်။ မည်သည့်နိုင်ငံ၊ မည်သည့်ဒီမိုကရေစီ အစိုးရတရပ်တွင်မှ တွေ့ရ၊ ကြားရခြင်းမရှိသည့် လုပ်ရပ်ဖြစ်သည်။ အမှန်တကယ်တွင် စစ်အုပ်စုသည် ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှု့ကာ ဒီမိုကရေစီအရေကို ခြုံလွှမ်းရန် ကြိုးစားနေခြင်းသာဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် နိုင်ငံတကာအသိအမှတ်ပြု မူတခုပြောင်းလဲလိုက်ခြင်း မျှသာဖြစ်ပြီး၊ လူကမူ ပြောင်းလဲခြင်းရှိမည်မဟုတ်သည်မှာ စစ်ဘက်မှအရပ်ဘက်သို့ ပြောင်းလဲလိုက်သည့် စစ်ဗိုလ်ချုပ်ကြီးများက သာဓကဖြစ်သည်။

အနှစ်,နှစ်ဆယ်ကျော် တရားမဝင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်၏သံယံဇာတတို့ ကွယ်ပျောက်ကုန်သလို၊ တတ်သိပညာရှင်များလည်း ယိုစိမ့်ခဲ့ရသည်။ ပြည်တွင်းစစ်မီး တောက်လောင်မှု အောက်တွင် ပြည်သူအပေါင်းတို့ ဒုက္ခပေါင်းစုံကို ခါးစည်းခံခဲ့ရသလို အလုပ်အခွင့်အလမ်း ဖန်တီး မပေးနိုင်မှုတွင် လုပ်အားရင်းမြစ်များ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများပြဿနာ၊ တိုင်းရင်းသား ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ လူကုန်ကူးမှုပြဿနာတို့ဖြင့် စစ်အုပ်စု အုပ်စိုးသည့်တိုင်းပြည်သည် ပြဿနာတို့ဖြင့်သာ ပိုမိုကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ရသည်။

စစ်အုပ်သည် ထိုအရာများကို မသိမဟုတ်။ သိပါသည်။ မသိကျိုးနွံကျွန် ပြုနေခြင်းသာဖြစ်သည်။ “ဘယ်သူ သေသေ၊ ငတေမာရင်ပြီးရော” ဟူသော စိတ်ဓာတ်ဖြင့် စစ်အုပ်စုသည် ကမ္ဘာမီးလောင် သားကောင်ချနင်းကာ နိုင်ငံတကာအလယ် မျက်နှာပြောင်တိုက်ဝံ့ခဲ့သည်။

နိုင်ငံသားတိုင်းနှင့် ဆက်စပ်နေသည့် နိုင်ငံ့အရေးသည် ပြည်သူတို့၏ နေ့စဉ်ဘဝများနှင့် တနည်းတဖုံ ဆက်စပ်လျှက်ရှိသည်။ ပြည်သူ့အရေးကို ပြည်သူသာလျှင် ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထိုသည်များကို စစ်အုပ်စုက ဆက်လက်လျစ်လျူရှုနေဦးမည်ဆိုလျှင်၊ စစ်ဗိုလ် တမတ်သားပါ အရပ်သား လွှတ်တော်အတွက် ဘောင်ဘီးဝတ်ရင်း ရေးဆွဲထားသည့်ဥပဒေသည် ပြည်သူလူထုအား ဒီမိုကရေစီကို ဗလုံးဗထွေး ရေရွတ်ပြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

No comments:

Post a Comment