Sunday, August 29, 2010

ဦးရုက္ခစိုး နတ်ပေါင်းမှားခြင်း

ရန်ကုန်သားတာတေ

“ပွဲဦးမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ပွဲသိမ်းမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ကြို ကြို ကြိုကြို … မောင်းမတွေက … မောင်းမတွေက ကြို”

ဆူညံ ပွက်လော ရိုက်ကာ ညှော်နံ့များ ဝေနေသည့် တောင်ပြုန်း ပွဲတော်ဝန်းအတွင်း လူစီးကြောင်းကြီးထဲတွင် ဦးရုက္ခစိုး ရောက်နေခြင်းဖြစ်သည်။

“ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ကျော် ကျော် … တို့ကိုကြီးကျော် … တို့ဖေဖေကျော်”

နတ်နန်း တဆောင်တွင် ထောင်တန်များ ကျဲလိုက်ပြီး နတ်ဒိုးသံဖြင့် အားပါးတရ ကခုန်နေသည့် သူကို မြင်ဖူးသည် အမှတ်ဖြင့် ဦးရုက္ခစိုး ကြည့်လိုက်ရာ … ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်း ဖြစ်နေသည်။ ဘေးတွင်လည်း မိတ်ကပ် အဖွေးသား လိမ်း၍ “ဟေးဟား” ဝိုင်းအော်နေကြသူများ ရှိသည်။ ရှေ့ဆုံးတွင် ထိုင်နေသူကို မှတ်မိစေရန် ဦးရုက္ခစိုး မနည်းကြည့်ယူရသည်။

ရုက္ခစိုး။ ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်။ ဆံပင်တုကြီးလည်း စွပ်လို့ ဘယ်လိုဖြစ်တာလဲ။

သိန်းဂိန်။ ။ ဟယ် … ယူပါလား။ ကြည့်စမ်း လူဆိုး … အဲ နတ်ဆိုး … အခုမှ လာရလားလို့။ တို့က အခု မာမီဂိန်ဖြစ်နေပြီ။ ဦးသိန်းဂိန်လို့ ခေါ်နဲ့၊ ကြိုက်ဘူး။

ရုက္ခစိုး။ ။ ကြံ့ဖွံ့တဖွဲ့လုံး ဒီရောက်နေကြတာလား။ ဘယ်လိုဖြစ်ကုန်တာလဲ။

သိန်းဂိန်။ ။ အို … တို့ဆောင်ပုဒ်ကို ယူ မသိဘူးလားလို့။ “နိုင်ကိုနိုင်ရမည်။ ဘယ်လိုနိုင်နိုင်၊ နိုင်ဖို့သာ အရေးကြီးသည်၊ အောက်လမ်းနည်းနဲ့နိုင်နိုင်၊ ဂမ္ဘီရနည်းနဲ့ နိုင်နိုင်၊ နတ်မလို့ပဲနိုင်နိုင်၊ ကလိန်ကကျစ်လုပ်ပြီး နိုင်နိုင် … ကြိုက်သလိုသာ လုပ်၊ ကြံ့ဖွံ့နိုင်ရမည်” ဆိုတာလေ။

ဦးသိန်းဂိန်က အသံနေအသံထားဖြင့် ဆိုပြခြင်းဖြစ်သည်။

ရုက္ခစိုး။ ။ အဆိုတော် ခေါဖုခင် ဆိုတဲ့သီချင်းလား။ ကြားဖူးတယ်။

သိန်းဂိန်။ ။ အဲဒါ တို့ကြံ့ဖွံ့ဆောင်ပုဒ်လေ။ အခု အဲဒီဆောင်ပုဒ်ထဲက အတိုင်း နိုင်အောင် မစအောင်လို့ ဒီမှာ ရှိသမျှ အမေတို့၊ အဖေတို့၊ မမတို့၊ ကိုကြီးတို့၊ ကိုလေးတို့၊ ဦးတင်ဦးတို့ကို လာပြီး ပူဇော်ပသတာ။ ကန္နားလာပေးတာ … သိပြီလား။

ရုက္ခစိုး။ ။ ကိုကြီးတို့၊ ကိုလေးတို့၊ အဖေတို့၊ အမေတို့က ထားပါတော့ … ဦးတင်ဦးက ဘယ်က ပါလာတာလဲ။

ဦးသိန်းဂိန်။ ။ လေယာဉ်ပျက်ကျသွားတဲ့ ဦးတင်ဦးလေ။ သူလည်း အစိမ်းသေဆိုတော့ နတ်ဖြစ်မှာပဲမဟုတ်လား။ ဂယ်ပဲ ဂယ်ပဲ … ဦးရုက္ခစိုးဟာလေ၊ သိပ်ကို ရှင်းရတာပဲ။

ဦးရုက္ခစိုးကို လှည့်ပြောအပြီး တီးလိုက်သော နတ်ဒိုးနှင့်အတူ လက်ခုပ်တီး၍ “ရွှေလမ်း ငွေလမ်း ခင်းလို့ ပေးမယ် တို့ကြံ့ဖွံ့နော်၊ ကျော် ကျော်ကျော်ကျော် တို့ ကျော်ဆန်းနော်” ဆိုပြီး အော်ဆိုလိုက်သေးသည်။ ဦးဆော်ကြမ်း၏ ကြံ့ဖွံ့အမည်မှာ ဦးကျော်ဆန်းဖြစ်သည်။

ရုက္ခစိုး။ ။ မာမီဂိန်တောင် ပုဆိုးဝတ်တာ အတော်ကျွမ်းနေပြီပဲ။

ဦးသိန်းဂိန်။ ။ ဟေ့ … တို့က ပုဆိုးတင် မဟုတ်ဘူးနော်၊ ထဘီလည်း ဝတ်တတ်တယ်၊ ဝတ်ပြရမလား။

ဦးသိန်းဂိန်က ဦးရုက္ခစိုးကို ပြန်ပြောရင်း ပွဲခင်းတနေရာကို ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။ ပွဲခင်းတနေရာတွင် တစည အဖွဲ့က ပါတီ စည်းရုံးရေး လုပ်နေသည်။

ဦးသိန်းဂိန်။ ။ ဟေးယူ … ကြည့်စမ်း ကြည့်စမ်း။ ဒီလိုနေရာမျိုးမှာ ပါတီစည်းရုံးရေး လာလုပ်နေတယ်။ တကယ်ပါပဲဟယ်။ သူတို့မို့လို့ နတ်ရိုက်မှာ မကြောက်မရွံ့။

တစည ပါတီထဲက တဦးက ဦးရုက္ခစိုးကို လက်ကမ်းကြော်ငြာ တစောင်လာဝေရင်း “ဦးရုက္ခစိုး သေချာဖတ်ကြည့်နော်။ ကျနော်တို့ပါတီက သူတို့လို ဖားတပိုင်းငါးတပိုင်းမဟုတ်ဘူး၊ ဟိုမရောက် ဒီမရောက်မဟုတ်ဘူး။ နောက်မှာ စစ်တပ်လည်း မရှိဘူး။ သန့်သန့်လေး သိလား” ဟု ပြောလိုက်ရာ ဦးသိန်းဂိန်က ပုဆိုးကို မ ရင်း “… ကြည့်စမ်း။ လူကိုများ ဖားတပိုင်း ငါးတပိုင်းတဲ့။ သူတို့ကမှ အထည်ကြီးပျက်တွေ။ ဟွန်း … နတ်ရိုက်မယ့်ဟာတွေ။ ကြည့်လို့ကို မရဘူး။ နင်တို့နဲ့ ရွေးကောက်ပွဲ စင်မြင့်ပေါ်မှာ တွေ့မယ် … သိလား။ အကောင်တွေရဲ့” ဟု နှုတ်ခမ်းထော်ရင်း ရန်တွေ့သည်။

ရုက္ခစိုး။ ။ ဦးသိန်းဂိန်တို့ရဲ့ ကြံ့ဖွံ့ပါတီက တစည ကိုလန့်နေပြီ ထင်တယ်။ ဟုတ်လား။

သိန်းဂိန်။ ။ အောင်မယ်။ ရာရာ စစ။ တို့လန့်တဲ့ပါတီဆိုတာ မရှိသေးဘူး သိလား။ တို့နောက်မှာ ချိုကုပ်ဒူးကြီးရှိတယ်။ သူတို့က အထည်ကြီးပျက်တွေလေ၊ ပိုက်ဆံလည်း မရှိဘဲနဲ့များ။ လာယှဉ်ချင်သေးတယ်။ သိန်းဂိန်ကို ဘာမှတ်နေလဲ။

ရုက္ခစိုး။ ။ ဒါဆို ဦးသိန်းဂိန်ပါတီက သေချာပေါက် နိုင်မယ်လို့ တွက်ထားပြီးသားပေါ့ ဟုတ်လား။

သိန်းဂိန်။ ။ သေချာပေါက် ကလိန်ကကျစ်ကျထားတာ … မနိုင်ဘဲ ရှိမလား။ ဟယ် … ယောင်လို့ (ပါးစပ်ကို လက်နှင့် အုပ်၍) တို့ပါတီက သေချာပေါက်ကို နိုင်ဦးမှာ။ အောင်ပွဲခံဦးမှာ။ အဲဒီအခါကျရင် ကိုးကြီးကျော်တို့ မမနှဲတို့နဲ့အတူ ဖလန်းဖလန်းကို ထလိုက်ဦးမှာ။

ရုက္ခစိုး။ ။ တစည ဘက်က ပြောနေကြတယ်၊ ဦးသိန်းဂိန်က တပ်ကထွက်ပြီလည်း ပြောသေးတယ်၊ အပြင်ထွက်ရင် စစ်သား အစောင့်အရှောက်နဲ့ ထွက်တယ်တဲ့။ အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့ဗျ။

သိန်းဂိန်။ ။ မဖြစ်သင့်ဘူးဆိုတာ တို့တတွေရဲ့ အဘိဓာန်မှာ မရှိဘူးကွယ်။ အခုအချိန်အထိ လုပ်ချင်ရာ လုပ်နေကြတာ သိရဲ့သားနဲ့။

ရုက္ခစိုး။ ။ အင်း … မေးမိတဲ့ ကျုပ် အမှားပါ။

သိန်းဂိန်။ ။ ဟေ့ … ယူ့ကို ကြွားရဦးမယ် သိလား၊ တို့ ပါတီကို အတင်း သွပ်သွင်းထားတဲ့ သူငယ်လေးတွေဆို အခု ကွန်ပျူတာခလုပ်တွေ ကိုင်တတ်နေပြီ။ ရှယ်နော် … ရှယ်။

ရုက္ခစိုး။ ။ ကွန်ပျူတာ ခလုတ်ကိုင်တတ်တာ ကြွားစရာလား။

သိန်းဂိန်။ ။ အင်းလေ … အဲဒီလို ကိုင်တတ်ဖို့ဆိုတာ လွယ်မလား စဉ်းစားကြည့်စမ်းပါဦး။ မဆလ ခေတ်ကဆို စက်ဆိုလို့ ဂဏန်းပေါင်းစက်တောင် မြင်ဖူးဖို့ လွယ်တာမဟုတ်ဘူးလေ။ အဲဒါကြောင့် တို့က ပြောတာ၊ ခြင်္သေ့ကိုပဲ မဲပေးပါလို့။

“ဘာမှလည်း မဆိုင်ဘူး” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ ထိုစဉ် ရုတ်ရုတ်ရုတ်ရုတ်နှင့် လူတစု ရောက်လာသည်။ ကင်မရာများကို ထုတ်ရိုက်ကြသည်။ ငိုသူကငို … ရယ်သူကရယ်နှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။

သိန်းဂိန်။ ။ ဟယ် … ဘာဖြစ်ကြတာလဲ၊ ဘာဖြစ်ကြတာလဲ။ သူတို့က ဘယ်သူတွေလဲ။ လုပ်ကြပါဦးတော်။ ဒုက္ခပါပဲ။

ရုက္ခစိုး။ ။ ရုပ်ရှင်အဖွဲ့ထင်တယ်။ တောင်ပြုန်းနောက်ခံ ဇာတ်ကား လာရိုက်တာ ဖြစ်မယ်။

ဦးရုက္ခစိုးခန့်မှန်းသလို ရုပ်ရှင်အဖွဲ့ဖြစ်နေသည်။ ရုပ်ရှင်အဖွဲ့က ရိုက်ကောင်းကောင်းနှင့် ရိုက်နေစဉ် ပွဲခင်း တခင်းလုံးက နတ်ကတော်များ ဝိုင်းလာကြသည်။ နတ်ကတော် မူပိုင်ခွင့်ကိစ္စ ငြင်းကြခုန်ကြနှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။ နတ်ကတော် ဇာတ်ရုပ်ကို ရုပ်ရှင်ရိုက်လျှင် နတ်ကို အသိပေးသင့်သည်ဟု နတ်ကတော်များက အော်ကြသည်။

ထိုသို့ ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ် နတ်ဒိုးသံ ပြောင်းသွားသည်။ “ဝါကာ ဝါကာ အေ့အေ … ဝါကာ ဝါကာ အေ့အေ” ဆိုသည့် ကမ္ဘာ့ဖလား ဘောလုံးသီချင်းကို မြန်မာစာသား ထည့်ကာ နတ်ဒိုးဖြင့် တီးဆိုကြသည်။ ဘယ်အချိန်က ရောက်နေမှန်း မသိသော မြန်မာမှုပြု ပြန်လည်သီဆိုသူ အဆိုတော်နှင့် တေးရေးမှာ သီချင်းကို သူပိုင် ငါပိုင် ရန်ဖြစ်ကြပြန်သည်။

ရုတ်ရုတ်သည်းသည်း ဖြစ်သွားသော အခြေအနေကို ထိန်းရတော့မည်ဟူသော အသိဖြင့် ပြန်ကြားရေးဝန်ကြီးဆော်ကြမ်း အားပါးတရ ကနေရာက ရပ်လိုက်သည်။

“ရှင်းပေးပါ၊ ရှင်းပေးပါ” ဆိုသော အသံများဆူညံနေသည်။

ဆော်ကြမ်း။ ။ ကဲ … အားလုံးငြိမ် … ဒီပြဿနာတွေအားလုံး ပြေလည်ချင်တယ် မဟုတ်လား။ တို့ရှင်းပေးမယ်။

“ပြေလည်ချင်တယ်” ဟု လူအုပ်ကြီးက အော်လိုက်သည်။

ဦးသိန်းဂိန်က ဦးဆော်ကြမ်းကို “ကြုံတုန်းလေး ပါတီစည်းရုံးရေးလုပ်လိုက်” ဆိုသည့်သဘော မျက်ရိပ်ပြလိုက်သည်။ ဦးဆော်ကြမ်းမြင်ရန် အကောင်တကောင်ပါသော စာရွက် တရွက်ကိုလည်း ထောင်ပြလိုက်သည်။ ထိုအကောင်ကို မည်ကဲ့သို့ ခေါ်ရမည်မှန်း ရုတ်တရက် ဦးဆော်ကြမ်းက မေ့နေသေးသည်။ ခဏနေတော့မှ အော်လိုက်သည်။

“ပြဿနာတွေ ပြေလည်ချင်ရင် ခြင်္သေ့ကို မဲပေးပါ”

ဦးဆော်ကြမ်းအသံ အဆုံးတွင် ပရိသတ်ထဲက သောက်လက်စ အရက်ပုလင်းတလုံး ဝဲပျံလာပြီး သူ့ထိပ်တည့်တည့်ကို မှန်သည်။ နောက်တွင် ပြောင်းဖူးရိုးများ၊ ရေသန့်ဗူးများ၊ အမှိုက်ထုပ်များ ဝဲပျံလာသည်။

ဦးသိန်းဂိန်နားတွင် ရောက်နေသော နတ်ကတော်တဦးက “ပြဿနာ ရှင်းပါဆိုမှ … ပိုရှုပ်အောင် လုပ်ချင်ဦး။ ကဲဟယ် … မှတ်ပြီလား။ အဲဒါ နတ်ရိုက်တာ။ မှတ်ပြီလား” ဟုပြောရင်း ဦးသိန်းဂိန်၏ တင်ပါးကို ဝါးခြမ်းပြားဖြင့် တဖြန်းဖြန်း ရိုက်သည်။

နတ်ကတော်အပေါင်း၏ ဝိုင်းဝန်းဆွမ်းကြီးလောင်းသည့်ဒဏ်ကို မခံနိုင်သည့်အဆုံး ဦးသိန်းဂိန်နှင့်အဖွဲ့ ကမူးရှုးထိုး ထွက်ပြေးကြရာ သူတို့ကြားတွင်ရောက်နေသော ဦးရုက္ခစိုးပါ ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးရလေတော့၏။

No comments:

Post a Comment