Tuesday, August 31, 2010

ရွှေ့ပြောင်း အလုပ်သမားတွေကို ကျမတို့ အနိုင်ကျင့်ခဲ့ကြပုံ

စိုးနေလင်း

(Sanitsuda Ekachai ရဲ့ How we bully our migrant workers ကို ဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေကို ပတ်စ်ပို့တွေ ကိုင်ဆောင်ခိုင်းပြီး တရားဝင် ဖြစ်စေချင်တယ်ဆိုပြီး ကျမတို့ကပဲသူတို့ကို ကျမတို့ရဲ့ဖိနှိပ်မှု နည်းဟောင်းတွေကို နာခံလိုက်နာ စေချင်ပုံပါပဲ။ အဲဒီလိုမဟုတ်ဘူးဆိုရင် သူတို့တွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် နေတာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဝင်ရွှေ့ပြောင်း အလုပ်သမားတွေကို ယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့ ဘာဖြစ်လို့ ငြင်းဆန်ခဲ့ရတာပါလဲ။

မကြာသေးခင်က ရနောင်းခရိုင် အာဏာပိုင်တွေက တကယ်လို့သူတို့ကို အဲဒီလိုမောင်းနှင်ခွင့်ပြုလိုက်ရင် သူတို့ရဲ့လုပ်ငန်းကိုဝင်ပြီး လုပ်ကိုင်လာမှာစိုးရိမ်ကြတဲ့ ရနောင်းက မော်တော်ဆိုင်ကယ် တက္ကစီသမား ၂ဝဝ လောက်က ကန့်ကွက်ဆန္ဒပြလာတဲ့အချိန်မှာ တရားဝင်မြန်မာအလုပ်သမားတချို့ကို ယာဉ်မောင်းလိုင်စင် ထုတ်ပေးနေတာကို ရပ်ဆိုင်းလိုက်ပါတယ်။

ပိုဆိုးတာက မော်တော်ဆိုင်ကယ် တက္ကစီသမားတွေက အဲဒီအလုပ်သမားတွေဟာ သူတို့ရလာမယ့် အခွင့်အရေးသစ်ကို အလွဲသုံးစားလုပ်ပြီး မူးယစ်ဆေးဝါးရောင်းချမယ် တရားမဝင်အလုပ်သမားတွေကို တိုင်းပြည်ထဲ ခိုးသွင်းလာကြမယ်လို့ ပြောခဲ့တာပါပဲ။

သူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုကိုလည်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် တရားဥပဒေချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးအရေးယူဖို့က ရဲတွေရဲ့အလုပ်မဟုတ်ပါလား။ သတင်းတွေအရ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေနဲ့ လူကုန်ကူးတဲ့သူတွေဟာ ရွှေ့ပြောင်းမလုပ်သမားတွေ မဟုတ်ဘဲ ယူနီဖောင်းဝတ်တွေပဲ ဖြစ်နေကြတယ် မဟုတ်ပါလား။

တခြားလူတယောက်ရဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ပြီး တောင်းဆိုတင်ပြလာတာကို လက်ခံခွင့်ပြုတာကကော မှန်ကန်ပါရဲ့လား။ အခြေခံ လူ့အခွင့်အရေးတခုအတွက် လှုပ်ရှားဆောင်ရွက်ခွင့်ကို ကျမတို့ မစဉ်းစားကြတော့ဘူးလားရှင်။ ဒီလိုမှမဟုတ်ရင်လည်း ကျမတို့က ရွှေ့ပြောင်းအလုပ်သမားတွေကို လူတွေအဖြစ် မမြင်နိုင်ကြတာပဲလား။ ကျမတို့ရဲ့ အဓိကပြဿနာက ဘာပါလဲ။

အဲဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံထဲက ပြင်းထန်တဲ့ ဆင်းရဲကျပ်တည်းမှုနဲ့ ရက်စက်ကြမ်းတမ်းတဲ့ မတော်မတရား အလုပ်ခံရမှုတွေရဲ့ ဘေးကနေလွတ်မြောက်အောင် ထွက်ပြေးလာကြပြီး ဒီမှာညစ်ပတ် အန္တရာယ်များတဲ့အလုပ်တွေကို လုပ်ခနည်းနည်းလေးနဲ့ တပင်တပမ်းလုပ်ဖို့ လာခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ကို ကျမတို့က ကျမတို့အပါ် လူမှုရေးပြဿနာတွေ ကူးစက်ရောဂါတွေ ဖိစီးအောင်လုပ်နေတဲ့ မလိုလားအပ်တဲ့ ပြည်ပနိုင်ငံခြားသားတွေအဖြစ် မကောင်းပြော ပြစ်တင်ကြပါတယ်။

သူတို့ကို သူတို့ရဲ့ မိခင်တိုင်းပြည်က အတင်းမောင်းထုတ်နေတဲ့ ရက်စက်ဆိုးဝါးတဲ့ မြန်မာနိုင်ငံ စစ်အစိုးရကို ကျမတို့အစိုးရက ထောက်ခံအားပေးနေတဲ့အချက်ကိုတော့ ကျမတို့က ထည့်မစဉ်းစားကြပါဘူး။ ပြီးတော့ သူတို့တွေရဲ့ ကျေးကျွန်လို အခြေအနေမျိုးကို ကျမတို့မမြင်နိုင်အောင် ဖြစ်သွားစေခဲ့တာက ကျမတို့ရဲ့ အာဃာတ တရားကြောင့်ပါပဲ။

ကျမတို့ထိုင်းတွေက ကျမတို့ကိုယ်ကျမတို့ လွတ်လပ်တဲ့နိုင်ငံကြီးသား လွတ်လပ်တဲ့သူတွေဖြစ်တယ်ဆိုပြီး ဂုဏ်ယူကြပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျေးကျွန် တစိတ်တပိုင်း အခြေအနေဖြစ်တဲ့ ချုပ်နှောင်ကန့်သတ်မှုကို ကျမတို့က အမွှမ်းတင်ကြပါတယ်။ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရတာပါလဲ။

ကျမတို့က သူတို့ကို တရားမဝင်လို့ တံဆိပ်တပ်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် မြင်ကြတဲ့အချိန်မှာ ကျမတို့က တကယ်လို့သာ မြန်မာအလုပ်သမားတွေဟာ တရားဝင်သာ ဝင်ရောက်လာရင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာတွေနဲ့ လူကုန်ကူးတာတွေဟာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

ဒါကြောင့်ပဲ ကျမတို့က ပတ်စ်ပို့ ရရှိရေးအတွက် သူတို့ကို အန္တရာယ်တွေ၊ ခြိမ်းခြောက် ငွေညှစ်မှုတွေနဲ့ ရှုပ်ထွေးတဲ့ ကြိုးနီစနစ်ကို ရင်ဆိုင်ရအောင် အတင်းအဓမ္မ ပြန်ပြီးမောင်းထုတ် ကြပါတယ်။ ခေါင်ခိုက်နေတဲ့ ကုန်ကျစရိတ်တွေကိုတော့ ထည့်မပြောပါနဲ့တော့။ ခုချိန်ထိကတော့ ထိုင်းနိုင်ငံမှာရှိနေတဲ့ ၂သန်း ၃သန်း လောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲက ၉ဝ,ဝဝဝ လောက်ပဲ ပတ်စ်ပို့ ရယူနိုင်ပါသေးတယ်။

ဒါပေမယ်လို့ ခက်ခဲတဲ့လုပ်ငန်းစဉ်တွေကို လုပ်ပြီးပြန်တော့လည်း အဲဒီအလုပ်သမားတွေအတွက် တရားဝင်အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကိုရမယ်။ အလုပ်ရှင်တွေကို ပြောင်းလဲသွားအောင် လုပ်ပေးမယ် ဆိုတဲ့အာမခံချက်မျိုး မရှိပါဘူး။

အရင်ကလိုပဲ အလုပ်ကြမ်းသမားတွေအဖြစ် အိမ်စေတွေအဖြစ်ပဲလုပ်ခွင့်ရကြမှာ ဖြစ်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း ရကြမှာ မဟုတ်ပါဘူး။

အဲဒီလို မဖြစ်စလောက်အခွင့် အကျိုးကျေးဇူးလေးအတွက်နဲ့တော့ အလုပ်သမားအများစုက တဘက်မှာ လူကုန်ကူးမှုတွေ ပွားစီးအောင်မြင်လာတဲ့အချိန်မှာ တရားမဝင်အဖြစ်ပဲ ဆက်နေပြီး ခေါင်းပုံဖြတ်ခံဖို့ကိုပဲ ပိုပြီးသဘောကျကြပါတယ်။

ရနောင်းအဖြစ်အပျက်နဲ့ ပတ်သက်လို့ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထုတ်ပေးတဲ့ ယာဉ်မောင်း လိုင်စင်တွေဟာ တကိုယ်ရေသုံးသာဖြစ်ပြီး မော်တော်ဆိုင်ကယ် တက္ကဆီဆွဲလို့ တက္ကစီဆွဲစားလို့ မရပါဘူး။ နောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေဟာ တရားဝင်ပဲဖြစ်ဖြစ် တရားမဝင်ပဲဖြစ်ဖြစ် သူတို့ကို ကန့်သတ်ပေးထားတဲ့ နယ်မြေတွေရဲ့ပြင်ပကို ခရီးသွားလို့ မရပါဘူး။

ဒါကြောင့်မို့လို့ ယာဉ်မောင်းလိုင်စင်ဟာ သူတို့ကို ရဲအန္တရာယ်မကြောက်ရဘဲ သူတို့ကို ခွင့်ပြုထားတဲ့ နယ်မြေအတွင်းမှာ အလုပ်သွား၊အလုပ်ပြန်လုပ် ဟိုဟိုဒီဒီ သွားဖို့လောက်ပဲ အထောက်အကူရမှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ အဲဒါတောင်သူတို့လုပ်လို့မရဘူး ဖြစ်နေပါတယ်။

ကျမက အဲဒါတွေအားလုံးနဲ့ပတ်သက်ပြီး ရေးနေတာက ဘာဖြစ်လို့လဲဆိုတော့ ရနောင်းမှာရှိကြတဲ့ အလုပ်သမားတွေအတွက် သူတို့ရဲ့ မော်တော်ဆိုင်ကယ်လေးတွေနဲ့ စားစရာသောက်စရာတွေ သွားဝယ် နိုင်ဖို့က သူတို့အတွက် သေရေးရှင်ရေးဖြစ်နေလို့ပဲ မဟုတ်ပါဘူး။ ကျမတို့အတွက်လည်း သေရေးရှင်ရေး ဖြစ်နေလို့ပါ။

ကျမတို့ဟာ အားနည်းသူတွေနဲ့ မရှိဆင်းရဲသားတွေကို ကျမတို့နဲ့တန်းတူရည်တူ လူသားတွေအဖြစ် မမြင် နိုင်သေးဘူးဆိုရင်တော့ ကျမတို့ဟာ ကျမတို့ရဲ့နိုင်ငံရေးချောက်နက်ကြီးနဲ့ အနာဂတ်မှာလူတွေ အများကြီးသေကြေ ဒဏ်ရာရကြမယ့်အဖြစ်တွေကို ဘယ်လိုထွက်မြောက်ရှောင်ရှား နိုင်ကြမှာပါလဲ။

ကျမတို့တိုင်းပြည်ကို ပြိုကွဲအောင် ခြိမ်းခြောက်နေတဲ့ လူမှုမတရားမှုနဲ့ စံနှုန်းနှစ်ခုထား ဆက်ဆံမှုတွေရဲ့ အဓိကအချက်ကတော့ ကျမတို့ထက်ပိုပြီး အဆင့်နိမ့်သူတွေလို့ ကျမတို့က မြင်နေတဲ့လူတွေရဲ့ အရေးကိစ္စတွေနဲ့ ဥပဒေအရ လိုအပ်ချက်တွေကို လေးစားမှုမရှိတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ ဟာ ကျမတို့ရဲ့ကြီးနိုင်ငယ်ညှဉ်း လောကကြီးရဲ့အောက်ဆုံးလှေခါးထစ်မှာ ရှိကြတာပါ။ လူမှုတရားမျှတမှု ဆိုတာရဲ့ အချက်ပြ အမှတ်အသားဟာသူတို့တွေကို ကျမတို့က ဘယ်လိုဆက်ဆံတယ် ဆိုတာပါပဲ။

မေလ သွေးထွက်သံယိုဖြစ်မှုက အခြေခံတည်ဆောက်မှုဆိုင်ရာ တရားမျှတမှုကိုပြင်ဆင်ဖို့ ကြိုးစား လာကြအောင်ကို ကျမတို့ကို ထိတ်လန့်တုန်လှုပ် သွားစေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့သာ ရွှေ့ပြောင်း အလုပ်သမားတွေကို အခုကျမတို့ ပြုမူဆက်ဆံနေတဲ့ပုံစံကို ကျမတို့က အိုကေတယ်လို့ ယူဆ နေသေးတယ်ဆိုရင်တော့ စိတ်မချရသေးပါဘူး။

ကျမတို့ဟာ မျှတကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခုကို ရရှိဖို့ နီးစပ်လာပြီလို့ မျှော်လင့်လို့ မရသေးပါဘူး ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဖြစ်စေနိုင်တဲ့အရာတွေ ကျမတို့ရင်ထဲမှာ မရှိကြသေးလို့ပဲ ဖြစ်ပါတယ်။


No comments:

Post a Comment