Monday, August 23, 2010

ရှင်သန်နေမယ့် ၈.၈.၈၈ စိတ်ဓာတ်

ခင်ဥမ္မာ

၂၂ နှစ် ကြာခဲ့ပေမယ့် ၈.၈.၈၈ သမိုင်းဝင်နေ့ရဲ့ အမှတ်တရနဲ့ ဝိညာဉ်တွေက ကျမရဲ့ နှလုံးသားထဲမှာရော ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ အသည်းနှလုံး ထဲမှာပါ သက်ဝင်ရှင်သန်နေဆဲပါ။

မြန်မာ့သမိုင်းမှာ အထင်အရှားဆုံး လူထုဆန္ဒပြပွဲကြီးတခု ဖြစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျမတို့တတွေ စိတ်လှုပ်ရှားခဲ့ကြတာကို အခုထိ အမှတ်ရနေဆဲပါ။

အထက်တန်းကျောင်းသားတွေ၊ လယ်သမား၊ အစိုးရ၀န်ထမ်း၊ အလုပ်သမား၊ အမျိုးသား၊ အမျိုးသမီးပါမကျန် လူထု လူတန်းစား အလွှာစုံကို မြေအောက်စည်းရုံးရေး လုပ်ငန်းတွေကတဆင့် စုစည်းနိုင်ဖို့ ကျမတို့တတွေ စီစဉ်ခဲ့ကြပါတယ်။ ကျမတို့မှာ ကိုယ်ပိုင်ခံယူချက်၊ တရားမျှတမှုနဲ့ အမှန်တရားကို မရရအောင် ဖေါ်ထုတ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကလွဲလို့ ဘာမှမရှိခဲ့ပါဘူး။ ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းဖုန်းဆိုတာ ဝေလာဝေးပေါ့။

ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့်လို့ပဲ ဆိုရမှာပါ။ ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာ ဂန်းနက်စ်နဲ့ တွေ့ဆုံ မေးမြန်းခန်းတခု လုပ်ခွင့်ရလိုက်တဲ့အတွက် သြဂုတ်လ ၈ ရက်နေ့မှာ အထွေထွေသပိတ် ဆင်နွှဲမယ့်အကြောင်း မြန်မာတပြည်လုံးမှာရှိတဲ့ ပြည်သူတွေကို ကျမတို့ အသိပေးနိုင်ခဲ့ပါတယ်။

အထွေထွေသပိတ်ကြီးဆီ ဦးတည်ခဲ့တဲ့ ဖြစ်ရပ်ကတော့ မတ်လ ၁၃ ရက်နေ့ ရန်ကုန် စက်မှု တက္ကသိုလ် (အာအိုင်တီ) ကျောင်းသား ကိုဖုန်းမော် ကျဆုံးမှုပါပဲ။ အဲဒီနေ့က အာအိုင်တီ ဆန္ဒပြပွဲမှာ ကိုဖုန်းမော်လည်း ပါဝင်ခဲ့ပါတယ်။ လုံထိန်းရဲတွေက ဆန္ဒပြပွဲကို စီးနင်းဖြိုခွဲပြီး မည်းမည်းမြင်သမျှ သေနတ်နဲ့ ပစ်တာမို့ ကိုဖုန်းမော် ကျဆုံးခဲ့ရတာပါ။ အာဏာပိုင်တွေက ကိုဖုန်းမော်ရဲ့ မိဘတွေကို သူတို့သား ဘာကြောင့် သေရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ပြောခွင့် မပေးခဲ့ပါဘူး။ သားဆုံးရှုံးရလို့ ကြေကွဲဝမ်းနည်းနေတဲ့ မိဘနှစ်ပါးဟာ သူတို့သားရဲ့ ဈာပနတောင် ချခွင့်မရရှာခဲ့ပါဘူး။

ကျမတို့ အားလုံး ဒေါသအကြီးအကျယ် ထွက်ခဲ့ကြပြီး အာဏာပိုင်တွေကို သူတို့လုပ်ရပ်နဲ့ ပတ်သက်လို့ အမှန်အတိုင်း ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယိုယွင်းပျက်စီးနေတဲ့ စီးပွားရေးအခြေအနေကြောင့် နိုင်ငံအနှံ့ ဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကလည်း ကျောင်းသားတွေလှုပ်ရှားမှုရဲ့ အားမာန်နဲ့အတူ အဲဒီအချိန်မှာ အပြောင်းအလဲအတွက် တောင်းဆိုလှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

သြဂုတ်လ ၇ ရက်နေ့ ၈.၈.၈၈ ဆန္ဒပြပွဲကြီးအတွက် အပြီးသတ်ပြင်ဆင်မှု အစည်းအဝေးအပြီးမှာ လွတ်လပ်မှုနဲ့ အပြောင်းအလဲအတွက် စုပေါင်းညီညာစွာ လမ်းမပေါ်ထွက် ဆန္ဒပြကြမယ့် ပြည်သူလူထုကြီးရယ်၊ လူထုဆန္ဒပြပွဲကြီး အကြောင်းရယ် စိတ်ကူးထဲမှာ ပုံဖော်ရင်း ကျမအိမ်ပြန်ခဲ့ပါတယ်။

အိမ်ထဲကို ကျမ၀င်လိုက်တယ်ဆိုရင်ပဲ မေမေ့ရဲ့ ငိုကြွေးသံကို ကြားရပါတယ်။ ပြီးတော့ စိုးရိမ်စိတ်နဲ့ ဗျာများနေတဲ့ အစ်မနှစ်ယောက်နဲ့ အစ်ကိုတို့ ကျမကို စောင့်နေတာ တွေ့လိုက်ရပါတယ်။

ကျောင်းသားတွေ ရက်ရက်စက်စက် အရိုက်ခံ၊ အဖမ်းခံခဲ့ရတဲ့ မတ်လ ၁၆ ရက်နေ့ တံတားနီအရေးအခင်းမှာ ပထမဦးဆုံးအကြိမ် ကျမ ပါခဲ့ကတည်းက ကျမရဲ့ လုံခြုံရေးကို မိသားစုက စိုးရိမ်ပြီး နိုင်ငံရေးထဲ ကျမ ပါနေတာကို သဘောမကျခဲ့ပါဘူး။

ဒီလိုနဲ့ ၈.၈.၈၈ ဆန္ဒပြပွဲမဖြစ်ခင် တရက်အလိုမှာ ကျမ မိသားစုက နိုင်ငံရေးထဲမပါဖို့ ကျမကို ဟန့်တားပါတော့တယ်။ မေမေ့ စိုးရိမ်ချက်ကို စဉ်းစားပြီး ဆန္ဒပြပွဲမှာ မပါဖို့ မိသားစုက ကျမကို ပြောလာပါတယ်။ လမ်းမပေါ်မှာ ကျမ သေနတ်နဲ့ အပစ်ခံရမလား၊ အသက်ဆုံးရှုံးသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မေမေသေမှာကို မြင်ချင်သလားလို့လည်း ကျမကို မေးခဲ့ပါတယ်။ မေမေ စိတ်မပူရအောင် လိမ်ညာပြောပြီး မနက်မိုးလင်းမှ ခိုးထွက်သွားဖို့လည်း ကျမ အစ်မတွေက ကျမကို ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အမိနိုင်ငံမှာ တရားမျှတမှုရှိဖို့နဲ့ အပြောင်းအလဲတွေဖြစ်ဖို့ ကျမ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်နေမှန်း ကျမသိနေတယ်လေ။ ဒါကြောင့်လည်း ကျမရဲ့ တန်ဖိုးထားမှုကို သေးသိမ်သွားစေမယ့် လုပ်ရပ်မျိုးတွေကို လုပ်ဖို့နဲ့ မိသားစုကို လိမ်ပြောဖို့ ကျမ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် မိသားစု ဆန္ဒအတိုင်း မလိုက်နိုင်ဘူးလို့ ကျမ ပြောလိုက်ပြီး မကြာခင်မှာပဲ အစ်ကြိုဖစ်သူရဲ့ ရုတ်တရက် ဖြေရှင်းတာကို ခံလိုက်ရပါတယ်။ ကျမ အစ်ကိုက ကြင်နာတတ်တဲ့ အစ်ကိုပါ။ ဒါပေမယ့် မောင်ရင်းနှမစိတ်ကြောင့် ကျမအပေါ် အစိုးရိမ်ကဲခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ကျမပါမှာစိုးတဲ့အတွက် ကျမကို ရိုက်ပါတယ်။ ပြီးတော့ သူ့ကားပေါ်ကို ဆွဲတင်သွားပြီး ရန်ကုန်မြို့လယ်က သူ့တိုက်ခန်းကို ခေါ်သွားပါတယ်။ သူ့တိုက်ခန်းက ဆန္ဒပြပွဲတွေအားလုံးရဲ့ အဓိကဆုံချက်ဖြစ်တဲ့ ဆူးလေဘုရားရယ်၊ မြို့တော်ခန်းမရယ်နဲ့ဆိုရင် နှစ်လမ်းပဲ ခြားပါတယ်။

အဲဒီညက ကျမ အိပ်လို့မပျော်ခဲ့ပါဘူး။ သမိုင်းဝင်ဖြစ်ရပ်တခုမှာ ကျမ မပါဝင်လိုက်နိုင်တော့တဲ့အတွက် ကျမရင်ထဲမှာ စိတ်ပျက်မှုတွေ၊ နောင်တတွေနဲ့သာ ပြည့်နှက်နေပါတော့တယ်။ အဲဒီသမိုင်းဝင် ဖြစ်ရပ်ကြီးဖြစ်လာစေဖို့ ကျမရဲ့ ၈၈ မောင်နှစ်မတွေဖြစ်ကြတဲ့ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုအံ့ဘွယ်ကျော်၊ ကိုလှမျိုးနောင်တို့နဲ့အတူ ကျမလည်း တတပ်တအား စည်းရုံးလှုပ်ရှားခဲ့တာကိုး။ သူတို့တွေအားလုံးကတော့ ၁၉၈၈ နောက်ပိုင်းမှာ ထောင်ချခံခဲ့ရပါတယ်။ ထောင်က ထွက်လာတော့လည်း ၈.၈.၈၈ စိတ်ဓာတ်ကို ကိုင်စွဲပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေးတွေ အတွက် စဉ်ဆက်မပြတ် အားထုတ်ခဲ့ကြတာမို့ ရွှေဝါရောင် တော်လှန်ရေးအပြီး ဒုတိယအကြိမ် ပြန်အဖမ်းခံရစဉ်မှာ သူတို့အားလုံး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

နောက်ဆုံးတော့ ၈.၈.၈၈ နေ့ မနက်ခင်းကို ရောက်လာခဲ့ပါပြီ။ အစ်ကို့ တိုက်ခန်းဝရန်တာကနေ ကျမ အောက်ကို ကြည့်နေရင်းက စိတ်ထဲမှာ ချီတုံချတုံ ဖြစ်လာခဲ့ပါတယ်။ ပြည်သူတွေက ကျမတို့ တောင်းဆိုထားတဲ့ အထွေထွေ သပိတ်ကြီးကို ထောက်ခံကြမှာလား၊ ပြည်သူလူထုကြီးက လမ်းပေါ်ထွက်လာပြီး အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြမှာလား။

မနက် ၉ နာရီအထိ လမ်းတွေပေါ်မှာ ငြိမ်သက်ဆဲပါပဲ။ ဒီလိုနဲ့ မနက် ၁၀ နာရီခန့်ကစလို့ လမ်းမပေါ်တွေမှာ လူတွေ ဟိုတစ ဒီတစ စတင်စုစည်းလာတာကို ကျမ တွေ့ခဲ့ရပါတယ်။ အဲဒီနေ့တနေ့လုံး လူထုဆန္ဒပြပွဲကြီး တစစ ကြီးမားလာတာကို ကျမစောင့်ကြည့်နေခဲ့ပါတယ်။ အစုအဖွဲ့ငယ်လေးတွေကနေ အုပ်စုတွေဖြစ်၊ အုပ်စုတွေကတဆင့် လူလှိုင်းကြီး ဖြစ်လာတာပေါ့။

ဆန္ဒပြသူတွေရဲ့ မျက်နှာပေါ်မှာ မျှော်လင့်ချက်တွေ၊ ကြောက်ရွံ့စိုးရိမ်မှုတွေက အထင်းသားပါ။ မမြင်နိုင်တဲ့အရာအတွက် ကြောက်ရွံ့မှုတွေ၊ ဖြိုခွင်းခံရမယ့် အရေးအပေါ် စိုးရိမ်ချက်တွေက လွတ်လပ်မှုကို လိုလားတဲ့ အာသီသတွေနဲ့ ရောထွေး နေခဲ့ကြပါတယ်။ လမ်းမတွေက ဆိုင်းဘုတ်နဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတွေကို ဆုပ်ကိုင်ဝှေ့ယမ်းရင်း “တပါတီစနစ် ကျဆုံးပါစေ”၊ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” ဆိုတဲ့ ကြွေးကြော်သံကို ခွန်အားအပြည့်နဲ့ တသံတည်း ဟစ်ကြွေး တောင်းဆိုကြတဲ့ လူလှိုင်းတွေနဲ့ ပြည့်နှက်သွားပါတော့တယ်။ အဲဒီမြင်ကွင်းကို ပြန်ပြောင်းအမှတ်ရတိုင်း ကျမ ကြက်သီးတဖြန်းဖြန်း ထဆဲပါ။

ညနေစောင်းရောက်တဲ့အခါ ဆန္ဒပြသူတွေက ကြွေးကြော်သံတွေကို ဆက်လက်ကြွေးကြော်ရင်း မြို့တော်ခန်းမရှေ့မှာ စုရုံးကြပါတယ်။ အဲဒီအချိန်မှာ အာဏာပိုင်တွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ လော်စပီကာနဲ့ အော်ပြောနေပါတယ်။

အခြေအနေက စိတ်ဓာတ်တက်ကြွဖွယ် အလားအလာကောင်းတဲ့ အခြေအနေ ဖြစ်ပေမယ့်လည်း စစ်တပ်က ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွင်းလိမ့်မယ်လို့ ကျမ စိတ်ထဲမှာ ထင်မှတ်နေခဲ့မိပါတယ်။ မျက်ရည်ကျရင်း ဒီနေ့တနေတာအတွက် အရာအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြီးသတ်စေဖို့ ဘုရားရှေ့မှာ ကျမ ထပ်ခါတလဲလဲ ဆုတောင်းနေမိခဲ့ပါတယ်။

ကျမရဲ့ဆန္ဒ မပြည့်ခဲ့ပါဘူး။ သန်းခေါင်ရောက်ခါနီး ၁၅ မိနစ်ခန့် အလိုမှာ ကျမအစ်ကို တိုက်ခန်းနောက်မှာရှိတဲ့ ကျောက်တံတားရဲစခန်းက လက်နက်ကိုင်ရဲတွေ လမ်းမတွေပေါ် ချီတက်လာတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် မိနစ်ပိုင်းအတွင်းမှာပဲ ကြောက်စရာကောင်းတဲ့ သေနတ်သံတွေ၊ ဆန္ဒပြသူတွေရဲ့ အော်ဟစ်သံတွေ၊ ထွက်ပြေးတဲ့ ခြေသံတွေကို ကျမအတိုင်းသား ကြားလိုက်ရပါတော့တယ်။ သေနတ်သံတွေ အော်ဟစ်သံတွေ ငြိမ်သက်သွားတဲ့အချိန်မှာတော့ အဖမ်းခံရတဲ့ ဆန္ဒပြသူတွေ အပြည့်တင်ဆောင်သွားတဲ့ ကားသံတွေကြားရပါတယ်။ အဲဒီနောက် ဆန္ဒပြတဲ့နေရာကို တက်ရှင်းနေတဲ့ အာဏာပိုင်တွေရဲ့ အမိန့်ပေးသံနဲ့ အင်အားပြ ခြိမ်းခြောက်သံတွေကလွဲလို့ ဘာမှမကြားရတော့ပါဘူး။ စစ်တပ်က ပစ်လိမ့်မယ်လို့ တချို့က ကြိုတင်တွက်ဆထားကြပါတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်း ရာထူးက နုတ်မထွက်ခင် “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင် မပစ်ဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်းရော သူ့နောက်လိုက် ဗိုလ်မှူးချုပ် စိန်လွင် ပါ ပြောတဲ့အတိုင်း တကယ်လုပ်ခဲ့ကြပါပေတယ်။ အဲဒီညက ကျမ မျက်ရည်မိုး ရွာတဲ့ညပေါ့။

သြဂုတ်လ ၈ ရက်နေ့ဟာ သေဆုံးမှုတွေ၊ သွေးထွက်သံယိုမှုတွေနဲ့ အဆုံးသတ်ခဲ့ပေမယ့် လူထုအုံကြွမှုရဲ့ အရှိန်အဟုန်ကတော့ တိုးလာခဲ့ပါတယ်။ ကျမလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၉၀ နောက်ပိုင်းကာလ မြန်မာ့ဒီမိုကရေစီရေးအတွက် စည်းရုံးရေးခရီးစဉ်တွေမှာ ရာနဲ့ချီတဲ့ နိုင်ငံတကာက မြန်မာ့အရေး ထောက်ခံသူတွေကို ကျမရဲ့ ၈.၈.၈၈ အရေးတော်ပုံ အတွေ့အကြုံတွေ မျှဝေခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပေါင်း တော်တော်ကြာ အဲဒီအတွေ့အကြုံတွေကို ကျမ ထပ်ပြီး မပြောဖြစ်တော့ပါဘူး။ လမ်းမတွေပေါ်မှာ၊ တောထဲတောင်ထဲမှာ၊ အကျဉ်းထောင်တွေထဲမှာ အသက်တွေ အမြောက်အမြား စတေးခဲ့ပြီးပေမယ့်လည်း ကျမတို့ ပြည်သူတွေ တောင့်တနေတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို အပြီးသတ် မဆောင်ကျဉ်းပေးနိုင်တဲ့အပေါ် အပြစ်ရှိတယ်လို့ ခံစားရတာမို့ မပြောဖြစ်တော့ တာပါ။

ဒါပေမယ့် ဒီမိုကရေစီရေးအတွက် ကျမ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ရှေ့ကို ဆက်လျှောက်မှာပါ။ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်သည်အထိ ကျမတို့ ရှေ့ဆက်လျှောက်ဖို့ လိုပါတယ်။ အတိတ်ကာလ ဖြစ်ရပ်တွေကနေ ကျမတို့ သင်ခန်းစာယူရပါမယ်။ ပြီးတော့ ၈.၈.၈၈ စိတ်ဓာတ်ကို ဆက်လက်ရှင်သန်အောင်လည်း ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။ ၈.၈.၈၈ စိတ်ဓာတ်ဆိုတာ ညီညွတ်ခြင်း၊ စွန့်လွှတ် အနစ်နာခံခြင်း၊ မတူကွဲပြားတဲ့ နိုင်ငံရေး ယုံကြည်ချက်တွေ၊ အမြင်တွေအပေါ်မှာ သဘောထားကြီးစွာ လက်ခံခြင်းဆိုတဲ့ စိတ်ဓာတ်ပါ။ နိုင်ငံရေးယုံကြည်ချက် အရ၊ အယူဝါဒအရ၊ လူမျိုးရေးအရ၊ ဘာသာရေး ဒါမှမဟုတ် လိင်အရ ကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်ဆိုလည်း မမှားပါဘူး။

၈.၈.၈၈ လူထုအုံကြွမှုကြီးကနေ ၂၆ နှစ်တာ အုပ်စိုးခဲ့တဲ့ အာဏာရှင်အစိုးရကို ကျမတို့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဘာကြောင့် ဖြုတ်ချနိုင်ခဲ့သလဲဆိုတော့ ကျမတို့ တတိုင်းပြည်လုံး ညီညွတ်ခဲ့လို့ပါ။ ကျမတို့ အားလုံးမှာ ရှိနေကြတဲ့ မတူခြားနားမှုတွေကို ပြည်သူအားလုံးအတွက် တရားမျှတမှုနဲ့ ဒီမိုကရေစီ ဖော်ဆောင်ပေးရေးဆိုတဲ့ ဘုံရည်မှန်းချက်အဖြစ် ကျမတို့ ပြောင်းလဲနိုင် ခဲ့လို့ပါ။ ၁၉၈၈ ခုနှစ်မှာ ကျောင်းသားနဲ့ ပြည်သူတွေက တိုင်းပြည်ပြောင်းလဲရေးဆိုတဲ့ အလံတော်ကို တစုတစည်းတည်း သယ်ဆောင်နိုင်ခဲ့ကြပါတယ်။ လူထုက အဲဒီအလံတော်ကို နိုင်ငံရေးခေါင်းဆောင်တွေလက်ထဲ ထည့်ပေးလိုက်တဲ့ အခါမှာတော့ ပုဂ္ဂိုလ်ရေး မာန်မာနတွေ၊ မတူကွဲပြားတဲ့ ယုံကြည်ချက်တွေကို မကျော်လွှားနိုင်ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တချို့က အလံတော်ကို ဆက်လက် မလွှင့်နိုင်ခဲ့ကြပါဘူး။ ညီညွတ်မှု မရှိခြင်းနဲ့ သဘောထား ကွဲလွဲမှုတွေကြောင့် ဒီမိုကရေစီ လက်ဆင့်ကမ်း သယ်ယူမှုဟာ ခရီးအစမှာပဲ အဆုံးသတ်ခဲ့ရပါတော့တယ်။

၈.၈.၈၈ လူထုအုံကြွမှုကြီးက မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ နှလုံးသည်းပွတ်ထဲမှာ အပြောင်းအလဲဆိုတဲ့ မျိုးစေ့ကို ကြဲချနိုင်ခဲ့ပါတယ်။ ပြီးတော့ လာမယ့် မျိုးဆက်တိုင်းမှာလည်း ဒီမျိုးစေ့က ဆက်လက်ရှင်သန်နေမှာ ဖြစ်ပါတယ်။ ကျမရဲ့ အတောင့်တဆုံး ဆန္ဒကတော့ လွန်ခဲ့တဲ့ ၂၂ နှစ်ကျော်က တိုင်းပြည်တပြည်လုံးကို ဖမ်းစားနိုင်ခဲ့တဲ့ ညီညွတ်ရေး စိတ်ဓာတ်ကို ပြန်လိုချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး စုစည်းမှုက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးတွေအတွက် တခုတည်းသော နည်းလမ်းဖြစ်နေလို့ပါပဲ။

ဒီမိုကရေစီရေးနဲ့ တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျမတို့ လှုပ်ရှားမှုကြီးဟာ အင်အားရှိတဲ့၊ မတူကွဲပြားမှုတွေရှိတဲ့၊ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုကြီးတခုပါ။ ကျမတို့ကြားမှာ ရှိနေတဲ့ မတူကွဲပြားမှုတွေကို ကျမတို့ လေးစား အသိအမှတ် ပြုရပါလိမ့်မယ်။ ဒါပေမယ့် အပြောင်းအလဲအတွက် ကျမတို့ အားတွေ မညီညွတ်ဘူးဆိုရင်၊ ကိုယ့်ရဲ့ ပုဂ္ဂလပြဌာန်းချက်၊ ရပ်တည်ချက်တွေကိုပဲ ဆုပ်ကိုင်ထားနေမယ်ဆိုရင် ဒါမှမဟုတ် ငါမှ ငါလို့ ထင်နေကြရင်တော့ ကျမတို့အချင်းချင်းကြား သွေးကွဲနေပြီးသား ဖြစ်နေတာမို့ ကျမတို့ကို သွေးခွဲဖို့ စစ်အစိုးရကတောင် ဘာမှ လုပ်စရာ မလိုတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးပါတယ်။ “ကျမတို့ရဲ့ မတူခြားနားချက်တွေက ကျမတို့ရဲ့ အားနည်းချက်တွေ မဖြစ်သင့်ဘူး။ အားသာချက်တွေသာ ဖြစ်သင့်ပါတယ်” တဲ့။ သူ့ရဲ့ မျှော်မှန်းချက်ကို ကျမတို့ လိုက်နာခံယူရင်း ၈.၈.၈၈ စိတ်ဓာတ်ဖြစ်တဲ့ ညီညွတ်ရေးကို လက်နက်သဖွယ် အသုံးပြုပြီးတော့ စစ်အာဏာရှင်ကို အဆုံးသတ်တိုက်ပွဲဝင် နိုင်ကြလိမ့်မယ်လို့ ကျမ မျှော်လင့်နေမိပါတော့တယ်။

A Day of Unity they Must Live On by Khin Ohmar ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။

No comments:

Post a Comment