Tuesday, September 21, 2010

ကိုကျော်သူ မဲဆောက်မှာ အလုပ်လုပ်နေပြီ

သီဟဟိန်း

မြန်မာနိုင်ငံ မြ၀တီမြို့ရဲ့တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေးဟာ ကျနော်တို့ မြန်မာပြည်သားတွေနဲ့ အထူးပင် စည်ကားလျက်ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ … စတဲ့နေရာတွေအပြင် ဈေးရောင်းဈေးဝယ်တွေကအ စမြန်မာပြည်သားအများစုပါ။ အမေရိက၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား …

စတဲ့နိုင်ငံတွေကို မြန်မာပြည်သားတယောက်အနေနဲ့ အလုပ်သွားလုပ်မယ်ဆိုရင် ငွေကြေးအများကြီး ကုန်ကျမှာပါ။ တော်ရုံလူတွေလည်း မသွားနိုင်ပါဘူး။ အဲဒီတော့ ငွေကြေးလည်း အသက်သာဆုံးဖြစ်ပြီး နိုင်ငံခြားလည်းရောက်ဆိုတော့ မဲဆောက်ဟာ မြန်မာနိုင်ငံသားတွေအများစု လာရောက်အလုပ်လုပ်ကိုင်တဲ့နေရာ ဖြစ်လာပါတယ်။ ဘယ်လောက်တောင်များလဲဆိုရင် မဲဆောက်မှာ မြန်မာပြည်သား နှစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ကိုယ့်နိုင်ငံ၊ ကိုယ့်ဌာနေကို ခွဲခွာပြီး ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူမှုဒုက္ခတွေကလည်း အမျိုးမျိုးပါပဲ။ လုပ်ခလစာတွေ အပြည့်အ၀ မရတာတွေ၊ ပုလိပ်တို့ တောမောတို့ ဖမ်းလို့ ထောင်တွေကျပြီး ပြည်တော်ပြန်ရတာတွေ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေ … စသည်ဖြင့် အများကြီးပါပဲ။ ပြောရရင် ကုန်နိုင်မှာမဟုတ်သလို တချို့ကိစ္စတွေဆို ယုံတောင်ယုံနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုများပြားလှတဲ့ ဒုက္ခတွေထဲက လူတိုင်း တနေ့နေ့ တချိန်ချိန်မှာ မဖြစ်မနေ ရင်ဆိုင်ရမယ့် နာရေးကိစ္စအကြောင်းတွေကို ပြောပြချင်ပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတယောက် သေပြီဆိုရင် အဲဒီအိမ်ပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင်တွေက သူတို့နေရာမှာ ပေးမထားပါဘူး။ အသုဘအခမ်းအနားလည်း မလုပ်ရပါဘူး။ ဆေးရုံဆေးခန်းမှာ သေတယ်ဆိုရင်လည်း အဲဒီကတဆင့် သင်္ချိုင်းကိုပို့ပြီး သင်္ဂြိုဟ်ရပါတယ်။ အိမ်ပြန်သယ်လို့မရပါဘူး။ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသရင်း သေဆုံးသွားတဲ့သူတွေထဲက တချို့ဆိုရင် ဆေးကုသစရိတ်လည်း မပေးနိုင်၊ သင်္ဂြိုဟ်စရိတ်လည်း မတတ်နိုင်တော့တဲ့အတွက် အလောင်းကို ပိုင်ရှင်မဲ့အဖြစ် ထားခဲ့ရပါတယ်။ ပိုက်ဆံနည်းနည်း တတ်နိုင်တဲ့သူတွေကတော့ ဆေးရုံက သင်္ဂြိုဟ်ပေးဖို့ ဘတ် (၅၀၀) ပေးပြီး ရေခဲတိုက်မှာ အပ်ခဲ့ရပါတယ်။ မြ၀တီဘက်ကလာပြီး ဆေးကုတဲ့သူတွေ အဲလိုအဖြစ်မျိုး အများဆုံးကြုံရပါတယ်။ ပြန်သယ်ဖို့ အခက်အခဲရှိတာလည်း ပါပါတယ်။

ဘယ်လိုလူမျိုးမဆို သေဆုံးသွားရင် သေတဲ့သူအတွက် နောက်ဆုံးအနေနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ ကောင်းကောင်းမွန်မွန်လေး မြေကျသွားတာကို လိုချင်ကြပါတယ်။ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံလေးတော့ တင်ပေးလိုက်ချင်ကြပါတယ်။

မြန်မာပြည်သားတွေများသလို မြန်မာပြည်သားတွေ အချင်းချင်းကို ကိုယ်တတ်နိုင်တဲ့ဘက်က သာရေးနာရေး အကူအညီပေးနေတဲ့ အဖွဲ့တွေလည်း မဲဆောက်မှာရှိပါတယ်။ တချို့နာရေးတွေဖြစ်လာရင် အဲဒီအဖွဲ့တွေကို အကြောင်းကြားကြပါတယ်။ ဒီလိုအကြောင်းကြားလာတဲ့ နာရေးတွေကိုတော့ တတ်နိုင်သလောက်လုပ်နေတဲ့ အဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ အလောင်းတွေကို ဘုန်းကြီးကျောင်းမှာ ထားရပါတယ်။ အဲဒီကမှတဆင့် သင်္ချိုင်းမှာမီးသင်္ဂြိုဟ်ရပါတယ်။ နာရေးတခုဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်ဖို့ မဖြစ်မနေ ကုန်ကျရမယ့် အသုံးစရိတ်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးပါမယ်။

၁။ ဆေးရုံကြီးမှာ သေတယ်ဆိုရင် ဆေးရုံကြီးကနေ အသုဘထားမယ့် ဘုန်းကြီးကျောင်းဇရပ်ကို အသုဘသယ်တဲ့ ကားခ ဘတ် (၂၀၀)။

၂။ မပုပ်အောင် ဆေးထိုးမယ်ဆို ရေချိုးတာ၊ ဆေးထိုးတာ ဘတ် (၁,၅၀၀)။

၃။ ဘုန်းကြီးကျောင်းမှာ ထားတဲ့အတွက် ရေတို့ မီးတို့အပြင် လိုအပ်တဲ့ အိုးခွက် ပန်းကန် ငှားရမ်းခက ဘတ် (၅၀၀) အလှူငွေ ထည့်ဝင်ရပါတယ်။

၎။ ဆေးမထိုးချင်ဘူး၊ ရေခဲသေတ္တာနဲ့ ထားမယ်ဆိုရင် တညကို ဘတ် (၅၀၀) ဘုန်းကြီးကျောင်းအလှူငွေ ထည့်ဝင်ရပါတယ်။

၅။ သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့အတွက် သင်္ချိုင်းခက ဘတ် (၂,၀၀၀)။

၆။ ဇရပ်ကနေ သင်္ချိုင်းကို ကားခက ဘတ် (၁,၅၀၀)။

သရဏဂုံတင်တာ၊ ဘုန်းကြီးတရားဟောတာကတော့ ကိုယ်စေတနာရှိသလောက် ဘုန်းကြီးကို လှူလို့ရပါတယ်။

ဝမ်းသာစရာ၊ သာဓုခေါ်စရာတခုကတော့ လိုသမျှ အခေါင်းတွေကို မဲဆောက်တရုတ်ဘုံကျောင်းက လှူပါတယ်။ ဘုံကျောင်းရှေ့က ဂိုဒေါင်ထဲမှာ အခေါင်းတွေရိုက်ပြီး ထပ်ထားတာ အများကြီးပါပဲ။ အခေါင်းသွားတောင်းမယ်ဆိုရင် သေစာရင်းစာရွက် ယူသွားရပါတယ်။ လက်မှတ်ထိုးရပါတယ်။

အဲဒီတော့ နာရေးတခုဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန်မြေကျဖို့အတွက် ဟိုဟာချွေတာ၊ ဒီဟာချွေတာ လုပ်တာတောင်မှ အနည်းဆုံး ဘတ် (၃,၀၀၀) နဲ့ (၄,၀၀၀) လောက်ကုန်ပါတယ်။ ချွေတာတယ်ဆိုတာကတော့ ဥပမာ မသာကို ကိုယ်တိုင်ရေချိုးပေးမယ်။ ကားသမားတွေကို ဈေးအတင်းလျှော့ခိုင်း၊ ဘုန်းကြီးတွေကို ပိုက်ဆံမရှိတဲ့အကြောင်း အတင်းအပူကပ်မယ်ဆိုတာမျိုးပါ။ လုံးဝ တပြားမှ မတတ်နိုင်တဲ့သူတွေ ကောင်းကောင်းမွန်မွန်လည်း မြေကျချင်တယ်ဆိုရင်တော့ အကူအညီပေးနေတဲ့အဖွဲ့က ဟိုလူ့ဆီအလှူခံ၊ ဒီလူ့ဆီ အလှူခံပေါ့။ စက်ရုံတွေဘာတွေက သေရင်တော့ စက်ရုံအလုပ်သမားတွေစုပြီး ကူငွေထည့်ကြလို့ တော်သေးတယ်။

အဲလိုမျိုးတွေ ခဏခဏဖြစ်လာတော့ ကူညီပေးနေရတဲ့ အဖွဲ့တွေ လူတွေလည်း ရေရှည်မှာ မတတ်နိုင်ကြတော့ဘူးလေ။ အထက်မှာ ပြောခဲ့သလို ဆေးရုံမှာ ပိုင်ရှင်မဲ့အလောင်းဆိုပြီး ထားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ စုပေါင်းစဉ်းစားကြရင်း နာရေးကူညီမှုအသင်း (မဲဆောက်) ကို ၂၆၊ ၄၊ ၂၀၁၀ နေ့မှာ စတင်ဖွဲ့စည်းလိုက်နိုင်ခဲ့တာပါ။ အဲဒီအသင်းမှာ နာရေးလုပ်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ ပါပါတယ်။ တယောက်ကို လစဉ် ဘယ်လောက်စုထည့်ကြမယ်ဆိုပြီး ဖွဲ့ခဲ့ကြတာပါ။ ဘာအလှူရှင်မှ မရှိပါဘူး။ မဲဆောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီက အလှူခံပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတွေရဲ့ နာရေးကိစ္စတွေကို အကူအညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ဦးဥတ္တမနာရေးကူညီမှုအသင်း၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့၊ ခွန်အားသစ်အဖွဲ့၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ … စတဲ့ အဖွဲ့တွေအပြင် အဖွဲ့အစည်းကမဟုတ်ဘဲ မိမိတို့စိတ်ရင်း စေတနာနဲ့ နာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တွေ့ရပါတယ်။

အခုစုဖွဲ့လိုက်တဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) မှာတော့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ဦးဥတ္တမနာရေးကူညီမှုအသင်းတို့အပြင် စိတ်ပါဝင်စားပြီး အရင်ကလည်း နာရေးကိစ္စတွေကို ကူညီဆောင်ရွက်နေတဲ့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။

နာရေးကူညီမှုအသင်း (မဲဆောက်) မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး နာရေး (၁၀၀) လောက်ကို ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ဆရာပု ခေါ် ဦးသောင်းလှိုင်ကတော့ “ကျနော်တို့အနေနဲ့ နာရေးကိစ္စတွေမှာ တဖွဲ့တည်း၊ တဦးတည်း လုပ်ဆောင်ခဲ့ကြတာ အားနည်းချက်တွေရှိလာတယ်။ ထိထိရောက်ရောက် မကူညီနိုင်ဘူး။ ကျနော်တို့ဆီကို အကြောင်းကြားတဲ့ နာရေးကို တခြားလူတွေ သိချင်မှသိတယ်။ မသိတော့ မကူညီနိုင်ဘူးလေ။ တဦးတဖွဲ့ထဲလုပ်တာနဲ့ စာရင် အများစုပေါင်းပြီးလုပ်တာ ပိုကောင်းမယ်၊ ပိုညီညွတ်မယ်၊ ပိုပြီးထိရောက်မယ်ဆိုပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာပါ’’ လို့ ပြောပါတယ်။ အသင်းဖွဲ့ပြီးနောက်ပိုင်း ယနေ့အချိန်ထိ နာရေးကိစ္စ (၂၀) လောက် လိုအပ်တဲ့ အကူအညီ လူအင်အား၊ ငွေအင်အား ကူညီနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဆရာပုက ဆက်ပြောပြပါတယ်။

မဲဆောက်ကျောင်းသစ်ကျောင်းနောက်က ကုန်တင်ကုန်ချ အလုပ်သမားတန်းလျားက နာရေးတခုကို ကျနော် ရောက်သွားတော့ သေဆုံးသူက အသက် (၄၈) နှစ် အမျိုးသမီး။ သူ့သားက အသက် (၂၀) ၀န်းကျင် အလုပ်သမားတယောက်ပေါ့။ သူပြောပြတာက “ကျနော့်အမေဆုံးတာ ညဘက်ကြီးဗျ။ ကျနော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးလေ။ အဲဒါနဲ့ ထမင်းဆိုင်တဆိုင်မှာ တွေ့ခဲ့တဲ့ နာရေးကူညီမှုအသင်းကြော်ငြာထဲက ဖုန်းကိုဆက်ပြီး အကြောင်းကြားလိုက်တော့ မိုးရွာကြီးထဲမှာ ချက်ချင်းပဲရောက်လာကြတယ်ဗျာ။ ကျနော် ၀မ်းသာလိုက်တာ။ သင်္ဂြိုဟ်ဖို့ကိစ္စတွေကော အကုန်လုပ်ပေးသွားတယ်ဗျ။ ကျနော်တို့ကလည်း အမေ့ရဲ့နောက်ဆုံးခရီးမှာ ကောင်းကောင်းမွန်မွန်လေး ဖြစ်သွားတော့ ၀မ်းသာလို့မဆုံးပါဘူး။ အဲဒီအသင်းကိုလည်း အရမ်းကို ကျေးဇူးတင်ပါတယ်” လို့ ကိုယ့်အမေရဲ့ နာရေးမှာတောင် ၀မ်းနည်းဝမ်းသာ ပြောပြနေတာကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ဘယ်လိုခံစားရမှန်း မသိလိုက်ပါဘူး။

အခုဆိုရင် မဲဆောက်ရောက် မြန်မာပြည်သားများ နာရေးကိစ္စဖြစ်ပေါ်လာပါက အချိန်မရွေး အကူအညီ တောင်းနိုင်ပါတယ်။ နာရေးကူညီမှုအသင်း (မဲဆောက်) ဆိုပြီး ဖုန်းနံပါတ်တွေ၊ နာမည်တွေနဲ့ ကြော်ငြာတွေ အနှံ့ကပ်ထားတာ မဲဆောက်မှာ တွေ့နေရပါပြီ။ ဝေဒနာတွေကို မကြေညာစတမ်းဆိုပေမယ့် မဲဆောက်နာရေးဝေဒနာတွေကို ဖော်ပြထားတဲ့ ဘလော့တွေလည်း ခေတ်နဲ့အညီ ဖွင့်ထားတာကို တွေ့မြင်လေ့လာရပါတယ်။

မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း လူတယောက် ခန္ဓာရပြီဆိုရင် သေချာတာကတော့ တနေ့သေရမှာပါပဲ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဆိုတဲ့အတိုင်း ခန္ဓာရှိရင် အိုရမယ်၊ နာရမယ်၊ သေရမယ်ဆိုတာ လူတိုင်းကြုံတွေ့ရမှာပါ။ လူတယောက်ရဲ့ ဒီဘ၀ နောက်ဆုံးခရီးဖြစ်တဲ့ နာရေးကိစ္စတွေကို တတ်နိုင်တဲ့ဘက်က အကူအညီပေးနေတဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) ကို သာဓုခေါ်ရင်း ဤဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ။

No comments:

Post a Comment