Thursday, September 23, 2010

အခက်အခဲကြားက ပါကစ္စတန် ရေဘေး

ဆိုင်မွန် ရောက်ဂ်နင်း

အတော်လေး ငြိမ်ငြိမ် သက်သက် ရှိလှတဲ့ ပါကစ္စတန်က မြို့ငယ်လေးတွေနဲ့ မြို့ကြီးတွေဟာ မုတ်သုံရာသီ ရေလွှမ်းမိုး မှုကြောင့် သောကနဲ့ ဒုက္ခတွေ ပင်လယ် ဝေခဲ့ရပါပြီ။

နေရာက စုခါ (Sukkur) မြို့အထွက် လာကနာ(Larkana) မြို့ငယ်လေးဆီကို ဦးတည်တဲ့ တံတားအနီးမှာပါ။ လာကနာမြို့လေးက စုခါကနေ အနောက်မြောက်ဘက်ကို ကားနဲ့ ၂ နာရီလောက်မောင်းရတဲ့ နေရာမှာရှိပြီး လှုပ်လှုပ်ရွရွဖြစ်နေတဲ့ ဘာလိုချီစတန် (Balochistan) ပြည်နယ်နဲ့လည်း နီးပါတယ်။ ဘာလိုချီစတန်ပြည်နယ်ဟာ ကာလကြာပြီဖြစ်တဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ အခြေပြု ရာ နေရာဖြစ်တဲ့အပြင် အယ်လ်ခိုက်ဒါ (al-Qaeda) နဲ့ တာရစ်အီတာလီဘန် (Tehrik-e-Taliban) အဖွဲ့တွေအတွက်လည်း လတ် တလောမှာ အချက်အချာ ဒေသဖြစ်ပါတယ်။

တံတားရဲ့ ဆင်ခြေလျော အတိုင်း လျှောက်လာ ကြတဲ့ လူအုပ်က လမ်းတဝက် လောက်ကို ပိတ်ထားပြီး သူတို့ဆီ ဦးတည်လာနေတဲ့ ယာဉ်တွေဆီ လက်သီး လက်မောင်း တန်းလို့ အော်ဟစ် နေကြပါတယ်။ လူ ၃၀၀ လောက်ရှိတဲ့ လူအုပ်ထဲမှာ အများစုက ယောက်ျား ကြီးငယ်တွေ ဖြစ်ကြပါတယ်။

ကျနော်တို့လည်း ရှေ့ဆက်သွားရင် ဒီလူစုကြီးကို ရှောင်ဖို့ အခက်အခဲ ရှိတာမို့ ကားကို တံတား အနီးမှာပဲ ညာဘက်ကို ကွေ့ချ လိုက်ပါတယ်။

နောက်ပိုင်းမှာ ကျနော်တို့ ကြားရတာက လူ ၂၀၀၀ လောက် လမ်းကို ပိတ်ထားခဲ့တယ် ဆိုတာပါပဲ။ သူတို့ အားလုံးဟာ ပါကစ္စတန် တောင်ပိုင်းက သူတို့အိမ်တွေ ရေမြုပ်ကုန်လို့ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသူ တွေပါ။ သူတို့အတွက် ကယ်ဆယ်ရေး အကူအညီတွေ နှေးနေလို့ ဒေါသ ထွက်နေကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်တယ်လို့တော့ မကြားရပါဘူး၊ ဒါပေမယ့် အော်ဟစ် ကြိမ်းမောင်း နေကြတာမို့ အဲ့ဒီလမ်းပေါ်မှာ ညနေစောင်း အထိ ယာဉ်အသွားအလာ မရှိဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ သီတင်းပါတ် ၇ ပါတ်လောက်က ပါကစ္စတန် နိုင်ငံမြောက်ပိုင်းမှာ ရေကြီးတဲ့အချိန်ကစလို့ ဒီလိုလမ်းပိတ်တဲ့ အဖြစ်အပျက် မျိုးတွေ နိုင်ငံတဝန်းမှာ ထပ်ခါတလဲလဲ ဖြစ်ခဲ့ပါတယ်။ မီဒီယာသတင်းတွေနဲ့ ရေဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ ထဲ မှာတော့ အစိုးရနဲ့ နိုင်ငံရေးသမားတွေအပေါ် ဒေါသဖြစ်မှုတွေနဲ့သာ လွှမ်းနေခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပါကစ္စတန် တပ်မတော်ကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ ခုနက ရောက်ခဲ့တဲ့ တံတားရဲ့ ဟိုဘက်မှာ ပါကစ္စတန်လေတပ်က ဒုက္ခသည်တွေအတွက် သပ်သပ်ရပ်ရပ်နဲ့ စီစဉ်ပေးထားတဲ့ ယာယီ စခန်းတွေရှိပါတယ်။ တပ်မှာက အရပ်သားအစိုးရမှာ မရှိတဲ့ လူ၊ ပစ္စည်း အင်အား နဲ့ စွမ်းဆောင်ရည်တွေ ရှိတယ် မဟုတ် လား။ အဲဒီတော့ ဒီလို ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာပေါ့။

၁၉၄၇ လွတ်လပ်ရေးရကတည်း ကစလို့ အခုအချိန်ထိ နိုင်ငံကို အချိန်တဝက်ကျော်ကျော် အုပ်ချုပ်လာတဲ့ ပါကစ္စတန် တပ်မတော် မှာ ဘယ်လောက် အားရှိတယ်ဆိုတာကို ပြလိုက်သလိုပါပဲ။

နိုင်ငံအနှံ့ ရေမကြီးခင်မှာ ပူး သုတေသနဌာန (Pew Research Center) ကနေ စစ်တမ်းတခု ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစစ်တမ်းအရ ပါကစ္စတန် နိုင်ငံသား ၈၄ ရာနှုန်းက နိုင်ငံထဲမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြတယ်လို့ သိရပါတယ်။ ငွေကြေးဖောင်းပွမှု၊ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုနဲ့ အမေရိကန်ရဲ့ လူမပါတဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေဟာ သူတို့ မကျေမနပ် ဖြစ်ရတဲ့ ကိစ္စတွေလို့ဆိုပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့လူတွေရဲ့ လေးပုံသုံးပုံက သမ္မတ အာဇစ် အာလီ ဇာဒါရီ (Asif Ali Zardari) ရဲ့ဆောင်ရွက်ချက်တွေကို လည်း သဘောမကျဘူးလို့ ဆိုပါတယ်။ ပါကစ္စတန် ပြည်သူ့ပါတီ (Pakistan Peoples Party) ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ ကယ်ဆယ်ရေး အကူအညီတွေပေးတာနဲ့ပတ်သက်လို့ တော်တော်လေး ဝေဖန်ခံနေရပေမယ့် လောလောဆယ် အာဏာအသိမ်းခံရ နိုင်တဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။ စစ်တပ်အနေနဲ့လည်း ရေဘေးဒုက္ခသည် သန်း၂၀ ရဲ့ အခက်အခဲတွေ အတွက် အပြစ်ပုံချခံရတာမျိုး အဖြစ်ခံချင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံဟာ ပါကစ္စတန် နိုင်ငံ လွတ်လပ်ရေးရပြီး ၆ လ မပြည့်ခင်မှာ လွတ်လပ်ရေးရခဲ့တာဖြစ်ပြီး ၁၉၆၂ ခုနှစ်ကစလို့ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတော်အာဏာကို ဒါလောက် အကြာကြီးယူထားပြီး လူအင်အားနဲ့ အခြားအရင်း အမြစ်တွေ ရှိပါလျှက်နဲ့ ၂၀၀၈ နာဂစ်မုန်တိုင်း အတိုက်ခံရချိန်မှာ တပ်မတော်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို အသေအချာ မဆောင်ရွက်ခဲ့ပါဘူး။ မုန်တိုင်းဒဏ်ကြောင့် လူသိန်းချီသေဆုံးပြီး သန်းချီပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံမှာ တော့ ဒီလိုမဟုတ်ပါဘူး။ အခုဆိုရင် စစ်သား ၆ သောင်းကျော်ဟာ ယာယီကယ်ဆယ်ရေး လုပ်သားတွေအဖြစ် ဆောင်ရွက်နေကြပါ တယ်။ တပ်မတော် ရဟတ်ယာဉ်တွေကိုသုံးပြီး သန်းနဲ့ချီတဲ့ ဒုက္ခရောက်နေသူတွေဆီကို ယာယီနေရာထိုင်ခင်း၊ ရေနဲ့ စားစရာတွေ ပို့ ဆောင်ပေးနေကြပါတယ်။

နိုင်ငံတကာမှာရှိတဲ့ ပါကစ္စတန်သံရုံးတွေကိုလည်း ကယ်ဆယ်ရေးလုပ်သားတွေကို ပြည်ဝင်ခွင့်ဗီဇာ ချက်ချင်းထုတ်ပေးဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ ၂၀၀၈ မေလက ဘန်ကောက် မြန်မာသံရုံးမှာ နိုင်ငံတကာကယ်ဆယ်ရေးလုပ်သားတွေ ပြည်ဝင်ခွင့်ရဖို့ ရက် သတ္တပါတ် ပေါင်းများစွာ စောင့်ခဲ့ရတဲ့အခြေအနေနဲ့တော့ တခြားစီပါပဲ။

တကယ်တော့ ပါကစ္စတန်နိုင်ငံမှာ ကယ်ဆယ်ရေးအကူအညီပေးရတာဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာထက် အတော်လေး ပိုပြီး အန္တရာယ်ကြီးလှပါတယ်။ ဒုက္ခသည်တွေက ဆူပူဆန္ဒပြကြတာမို့ သူတို့ဆီပေးမယ့် အကူအညီတွေကို နှစ်ကြိမ်ရပ်ထားခဲ့ရ တယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ ဥရောပမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ ပြောနေတဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ကလည်း နိုင်ငံတကာက ကယ်ဆယ်ရေးဝန်ထမ်းတွေကို ခြိမ်းခြောက်မှုတွေ လုပ်ပါသေး တယ်။ ဒါကြောင့် အကူအညီပေးရေးအဖွဲ့တွေက သူတို့ရဲ့အလုပ်တွေကို စနစ်တကျ ပြင်ဆင်ကြရပါတယ်။ အကျိုးဆက်အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လိုအပ်သလောက် အချိန်ယူမဆောင်ရွက်နိုင်တာတွေ တချို့ဒေသတွေဆီ ကယ်ဆယ်ရေး အကူ အညီ မရောက်တာတွေနဲ့ ကြုံရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပါတ်ခန့်အတွင်း နိုင်ငံအနှံ့ နေရာအမျိုးမျိုးမှာ ဂိုဏ်းဂဏ စွဲတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရပါတယ်။ ရေကြီးပြီး ကစဉ့်ကလျားဖြစ်နေတဲ့ အခြေအနေပေါ်မှာ ပါကစ္စတန်တာလီဘန်အဖွဲ့က အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့တောင် ပြောလို့ရပါတယ်။

ခိုင်ဘာပက်ထွန်းခွာ (Khyber Pakhtunkhwa) ပြည်နယ် လက်ကိမာဝန့် (Lakki Marwant) မြို့လေးမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု မှာ ဆိုရင် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်နေနေ အစ္စလာမ် ဝါဒီတွေက နိုင်ငံထဲမှာ လူထုထောက်ခံမှု သိပ်မရှိပါဘူး။ နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာဆိုရင် အရင်က တာလီဘန်တွေနဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ အစ္စလာမ်ဘာသာရေးပါတီက ၂ ရာခိုင်နှုန်းပဲ အနိုင်ရရှိခဲ့တာပါ။

ပါကစ္စတန် တပ်မတော်ဟာ ဘက်နှစ်ဘက် ခွကစားနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲပါတယ်။ ဝီကီလိ (Wikileaks) အဖြစ် အပျက် အသေးစိပ် အချက်အလက်တွေအရ ပါကစ္စတန်စစ်တပ်နဲ့ ထောက်လှမ်းရေးတွေထဲမှာ နိုင်ငံတွင်းနဲ့ အာဖဂန်နစ္စတန် နိုင်ငံထဲက စစ်သွေးကြွတွေကို ထောက်ပံ့ကူညီနေသူတွေ ရှိနေတယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ယူဆနေကြပါ တယ်။ ပါကစ္စတန်စစ်တပ်က တာလီဘန်နဲ့ တခြား စစ်သွေးကြွတွေကို အမေရိကန်နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပေမယ့် ဒီ အောင်မြင်မှုတွေက အခုဆိုရင် ရေလွှမ်းမိုးမှုတဲ့အတူ မျောပါသွားတော့မလို ဖြစ်နေပါပြီ။

ဝါဇီရစ္စတန် (Waziristan) မြောက်ပိုင်းလို ဒေသတွေကို အမေရိကန်က လူမပါတဲ့ လေယာဉ်တွေနဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပြီး ရေဘေးဒဏ်သင့်တဲ့ ဒေသတွေမှာတော့ အမေရိကန်အစိုးရက လှူဒါန်းတဲ့ ယာယီနေရာထိုင်ခင်းပစ္စည်းပစ္စယတွေ ပျံ့နှံ့နေ တော့တာပါပဲ။

၂၀၀၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်း (Mumbai) မြို့က ဟိုတယ်ကို စီးနင်းတိုက်ခိုက်မှုအတွက် စွပ်စွဲခံရတဲ့ လက်ရှ်ခါအီတိုင်ဘာ (Lashkar-e-Taiba) လို စစ်သွေးကြွတွေဟာ အခုဆိုရင် အကူအညီပေးတဲ့ အဖွဲ့တွေပုံစံမျိုးနဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။ သူတို့တွေဟာ ပါကစ္စတန်မှာ မတရားအသင်း ကြေညာခံထားရသူတွေဖြစ်ပါတယ်။ အိန္ဒိယ အစိုးရက တော့ အဲ့ဒီအဖွဲ့တွေဟာ ပါကစ္စတန်ထောက်လှမ်းရေးနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတာလို့ ယူဆပါတယ်။

ဒါပေမယ့် ပါကစ္စတန်အစိုးရကတော့ စစ်သွေးကြွတွေနဲ့ ဆက်စပ်ပြီး ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးအလုပ်တွေနဲ့ ပိုပြီး နီးကပ် လာတာကို တွေ့ရပါတယ်။ ဒီလိုနီးကပ်လာတာကလည်း ကယ်ဆယ်ရေးအလုပ်တွေလုပ်ပြီး အဲ့ဒီအဖွဲ့တွေ လူထုထောက်ခံမှု တရှိန် ထိုး ရလာမှာကို ဟန့်တားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေက ကယ်ဆယ်ရေး အဖွဲ့တွေကို သြဇာပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်လာနေပါတယ်။

အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံမြောက်ပိုင်းနဲ့ တိုင်းပြည်နဲ့ စစ်တပ်ထိပ်သီးတွေအတွက် အသက်သွေးကြောဖြစ်တဲ့ ပန်ဂျပ် (Punjab) ပြည်နယ်တွေမှာ ရေအားလျော့ကျသွားပေမယ့် တောင်ပိုင်းအစွန်ဆုံးပြည်နယ်ဖြစ်တဲ့ ဆင်း (Sindh) ပြည်နယ်က တာရိုးနဲ့ တမံတွေ ဆက်လက်ကျိုးပေါက်ဦးမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီကပ်ဘေးကြီးကလွန်မြောက်ဖို့ အဝေးကြီးလိုပါသေးတယ်။

လောလောဆယ်မှာတော့ နိုင်ငံထဲက စိုက်ပျိုးမြေတွေ ပျက်စီးပြီး ကာလဝမ်းရောဂါနဲ့ တခြား ရောဂါတွေ တနိုင်ငံလုံးပြန့်နှံ့နေတဲ့ အပြင် ပါကစ္စတန် ပြည်သူတွေ အစာရေစာပြတ်လတ်မှုနဲ့ ကြုံနေကြရပါတယ်။ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော် ပျက်စီး ဆုံးရှုံးမှုတွေက တိုင်းပြည်ရဲ့ယိုင်နဲ့နေတဲ့ စီးပွားရေး အခြေအနေကို ပိုလို့ ဆိုးရွား စေပါတော့တယ်။ ။

Fighting and Relief Aid Compete in Pakistan by Simon Roughneen ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

No comments:

Post a Comment