Friday, September 24, 2010

ရွှေဝါရောင်တမ်းချင်း

နှင်းပန်းအိမ်

ရင်နဲ့အမျှ ကြေကွဲစရာ ကောင်းလှတဲ့ နေ့စွဲတွေနဲ့ တထိတ်ထိတ် ရုန်းကန်ခဲ့ရတဲ့ ကျမတို့ မြန်မာပြည်မှာ သွေးစွန်းတဲ့ အထိမ်းအမှတ်နေ့တွေက အများကြီးပါပဲ။ ဒီလိုနေ့ရက်တွေထဲက စက်တင်ဘာသံဃာ့ အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ရတာ ခုဆို ၃နှစ် ပြည့်မြောက်ပါပြီ။

၂ဝဝ၇ စက်တင်ဘာ ၅ရက်မှာ ပခုက္ကူ သံဃာတော်တွေက ပြည်သူလူထုအတွက် စစ်အာဏာရှင်ဆီမှာ တရားမျှတမှုကို တောင်းဆိုခဲ့တယ်။ တောင်းဆိုတာတောင် မေတ္တာပို့ပြီး တောင်းဆိုခဲ့တာပါ။ မြန်မ်ာပြည်သူလူထုတွေ စားဝတ်နေရေး သိပ်ခက်ခဲနေတဲ့ကြားက လောင်စာဆီ ဈေးနှုန်းက တရှိန်ထိုး မြှင့်တက်သွားလို့ ၈၈မျိုးဆက် ကျောင်းသားလူငယ်တွေနဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေပါ လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

ဒီလမ်းလျှောက်ဆန္ဒပြပွဲ အနှိမ်နင်းခံရပြီး မကြာခင်မှာ ပခုက္ကူ သံဃာတော်တွေက ပြည်သူလူထုကိုယ်စား မေတ္တာပို့ ဆုတောင်းခဲ့ကြတယ်။ စစ်အာဏာရှင် ပြန်ပေးလိုက်တာကတော့ ရက်စက်မှုတွေပါပဲ။ မေတ္တာပို့တဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက် ဒီအကြောင်းအရာတွေက မြင်ရသူ၊ ကြားရသူ အပေါင်းကို ရင်နင့်စေပါတယ်။

သံဃာတော်တွေက စစ်အာဏာရှင်တွေကို ဝန်ချ တောင်းပန်ဖို့ ပြောခဲ့ပေမယ့် စစ်အာဏာရှင်က တရားမဲ့မှုနဲ့ တင်းခံခဲ့တယ်။ တိုင်းပြည် မငြိမ်သက်အောင် ဘယ်သူကလုပ်တယ်၊ ဘယ်ဝါက လုပ်တယ်လို့ စစ်အာဏာရှင်က တရားခံ ရှာတတ်ပါတယ်။ တကယ်တော့ လူထုအုံကြွမှု၊ အရေးအခင်းကို ဖိနှိပ်သူ စစ်အာဏာရှင်က ပြဋ္ဌာန်းတာပါ။ အဖိနှိပ်ခံ ပြည်သူလူထုက ပြဋ္ဌာန်းတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်ရဲ့ အဓမ္မကို ပြည်သူလူထုက ဓမ္မနဲ့ ခုခံရခြင်း ဖြစ်ပါတယ်။

ဒီ့နောက်တော့ ရန်ကုန်မြို့မှာ သံဃာတော်တွေ လမ်းလျှောက် မေတ္တာပို့ ဆုတောင်းကြတယ်။ မိုးရေတွေကြားမှာ တနေကုန် လမ်းလျှောက် မေတ္တာပို့ ဆုတောင်းတဲ့ ရဟန်းသံဃာတွေရဲ့ အသံလှိုင်းကြီးက အတော့်ကို ပြင်းထန်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လုံခြုံရေးစစ်တပ် အတားအဆီးတွေ ကြားကနေ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံရှေ့မှာ စောင့်ကြိုပြီး မေတ္တာပို့ လမ်းလျှောက်လာတဲ့ သံဃာတော်တွေကို လက်အုပ်ချီ ကြည်ညိုခဲ့ပါတယ်။

လမ်းလျှောက် မေတ္တာပို့တဲ့ ရဟန်းသံဃာတော်တွေကို ဆေးဝါး၊ ရေသန့်၊ အချိုရေ၊ မျက်နှာသုတ်ပုဝါ ကပ်နိုင်ဖို့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ၊ ကိုကျော်သူ၊ မရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်နဲ့ အလှုရှင်တွေ စုပေါင်း ကြိုးစားခဲ့ကြတယ်။ ရွှေတိဂုံ ခြေတော်ရင်းက ကြေးသွန်းဘုရားမှာ သံဃာတော်တွေကို ဆွမ်းကပ်တဲ့အခါ ရုပ်ရှင်၊ စာပေ၊ ဂီတအနုပညာရှင်တွေ အင်နဲ့အားနဲ့ ပါဝင်ခဲ့တယ်။ အားပေးထောက်ခံတဲ့ ပြည်သူလူထုတွေ ရဟန်းသံဃာတွေနဲ့ လက်တွဲခဲ့တယ်။ ရန်ကုန်တမြို့လုံး အဝါရောင် သင်္ကန်းတွေက လှိုင်းတွေလို တလိပ်လိပ်နဲ့ စစ်အာဏာရှင် တံတိုင်းကို ရိုက်ပုတ်ခဲ့တာ။

“ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ” ဆိုတဲ့ ရဟန်းသံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းသံက မြန်မာပြည် ပြည်သူလူထုကို ငြိမ်းချမ်းစေသလောက် စစ်အာဏာရှင်ကို ပူလောင်စေခဲ့ပါတယ်။ မနက်ဆွမ်းခံကြွချိန်ဆို ဆွမ်းလောင်းတဲ့ ဒကာဒကာမတွေက သံဃာတွေကို ဆွမ်း၊ ဆွမ်းဟင်း ခါတိုင်းရက်ထက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြီး ပြည့်စုံအောင် လောင်းလှူကြတယ်။ လမ်းလျှောက် မေတ္တာပို့နိုင်ဖို့ လမ်းစရိတ်အတွက် တတ်နိုင်သလောက် ကူပံ့ကြတယ်။ ဆရာနဲ့ ဒကာ လက်တွဲညီခဲ့ကြတယ်။ ဆွမ်းဘုဉ်းပေးပြီးချိန်ဆို ရန်ကုန်မြို့ အနှံ့က ရဟန်းသံဃာတွေ လိုင်းကားတွေမှာ ပြည့်သိပ်လို့။ ဆူးလေစေတီ၊ ရွှေတိဂုံစေတီ၊ ကမ္ဘာအေးစေတီဆီ ဦးတည် သွားနေကြတယ်။ ဒီမြင်ကွင်းက မြင်ရသူအပေါင်းကို ကြက်သီးဖြန်းဖြန်း ထစေပါတယ်။

တနေ့တခြား များပြားလာတဲ့ ရဟန်းသံဃာနဲ့ ပြည်သူလူထုကို စစ်အာဏာရှင်က လက်နက်နဲ့ ဖြိုခွင်းခဲ့ ပါတယ်။ ရဟန်းသံဃာတွေရဲ့ သင်္ကန်းတွေ သွေးစွန်းခဲ့ရတယ်။ ပြည်သူလူထုတွေရဲ့ သွေး မြေကျခဲ့ရတယ်။ ရဟန်းသံဃာနဲ့ ပြည်သူလူထုက တနိုင်ငံလုံး သိအောင်၊ တကမ္ဘာလုံး သိအောင် ငြိမ်းချမ်းရေး သံလွင်ခက်ကို ဝှေ့ရမ်းပြနေချိန်မှာ စစ်အာဏာရှင်က ရက်စက်မှုတွေကို ချပြလိုက်တာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာပြည် ပြည်သူလူထုတွေ တိုင်းပြည် မငြိမ်သက်မှုကို ခံစားလာရတာ အခုအချိန်အထိ မပြီးဆုံးနိုင်သေးပါဘူး။ သေနတ်သံ၊ ပြေးလွှားသံ၊ ငိုရှိုက်သံ၊ ညည်းညူသံ၊ သွေးကွက်၊ ကျည်ဆံခွံ၊ ပိုင်ရှင်မဲ့ဖိနပ်တွေက အရေးတော်ပုံတွေရဲ့ မြင်ကွင်း၊ အသံတွေ ဖြစ်ပါတယ်။

မေတ္တာပို့ ဆုတောင်းသံတွေကို သေနတ်သံတွေနဲ့ ကြေပြုန်းအောင် စစ်အာဏာရှင်က ပြုလုပ်ခဲ့ပါတယ်။ သာသနာ့ နယ်မြေကို ရှေ့တန်း စစ်မြေပြင်လို စစ်အာဏာရှင်က သဘောထားခဲ့တယ်။ ဘုရား ဆင်းတုတော်တွေကို ရိုက်ချိုး ဖျက်ဆီး၊ ပြည်သူလူထု လှုထားတဲ့ လှုဖွယ်ပစ္စည်းတွေကို မတရား သိမ်းပိုက်၊ ရဟန်းသံဃာတွေကို ရိုက်နှက် နှိပ်စက်တဲ့ စစ်အာဏာရှင်ကို ပြည်သူလူထုက အသက်ပေးပြီး ကာကွယ်ခဲ့တာ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်း အဖြစ်အပျက်က သက်သေခံခဲ့ပါတယ်။

တောင်ဥက္ကလာ ကျောင်းတွေဆင်းတဲ့ ညနေခင်းမှာ လွယ်အိတ် စလွယ်သိုင်းပြီး သာသနာ့အလံကို လွှင့်ထူ မေတ္တာပို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသား ကျောင်းသူလေးတွေကို စစ်အာဏာရှင်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ သေနတ် ဒဏ်ရာတွေက နားထင်၊ ရင်အုံတည့်တည့် သေလောက်တဲ့ နေရာကို စနစ်တကျ ရွေးပစ်ခဲ့တာပါ။
သေဆုံးသွားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူလေးတွေရဲ့ အလောင်းကို သယ်ပိုးပြီး ဘယ်သူ့ သားသမီးလဲလို့ မေးကြမြန်းကြ၊ ပြေးကြလွှားကြတဲ့ အသံတွေ ကမ္ဘာပျက်မတတ်ပါ။ လမ်းဘေးမြောင်း ဘောင်ပေါ်မှာ အင်္ဂျီာအနီ ဝတ်ထားတဲ့ လူငယ်လေးရဲ့ အလောင်းကို ရပ်ကွက်ထဲအထိ မသယ်ပိုးနိုင်လို့ ပျက်စီးနေတဲ့ တံခါးဘောင်ပေါ်မှာ တင်ထားခဲ့ရတယ်။ လူငယ်လေးရဲ့ အိမ်အပြန်ကို မျှော်နေမယ့် မိဘဆွေမျိုးတွေရဲ့ သောကအပူကို ထပ်တူထပ်မျှ ခံစားခဲ့ရပါတယ်။

ညအချိန်မှာ စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ဝင်စီးခဲ့ပါတယ်။ စစ်တပ်က ရက်စက်စွာ နှိပ်စက်လို့ ဒကာဒကာမတွေကို အကူအညီတောင်းတဲ့ တုံးခေါက်သံကို နားထောင်ပြီး ပြည်သူလူထုတွေ နာကျင်ကြေကွဲခဲ့ရတယ်။

တုံးမောင်းသံက မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုမှာ မင်္ဂလာရှိတဲ့ အသံပါ။ စစ်အာဏာရှင်ကြောင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အကျည်းတန်ခဲ့ရတယ်။ ဘုရားရင်ပြင်၊ ဘုန်းကြီးကျောင်း သာသနာ့နယ်မြေ အားလုံး စစ်တပ်က ကတုတ်ကျင်းလုပ်ထားတယ်။ (အင်္ဂလိပ်ခေတ်က ရွှေတိဂုံအနောက်မုခ်မှာ ခံတပ်နဲ့ သင်္ချိုင်း ဆောက်ထားတာကို ဖယ်ရှားပေးဖို့ ဝိုင်းတောင်းဆိုလို့ ၁၉၃ဝလောက်မှ ဖယ်ပေးပါတယ်-အယ်ဒီတာ) ရဟန်းသံဃာတွေကို နေရပ် ပြန်ခိုင်းခဲ့တယ်။ ဖိအားပေး ပြန်ပို့ခံရတဲ့ ရဟန်းတော်တွေ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်မှာ ပြည့်သိပ်လို့။ စစ်အာဏာရှင်ကြောင့် သာသနာ ညှိုးမှိန်ခဲ့ရပြီ။

ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ စစ်တပ်ကအာဏာသိမ်းပြီး ၁၉၉ဝပြည့် ရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာခဲ့တယ်။ စက်တင်ဘာ သံဃာ့ အရေးအခင်း အပြီးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားခဲ့တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စစ်အာဏာရှင်ကို အကာအကွယ်ပေးတဲ့၊ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ ဥပဒေ ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးမယ့် အမတ်မင်းများက ပြည်သူလူထုအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရတာပါ။ ပြည်သူလူထုကို ကူညီမယ်၊ ပြည်သူလူထု အခက်အခဲတွေကို လွှတ်တော်မှာ ထုတ်ဖော် ပြောဆိုမယ်လို့ ဆိုပါသေးတယ်။ လွှတ်တော်မှာ ပြည်သူကိုယ်စား ဘာတွေပြောမယ် ဆိုတာကို ပြည်သူလူထုက မသိချင်သေးပါဘူး။

ပခုက္ကူသံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့တာ သုံးနှစ်ပြည့်တဲ့ ၂ဝ၁ဝ စက်တင်ဘာ ၅ရက်က ပဲခူးက လူငယ်နှစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်သွားတဲ့ မတရားမှုကိုပဲ စစ်အာဏာရှင် သိအောင် ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုပြီး ပြည်သူလူထုကို အကာအကွယ် ပေးပါလို့ပဲ ပြောပရစေ။ မြန်မာပြည်ရဲ့ လက်ရှိ လူမှုဘဝကို မေ့ပျောက်ထားချင်တဲ့၊ လူထု အရေးတော်ပုံတွေကို ဖုံးကွယ်နေတဲ့ သူတွေကတော့ ပြည်သူလူထုရဲ့ ထွက်ပေါက်က ၂ဝ၁ဝ ရွေးကောက်ပွဲလို့ ဆိုကြပါတယ်။ တကယ်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲက စစ်အာဏာရှင်ရဲ့ ထွက်ပေါက်ပါ။

မြန်မာနိုင်ငံမှာ သွေးစွန်းတဲ့နေ့တွေ ပျက်သုဉ်းစေဖို့ မြန်မာပြည် ပြည်သူလူထုကို ကူညီမယ့် ကူဖော်များ အဓွန့်ရှည်ပါစေ၊ လောင်ဖက်များ ကျဆုံးပါစေလို့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီး သုံးနှစ်မြောက်မှာ သစ္စာဆိုပါရစေ။

No comments:

Post a Comment