Monday, September 27, 2010

မြေမှာပွင့်သော မေတ္တာပန်းလေးများ

နှင်းပန်းအိမ်

ထိုင်းမြန်မာနယ်စပ် စိမ်းမြမြတောတောင်တွေ တလျှောက် နေခြည်နုကဖြာကျနေတယ်။ တောရိပ်တောင်ရိပ် မိုးငွေ့ရောနေတဲ့ နံနက်ခင်းက စိမ့်စိမ့်လေး အေးနေတယ်။ တောတောင်တွေပေါ်မှာ တောင်ကျရေစီးကြောင်း ဖြူဖြူတန်းကြီးကို အစိမ်းရောင်တွေကြားမှာ တွေ့ရတယ်။

ဒီလို တောတောင်စိမ်းစိမ်း ဖြစ်အောင် ထိုင်းပြည်သူတွေက ဘုရင့်သစ်တော၊ ဘုရင်မသစ်တော ဆိုပြီး ထိန်းသိမ်းထားကြတယ်။ ကျမတို့ ဒုက္ခသည်တွေလဲ တောတောင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးရတယ်။
တောတောင်ထဲမှာ ရာသီအလိုက် သဘာဝတရားကြီးကပေးတဲ့ လက်ဆောင်ကိုဘဲ ဒုက္ခသည်တွေက ယူပါတယ်။ ဒီထက်ပိုပြီး မယူပါဘူး။ ယူခွင့်လဲ မရှိပါဘူး။`ပါမိုက်`လို့ခေါ်တဲ့ ထိုင်းသစ်တော တာဝန်ရှိသူက ဓားမကိုင်ထားသူကို ဝါးစိမ်း၊ သစ်စိမ်းနဲ့ တွဲမြင်ရင် ဖမ်းတတ်တယ်။ကျမတို့ ဒုက္ခသည်တွေကလဲ ထိုင်းဘုရင်၊ ဘုရင်မမွေးနေ့တွေမှာ သစ်ပင်စိုက် ပေးရတယ်။

ဒုက္ခသည်စခန်းထဲမှာ ထိုင်းဘုရင်မွေးနေ့၊ ဘုရင်မမွေးနေ့ဆို ဆုတောင်းပွဲတွေ လုပ်ကြတယ်။ သစ်ပင်အရိပ် ခိုရင်တောင် သစ်ပင်ရဲ့ ကျေးဇူးကို နားလည် သိတတ်ရတယ်ဆိုတဲ့ ကျမတို့ မြန်မာလူမျိုးများက ကျေးဇူးတရား တန်ဖိုးကို ပိုပြီး သိနားလည်ကြတယ်။

ဖိအားပေးလို့ လုပ်ရတာ၊ ဟန်ဆောင်လုပ်ရတာမျိုး မဟုတ်ဘဲ တကယ့်ကို စိတ်ရောကိုယ်ပါ ဆုတောင်း မေတ္တာပို့ပေးကြတယ်။ ဒုက္ခသည်တွေရဲ့ ဆုတောင်း မေတ္တာပို့သံ၊ ထွန်းညှိပေးတဲ့ ဖယောင်းတိုင် မီးအလင်းက ထိုင်းပြည်သူတွေနဲ့အတူ ထိုင်းဘုရင်မင်းမြတ်နဲ့ ဘုရင်မကြီးကို သက်ရောက်စေခဲ့တယ်။
မေတ္တာရောင်ပြန် ဟပ်တယ်ဆိုတဲ့ စကား လက်တွေ့ သိနားလည်ခဲ့ရပါပြီ။ ထိုင်းဘုရင်မင်း မြတ်က ၂ဝ၁ဝ စက်တင်ဘာ ၁ ရက်ကစပြီး ဒုက္ခသည်တွေကမွေးတဲ့ ရင်သွေးလေးတွေကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးမယ်။ မိဘတွေက ကလေးကို မှီခိုပြီး ထိုင်းနိုင်ငံမှာ နေခွင့်ရှိတယ်။ နိုင်ငံခြား သွားချင်လဲရတယ်။ ဒုက္ခသည်စခန်းမှာ မွေးလာတဲ့ ကလေးတွေက နိုင်ငံမဲ့တွေ ဖြစ်နေလို့ ထိုင်းဘုရင်မင်းမြတ်က ဒီစီမံကိန်းကို ချပေးတာလို့ ပြောပါတယ်။

ဒီရှင်းလင်းပွဲကို ဒုက္ခသည် စခန်းထဲအထိ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက တရားဝင် လာပြောပါတယ်။ “စက်တင်ဘာ ၁ ရက်နေ့ နေ့လယ်၁နာရီ မွေးတဲ့ကလေးတွေကစပြီး ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးမယ်။ ထိုင်းနိုင်ငံထဲမှာဘဲ မွေးတဲ့ကလေး ဖြစ်ရမယ်။ ဒုက္ခသည် စခန်းမှာဘဲ မွေးမွေး၊ အုန်းဖျန်၊ မဲဆောက်ဆေးရုံမှာဘဲ မွေးမွေး သက်သေရှိရမယ်။ သက်သေက မိဘနှစ်ပါး၊ အိမ်နီးနားချင်း ၁ယောက်၊ ရပ်ကွက်မှူး၊ ဆေးရုံ၊ ဆေးခန်းက သက်သေ၁ယောက်။ သူတို့အားလုံးက ဘယ်နေ့ ဘယ်ရက်မှာ မွေးတယ်ဆိုတာကို သက်သေ ထွက်ဆိုပေးရမယ်။ ထိုင်းနိုင်ငံသား အခွင့်အရေး အလားတူရနိုင်မယ်” လို့သုံးနှုန်းသွားပါတယ်။

ဒုက္ခသည် စခန်းထဲမှာ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်မိခင်က ဆေးခန်းကိုသွားပြရပါတယ်။ ကိုယ်ဝန် ၂လ ရှိပြီဆိုတာနဲ့ ကလေးအတွက် ရိက္ခာပေးပါတယ်။ ပဲတကီလို၊ငါး သေတ္တာ ၈ဗူး၊ ဆီလစ်ဝက်ကို ၁လ တကြိမ် ပေးပါတယ်။ ကိုယ်ဝန်ဆောင် အားဆေးကို သွေးပေါင်ချိန်ပေါ် မူတည်ပြီး ပေးတတ်တယ်။
ဒါကြောင့် ထင်တယ်။ ဒုက္ခသည် စခန်းမှာ မွေးတဲ့ ကလေးတွေက ဖွံ့ဖွံ့ထွားထွားနဲ့ ဉာဏ်ရည်ပြည့်မီကြတယ်။ ရွှင်ရွှင်မြူးမြူး လန်းလန်းဆန်းဆန်း ရှိကြတယ်။ ရင်သွေးလေးနဲ့ အကျည်းတန် ဘဝကို တနည်းတဖန် အလှဆင်ကြတယ်။ ဝါးတွေနဲ့ ဆောက်ထားတဲ့ ဆေးခန်းမှာ ကုလသမဂ္ဂက တာဝန်ယူထားတာမို့ မွေးဖွားစရိတ် ငွေမလိုဘူး။ ရင်သွေးထက် မိခင်က အရင်ပုခက်စီးရတာ ဒုက္ခသည်ဘဝပါ။

ဒုက္ခသည်နေတဲ့ နေရာနဲ့ ဆေးခန်းက အတော်လေး ဝေးပါတယ်။ ကိုယ်ဝန်ဆောင် မိခင် အာဝေဏိက ဒုက္ခကို ခံစားရပြီဆိုရင် လမ်းမလျှောက် နိုင်တော့ပါဘူး။ ဆေးခန်းဆီသွားဖို့ ဘာယာဉ်မှ မရှိတော့ ဝါးလုံးတောင့်တောင့်ကို စောင်နဲ့ တွဲချည်လိုက်ပါတယ်။ ပုခက်ကို မြေပေါ်ချပေးလိုက်ရင် ကိုယ်ဝန်ဆောင်သည်က လှဲအိပ်လိုက်ရုံပါ။ ပုခက်ကို တဲအိမ်နီးချင်း အားကောင်းမောင်းသန် ယောက်ျားတွေက ထမ်းသွားပါလိမ့်မယ်။ မွေးပြီးပြန်လာတော့လဲ ပုခက်နဲ့ ပြန်လာရတယ်။
သိက္ခာနဲ့ ရိက္ခာလဲရတဲ့၊ အင်တာဗျူး အမိန့်ကြော်ငြာစာ အမျိုးမျိုး ဆန်းကြယ်ထွေပြားလှတဲ့ ဒုက္ခသည် စခန်းလေးက ရင်သွေးလေးကို နှုတ်ဆက် ကြိုဆိုလိုက်တယ်။ မိခင်၊ ဖခင်ကလဲ ရင်သွေးလေးကို ဒုက္ခသည်အတွက် ပေးတဲ့စောင်၊ အနှီးလေးနဲ့ ထွေးပွေ့ပြီး လောကကြီးနဲ့ မိတ်ဆက်ပေးတယ်။

“ဘာမှမကြောက်နဲ့နော်။ ဒုက္ခသည်စခန်းထဲမှာ အဖေနဲ့အမေရှိတယ်။ တောတောင်နဲ့မြေ ကြီးရှိတယ်။ ဒုက္ခတွေ ရှိတယ်။ အဖေတို့ ခေါင်းပေါ်မှာ မိုးကောင်းကင်ကြီး ရှိတယ်။ တိမ်တွေရှိတယ်။ အဖေတို့ ခြေဖဝါးအောက်မှာ မြေကြီးတွေ ရှိတယ်။ အဖေနဲ့အမေကပေးမယ့် ချစ်ခြင်းမေတ္တာတွေရှိတယ်”


မိဘတွေက ကိုယ့်သားသမီးကို ဒုက္ခသည် အမည်နဲ့ အနှိမ်မခံစေချင်ကြပါဘူး။ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် ပြုခံရခြင်းကြောင့် ဝမ်းနည်းဝမ်းသာ ဖြစ်ရတယ်ဆိုတဲ့ မိဘတွေရဲ့ ရင်တွင်း ခံစားချက်ကို ကျမပိုလို့ နားလည်နိုင်ခဲ့ပါတယ်။

ဒုက္ခသည် ဘဝမှာ ဇာတိချစ်စိတ်၊ အိမ်လွမ်းစိတ် တပွေ့တပိုက် သယ်ပိုးထားရတဲ့ ရင်သွေးတွေရဲ့ မိဘတွေက ခေတ်စနစ်ကြောင့် မှိန်ဖျော့ခဲ့ရတဲ့ အရာအားလုံးကို ရင်သွေးနဲ့ပြန်ပြီး အရောင်တင်ဖို့ ကြိုးစားနေကြတယ်။
ကျမတို့ မျိုးဆက်လေးတွေ ကြီးပြင်းလာရင် ကမ္ဘာကြီးက အသိဉာဏ် ရှိကောင်းပါရဲ့……။

No comments:

Post a Comment