Tuesday, September 28, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးတဲ့နောက်

ရဲဘော်ဖိုးသံချောင်း

နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည်နိုင်ငံရေးသဘောနဲ့ပြောရရင် ဒါဟာအင်မတန်အရေးပါတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်းနှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ်အကောင်အထည်ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စမဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကစပြီး လူထုရဲ့ ထောက်ခံမှု အများဆုံးရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို အာဏာနဲ့ဖျက်သိမ်းလိုက်တဲ့ အမိန့်ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ်ခဲ့ပါဘူး။

အကြောင်းနှစ်ခုကြောင့်လို့ ထင်ပါတယ်။ တခုက နအဖဟာ အနှေးနဲ့အမြန်ဆိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းလိမ့်မယ်ဆိုတာ အားလုံးက တွက်ထားပြီးသားဖြစ်လို့ပါ။ နောက်တခုကတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလဲထိုးနိုင်မှာ မဟုတ်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ ဒီအထဲက နည်းနာရှာပြီး ပြန်ရုန်းထလာမှာပဲလို့ လူထုတွေက မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။

နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန်ဝါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ဝန်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ်ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်းနိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲဖျက်သိမ်းမှာပါ။

ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့အတိုင်း ရှင်းသထက်ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်ကိုင်ပြလိုက်တာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့မရကြောင်း အားလုံးကိုထပ်ပြီး သတိပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီထဲမှာ စပေ့စ်လုံးဝမရှိကြောင်း ပြသလိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီအနေနဲ့ရော လူတဦးချင်းအနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူးမယဉ်ကြဖို့ သတိပေးလိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရားဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာမစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကိုသွားပြီး မျက်နှာချိုသွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာမောင်းခတ်နေကြပါတယ်။ ပညာတတ်ဖောက်ပြန်တော့ သူများထက်ကဲတယ်ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကိုဆန့်ကျင်နေမယ့်အစား ကျနော်တို့နဲ့ လာဆွေးနွေးလှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြောနေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်တန်စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှမဆွေးနွေးဘဲ အကြမ်းကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း-လိုက်သတ်လို့ ရှောင်ထွက်လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။

အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ အခုဘာဖြစ်သွားပြီလဲ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ရော၊ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီဆွေးနွေးပွဲတွေကို နအဖက ဘာလို့လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေးအတွက်လား၊ အမျိုးသားသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရေးအတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာမပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာဖြစ်ကြောင်း လူတိုင်းသိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည်နိုင်ငံရေးဟာ အဲဒီအဆင့်ကိုကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ်ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေးတင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက်လာပါသလား။ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။

ဒီကာလထဲမှာပဲ တိုက်ဆိုင်လို့ပဲလား၊ တမင်ပဲလားမသိ၊ ပဲခူးမြို့ထဲမှာ အရပ်သားလူငယ် (၂) ယောက်ကို စစ်သားတွေက တမင်တကာ သေနတ်နဲ့ပစ်သတ်ပြီး တွေ့သမျှလူကို စိမ်ခေါ်တဲ့ကိစ္စတရပ်လည်း ဖြစ်ခဲ့ပါတယ်။ မိုးမှောင်တဲ့ညမှာ ငှက်ဆိုးထိုးသံ ကြားလိုက်ရသလိုပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နအဖက သူ့လူတွေနဲ့ သူတို့ရဲ့ခါးပိုက်ဆောင်တပ်ကို ပြောင်ကာကွယ် ပြောဆိုသွားသလို နအဖရဲ့ ဒီမိုကရေစီအောက်က မီဒီယာများကလည်း ပြောင်ပဲနှုတ်ပိတ်၊ လက်ဆွံ့ နေပြခဲ့ကြပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပေါ်ထွက်လာမယ့်အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရဆိုလို့ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရတာပဲဖြစ်မှာပါ။ အခု နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ အဲဒီရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှတပါး အခြားအားကိုးစရာမရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည်မရှိတဲ့ အကောင်းမြင်စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့အကျပ်အတည်းကို ရင်ဆိုင်ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူးလိုအပ်လာပါပြီ။

မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။

No comments:

Post a Comment