Thursday, September 23, 2010

ရွှေဝါရောင်အလွန်မှာ (အပိုင်း - ၃)

မေရနံ့

ကျမတို့တွေကို အနားပေးတော့ မနက် (၄)နာရီခွဲပြီးလို့ (၅)နာရီတောင်ထိုးခါနီးနေပြီ။ မျက်လုံးတွေကို ကျင်နေတာပဲ။ တညလုံးတရေးမှ မအိပ်ရသေးလို့ ပင်ပန်းရတဲ့အထဲ သူတို့စစ်တဲ့ဟာတွေကို ဖြေရတာ၊ ဦးဇင်းတို့အတွက် စိတ်ပူရတာတွေနဲ့ ကျမတို့ ကိုယ်ရောစိတ်ပါဆင်းရဲခဲ့ရပါတယ်။ ဒါပေမယ့် တော်သေးတယ်၊ ကြားဘူးထားတဲ့ စစ်ကြောရေးတွေလောက် မကြမ်းလို့ပေါ့။

ရှေ့ဆက် ဘာဆက်ဖြစ်အုံးမယ်ဆိုတာ မသိနိုင်သေးတော့ ဘယ်လောက်ပဲ ပင်ပန်းနေနေ တစက်လေးမှ အနားမယူနိုင်ပဲ ဖြစ်နေခဲ့ရတယ်။

ကျမတို့ကို အချုပ်ထဲတော့ မထည့်ပါဘူး။ အချုပ်ခန်းတွေနဲ့ သိပ်မဝေးတဲ့နေရာတွေမှာပဲ အိပ်ရာလေးတွေ ပြင်ပေးပြီး အိပ်ဖို့ပြောတယ်။ ကျမတို့ အိပ်ရာကနေ အချုပ်ခန်းထဲကို လှမ်းမြင်နေရပေမယ့် အချုပ်သား တယောက်မှ မရှိတာတွေ့ရတယ်။ ဧကန္တသူတို့ အချုပ်သားတွေကို နေရာပြောင်းထားတာပဲဖြစ်မယ်။ ကျမတို့ ကိစ္စတွေကို လူသိ မခံချင်တာလည်း ပါမှာပေါ့လေ။

အိပ်ရာ ဆိုပေမယ့်လည်း ဟိုဘက်၊ ဒီဘက်ကောင်းကောင်း လှည့်မရတဲ့ ခုံလေးတွေပါ။ စာရေးစားပွဲ ၂လုံးလောက်ကို ဆက်ထားတာမျိုးပါပဲ။ ကျမမောင်လေးတွေကတော့ အစောင့်ရဲသားတွေနားက ခုံတန်းလျားလေးပေါ်မှာ ကျပ်ကျပ်တည်းတည်းအိပ်ရပါတယ်။

ကျမတို့ ဘေးပတ်ပတ်လည်မှာ အစောင့်တွေရှိတယ်လေ။ ကျမတို့အိမ်သာသွားရင်လည်း နောက်ကနေ ပါတာပဲ။ မိန်းမချင်းမို့ တော်သေးတယ်…။ ‘‘လိုက်ဖို့ မလိုဘူးရှင့်.. ကျမတယောက်တည်း သွားရဲပါတယ်’’လို့ပြောလိုက်တော့ ‘‘ဒီအချိန်မှာ ကျမတို့က အမြဲတမ်း စောင့်ကြည့်ပေးနေရမှာဖြစ်လို့ အိမ်သာ ဆိုပေမယ့်လည်း တယောက်တည်း သွားခွင့် မရှိပါဘူး၊ တာဝန်အရပါ’’တဲ့။

ဒီလိုပဲ အမေမျက်နှာသစ်သွားတော့လည်း တယောက်က လိုက်သွားတာပဲ ဆိုတော့ ကျမအမြင်ကတ်လာတယ်။ နေရထိုင်ရတာလည်း မလွတ်မလပ်နဲ့ ကျဉ်းကျပ်တာပေါ့နော်။ ဒါနဲ့ ကျမတို့တွေ အိပ်ရာထဲပေပြီး လှဲနေလိုက်တယ်။ လူကအိပ်ချင်နေပေမယ့်လည်း စိတ်ထဲက အပူက အိပ်ခွင့်မပေးတော့ မှေးကနဲပျော်မယ်ကြံလိုက် ဆတ်ခနဲ လန့်နိုးလိုက်နဲ့ ဘယ်လိုမှ ကြာကြာအိပ်မရဘူး ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်လည်း သတိနဲ့ ပြန်ပြန်အားပေးနေမိတယ်။ ‘‘ဦးဇင်းတို့တောင် တောထဲတောင်ထဲမှာ ရှောင်တိမ်းပြီး ပင်ပင်ပန်းပန်း လှုပ်ရှားနေသေးတာ၊ ဘုန်းကြီးတွေ အပင်ပန်းခံပြီး နေပူကျဲကျဲ မိုးရွာထဲမှာ မေတ္တာပို့ စီတန်းလှည့်လည်နိုင်သေးတာ၊ သူတို့လုပ်ငန်းစဉ်ကြီး အဆက်ပြတ် မသွားရအောင် ငါက ဒီလောက်တော့ ပါဝင်ပေးဆပ်နိုင်ရမပေါ့၊ တကယ်တမ်းပြောရရင် ငါတို့ကို စစ်တယ်ဆိုတာ ကြားဖူး၊ ဖတ်ဖူးထားတဲ့ စစ်ကြောရေးတွေထက်စာရင် ကလေးကစားစရာ အဆင့်လောက်ပါ။ ဒီလောက်တော့ ခံနိုင်ရည်ရှိရမပေါ့’’ဆိုတဲ့ အတွေးတွေနဲ့ အတတ်နိုင်ဆုံး စိတ်ကို အားဖြည့်နေမိတယ်။

မနက်လင်းခါနီး လဘက်ရည်ဆိုင်တွေ ဖွင့်ချိန်ကျတော့ အမေက မနက်စာစားဖို့ အစောင့်ရဲသားလေး တယောက်ကို ပိုက်ဆံပေးပြီး လဘက်ရည်နဲ့အီကြာကွေး ဝယ်ခိုင်းလိုက်ရတယ်။ ရေသန့်ဗူးလေးတွေပါ ရအောင်ရှာဝယ်ခဲ့ဖို့ မှာလိုက်ရသေးတယ်။ တော်သေးတာပေါ့။ သူတို့ ဖမ်းမယ်လုပ်တုန်းက သေသေချာချာ ပြင်ပြင်ဆင်ဆင် လုပ်ခဲ့လို့။ ကြောက်နေပြီး ဘာမှ မပြင်ဆင်မိလို့ ပိုက်ဆံသာ ပါမလာခဲ့ဘူးဆိုရင် ကျမတို့မှာ ရေတောင် သောက်စရာရှိမှာ မဟုတ်ဘူး။ ညကလည်း တညလုံး သူတို့မေးတဲ့မေးခွန်းတွေသာ ဖြေပေးနေရတာ ရေလေးတခွက်တောင် မတိုက်ကြဘူး။ ကျမတို့ကလည်း သူတို့ဆီအောက်ကျခံပြီး တောင်းရမယ့် အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူးလေ။ ဒါကြောင့် ရေဆာလို့ အာခေါင်တွေ ခြောက်နေပေမယ့်လည်း သည်းခံပြီးနေလိုက်တယ်။

မနက်၇.နာရီလောက်မှ ကျမတို့ မနက်စာစားဖို့ အဆင်ပြေတော့တယ်။ အမေကတော့ မျက်နှာသစ်ပြီး အဆင်သင့်ဖြစ်ပေမယ့် ကျမတို့ကတော့ နောက်က တကောက်ကောက်လိုက်နေတဲ့ အစောင့်တွေကြောင့် မျက်နှာသစ်ဖို့တောင် စိတ်မပါလို့ မျက်နှာမသစ်မိပဲ စားလိုက်တော့တယ်။ မနက်စာ စားတယ်သာ ပြောရတာပါ တကယ်တမ်းတော့ မစားနိုင်ပါဘူး။ ညကကျမတို့ဖြေလိုက်တဲ့ စကားလုံးတွေထဲမှာ သူတို့အတွက် သဲလွန်စရနိုင် စရာတွေများ ပါသွားလေမလား။ ဒီအချိန်ဆို ဦးဇင်းနဲ့အဖေတို့ ဘယ်လိုနေကြပါ့မလဲဆိုတဲ့ အတွေးတွေနဲ့ ရေကိုပဲ ထပ်ကာထပ်ကာသောက်နေမိတယ်။

တကယ်တော့ ရဲမှုးကြီးလှမျိုးရှိန်က ပညာတတ်၊ သူ့ပုံစံက အမျက်ဒေါသကို ဖုံးကွယ်ထားတတ်ပြီး သွေးအေးအေးနဲ့ ရက်စက်မယ့် ပုံမျိုးလို့ ကျမက ယူဆမိတယ်။ ဒါကြောင့်ပဲ စစ်ကြောရေးကာလမှာ ကျမတို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုး မရှိကြတဲ့အပြင် မလွင်လွင်မြင့်ဆိုတဲ့ အသုံးနဲ့ လေပြေထိုးပြီး မေးတယ်လေ။ ‘‘ငါ့ကိုများ ချော့တိုင်းပျော့ ..ခြောက်တိုင်းကြောက်မယ့် အစားထဲက ထင်နေလားမသိဘူး’’ လို့ တွေးမိပြီး စိတ်ကိုသတိ၊ သတိဆိုပြီး အမြဲတင်းထားရတယ်။ အမေ့ကိုအိမ်မှာ စစ်တုန်းကတော့ ခင်ဗျားနဲ့ကျုပ် ဆိုပြီးခပ်ရိုင်းရိုင်း၊ ခပ်မာမာ ပြောတာ ကျမကြားခဲ့ရတာပဲ။ ဒါကြောင့် အထင်ကိုမကြီးတာ။ နင်...ငါ...ဒီကောင်မ စသဖြင့် မသုံးပေမယ့်လည်း ဒါကလည်း သူတို့ စစ်ကြောရေး နည်းတခုလို့ ကျမထင်တယ်လေ။

ဦးဇင်းက အမေတို့ စိတ်ပူနေမှာစိုးလို့ မေတ္တာပို့ လမ်းလျှောက်နေတဲ့ ကာလတွေမှာ ကျမကတဆင့် ဖုန်းခေါ်ခဲ့ဖူးတယ်။ အမေတို့ အဖေတို့က အသက်ကြီးနေပြီ၊ အဖေကဆို အသက်(၇ဝ)ကျော်၊ အမေကတော့ အသက်(၆ဝ)ဝန်းကျင်မှာလေ။ တနိုင်ငံလုံးမှာလဲ တက်တက်ကြွကြွ ဘုန်းကြီးတွေ မေတ္တာပို့ လမ်းလျှောက်နေကြတာမို့ ဦးဇင်းအတွက်စိတ်ပူပြီး အဖေတို့ ကျန်းမာရေးကို ထိခိုက်နေမှာစိုးလို့ ဦးဇင်းက ဖုန်းဆက် အကြောင်းကြားတာပါ။ သူအန္တရာယ် ကင်းနေပါတယ်ဆိုတဲ့ အကြောင်း၊ နောက်ပိုင်း ဖုန်းအဆက်အသွယ်မရရင် စိတ်မပူဖို့နဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့အကြောင်း အမေနဲ့အဖေအတွက် အတိုချုံးပြီးမှာခဲ့ပါတယ်။

ကျမတို့ မိတ္ထီလာစက်မှုဇုံမှာ လမ်းအရေအတွက်က (၅)လမ်းပဲရှိတယ်။ ကြားလမ်းတွေ အပါအဝင် ဆိုရင်တော့ လမ်း(၁ဝ) ခုရှိတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် အဓိကကတော့ လမ်း(၅)လမ်းပါပဲ။ ကျမတို့ ဖုန်းပြောချင်ရင် စက်မှုဇုံလမ်းတိုင်းက ဖုန်းဆိုင်တွေမှာ တလှည့်စီဆက်ဖြစ်တယ်။ ဦးဇင်းလည်း ရွှေဝါရောင် လမ်းလျှောက်နေတဲ့ ကာလတွေမှာဖုန်းခေါ်ရင် ကျမတို့နဲ့ခင်တဲ့ ဆိုင်ကပဲ ခေါ်တတ်တယ်။အဲဒီဖုန်းဆိုင်လေးက လူလည်းရှင်း၊ ပတ်ဝန်းကျင်လည်း ရှုပ်ရှုပ်ယှက်ယှက် သိပ်မရှိတာကြောင့် တခြားဆိုင်တွေထက် စာရင် ပိုလွတ်လွတ်လပ်လပ် ရှိသလို ဖြစ်နေတော့ အဲဒီဆိုင်လေးကိုပဲ ကျမတို့တွေ သုံးဖြစ်ကြပါတယ်။ ဒါကတော့ အာဏာပိုင်တွေက မေတ္တာပို့လမ်းလျှောက်နေတဲ့ ဘုန်းကြီးတွေကို မသတ်ခင် အချိန်ထိပေါ့လေ။

အာဏာပိုင်တွေ ဦးဇင်းရဲ့ ဖုန်းနံပါတ်ကိုရပြီး လိုက်တော့ ကျမတို့ စက်မှုဇုံထဲကနံပါတ်ကို ဆက်ခဲ့ဖူးတာ သဲလွန်စ ရသွားတယ်ထင်ပါရဲ့။ အောက်တိုဘာလ (၅)ရက်နေ့မနက်စောစောပဲ ဖုန်းဆိုင်နဲ့ အင်မတန် ရင်းနှီးတဲ့ ကောင်မလေးတယောက်က အိမ်လာပြီး ကျမကို တိုးတိုးလေးကပ်ပြောတယ်။ သူက ကျမနဲ့လည်း ညီအမလို ရင်းနှီးနေတာကိုး။

‘‘အမ ဆက်ဖူးတဲ့ ဖုန်းနံပါတ်ကို ချက်(check) ခိုင်းနေပြီ။ နိုင်ငံတော်အတွက် အရမ်းအရေးကြီးတဲ့ လူတယောက်ရဲ့ နံပါတ်တဲ့။ အဲဒီလူတယောက်ကို မိလိုက်တာနဲ့ နိုင်ငံတော်အတွက် အတော်အကျိုးရှိသွားမှာ ဆိုလားပဲ။ အဲဒါသေချာဂရုစိုက်ပေးပြီး အဲဒီနံပါတ်နဲ့ ဖုန်းဝင်လာရင် ဘယ်အိမ်က ဘယ်သူ့ကိုခေါ်တယ်ဆိုတာ သေချာမှတ် ထားဖို့နဲ့ သူတို့ဆီအကြောင်းကြားဖို့ကို ပြောသွားတယ်။ တခါမှ မမြင်ဘူးတဲ့လူဆိုရင်လည်း ပုံစံကိုသေချာမှတ်ပြီး အချိန်မီ သတင်းပို့ပါ။ ဒီ(စက်မှုဇုံ)ဝန်းကျင်မှာပဲ သူတို့ရှိနေမယ်လို့ ပြောတယ်။ အဲဒိသတင်းကို တိတိကျကျပေးနိုင်ပြီး တာဝန်သိသိနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်သူကို နိုင်ငံတော်က ထိုက်ထိုက်တန်တန်ကို ဆုချအုံးမှာလို့လည်း ပြောသွားသေးတယ်တဲ့ အမ’’

ကျမမိတ်ဆွေ ကောင်မလေးက အဲလိုလာပြောတော့ ကျမလည်း အစကမယုံချင်ဘူးပေါ့။ သိပ်အရေးမကြီး လောက်ပါဘူးးလေ။ တခါတလေ လိုအပ်မှ ဆက်တာ ဆိုတော့ တော်ရုံတန်ရုံ ပြဿနာ မရှိလောက်ပါဘူး.. ဆိုပြီး စိတ်အေးအေးပဲထားလိုက်တယ်။ တကယ်လည်း ကျမတို့ ဦးဇင်းနဲ့ ဖုန်း အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့ဘူး။ ရွှေဝါရောင် အစပိုင်းကာလတွေမှာ အဆက်အသွယ်ရခဲ့ပေမယ့် မေတ္တာပို့တဲ့ ဘုန်းကြီးတွေကို ပစ်သတ်နေပြီ ဦးဇင်းလည်း ရှောင်တိမ်းနေရပြီဆိုတဲ့ အချိန်တွေမှာကတည်းက ဖုန်းမဆက်ဖြစ်ကြတော့တာ။ ဦးဇင်းကိုယ်တိုင်ကလည်း သတိတော့ရှိပါတယ်။ ကျမတို့ ဆီကို အဆက်အသွယ် မလုပ်တော့ဘူးလေ။

ဒီလိုဆိုတော့ ပြဿနာ သိပ်မရှိလောက်ဘူး ထင်တာပေါ့။ ဒါပေမယ့် အာဏာပိုင် ယန္တရားကကြီးတော့ ရက်ပိုင်းအတွင်းမှာပဲ စက်မှုဇုံထဲက ဖုန်းဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေနဲ့ လမ်းဘေး ကွမ်းယာဆိုင်လေး တွေမှာကအစ လူစိမ်းတွေ၊ ကျမတို့ တခါမှ မမြင်ဘူးတဲ့လူတွေဆိုတာ ခြေချင်းလိမ်နေတာပဲ။ ဒီတော့ ကျမသိလိုက်ပြီ၊ ဘယ်သူဘယ်ဝါဆိုတာကို သူတို့ တိတိကျကျသာ မသိသေးတာ ဒီစက်မှုဇုံထဲမှာ ဦးဇင်းနဲ့ ပတ်သက်တဲ့လူ ရှိနေတယ်ဆိုတာ သူတို့ ရိပ်မိနေပြီလို့။


သူတို့အတွက် အခက်အခဲဖြစ်စေတာတခုက ကျမတို့မိသားစုရဲ့နောက်ကြောင်းရာဇဝင်ကို စက်မှုဇုံထဲမှာ သိသူ အတော်ရှားတယ်။ ကျမတို့က မကွေးတိုင်း၊ပေါက်မြို့ကနေပြီး ၂ဝဝ၅ နိုဝင်ဘာလထဲမှာမှ မိတ္ထီလာစက်မှုဇုံကို ပြောင်းလာတာဆိုတော့ တကယ်တမ်းပြောရရင် လူသစ်တွေလေ။ ကျမတို့ မောင်နှမတွေနဲ့ ခင်မင်ရင်းနှီးတာကလွဲပြီး ကျမတို့မိသားစုအကြောင်း သိပ်မသိကြသလို ကျမတို့ မိသားစုမှာ ဦးဇင်းတပါးရှိတယ် ဆိုတာကိုတောင် တချို့ မသိကြဘူး။

ဒါပေမယ့်လည်း နောက်ရက်ပိုင်း သူတို့ သတင်းအတိအကျ ရသွားတာဖြစ်မယ်။ ဒါကြောင့် ကျမတို့အိမ်ကို ညတွင်းချင်း အင်းအားသုံးပြီး ဝင်စစ်ခဲ့တာပေါ့။ သတင်းမရခံနိုင်ရိုးလား၊ ရန်ကုန်မှာ တပြုံကြီးဖမ်းပြီးပြီလေ။ ကျောင်းတိုက်တွေ ဝင်စီးပြီး ရိုက်နှက်ဖမ်းဆီးရာကပါသွားတဲ့ တချို့ကိုယ်တော်လေးတွေက ဦးဇင်းကို ကောင်းကောင်းသိထားကြတယ်။ တချို့က အတူတွဲလုပ်ဖူးကြတယ်ဆိုတော့ ဦးဂမ္ဘီရနောက်ကြောင်းကို တစွန်းတစမသိ ဘယ်ရှိပါတော့မလဲ၊ သိလိုက်ကြပြီပေါ့။

ဒါ့အပြင် ဖမ်းမိတဲ့လူအများစုကို စစ်တဲ့အထဲမှာ မဖြစ်မနေပါတဲ့ စစ်ချက်တခုက ဂမ္ဘီရကိုသိလားဆိုတာပဲလေ။ ဘုန်းကြီးမပြောနဲ့ ဘာမှနားမလည်ပဲ ဘုန်းကြီးတွေအတွက် ဝေယျာဝေစ္စ လိုက်လုပ်ပေးတာမှန်း တိတိကျကျ သိရလို့ ပြန်လွှတ်ပေးရမယ့် သူတွေကိုတောင် ဂမ္ဘီရကို သိမသိသေချာအောင် ဂရုတစိုက် စစ်သေးတာဆိုပဲ။ (ဒါကတော့ ဦးဇင်းအဖမ်းခံရပြီး နောက်ပိုင်း အတွေ့အကြုံရှိသူအများစုရဲ့ ပြန်လည်ပြောပြချက်အရပါ)။

‘‘ဂမ္ဘီရကိုသိလားဆိုတော့ သိတာပေါ့လို့ဖြေလိုက်တယ်၊ ဟုတ်တယ်လေ.. သမီးက နိုင်ငံရေးဆိုတာကို သိပ်စိတ်ဝင်စားခဲ့တာမဟုတ်ဘူး၊ ကိုယ့်ပညာရေးလောက်ပဲ အဓိကထားခဲ့တာလေ။ ဘုန်းကြီးတွေ လမ်းလျှောက် နေတဲ့ကာလတွေမှာလည်း ရေဒီယိုကို ကောင်းကောင်း နားထောင်ချိန်မရတော့ ဒီပွဲကြီးကို ဦးဆောင်နေတာ ဂမ္ဘီရလို့ ဘယ်သိပါ့မလဲ၊ ဘုန်းကြီးတွေ ဦးဆောင်ပြီး မေတ္တာပို့ လမ်းလျှောက်တယ် ဆိုတာလောက်ပဲ နားလည်ထားတာ။ အဲတော့ သမီးက သိတာပေါ့လို့ ဖြေမိလိုက်တယ်။ အဲမှာ စတွေ့တောတာပဲ အမရေ၊ အဆက်အသွယ်ရှိလား၊ အခု သူဘယ်မှာပုန်းနေလဲ၊ နင်ကကော ဘယ်အဖွဲ့အစည်းကလဲ၊ နင့်သူငယ်ချင်းတွေကကော ဘာတွေလုပ်နေလဲ၊ ဘယ်သူတွေနဲ့ နင်အတူလမ်းလျှောက်ခဲ့တာလဲ၊ ဘယ်နှယောက်ရှိလဲ၊ ဂမ္ဘီရဆိုတာ ဘုန်းကြီးအတုမှုတ်လား...အိုး… စုံနေတာပဲ။ သမီးလည်း ကြောင်သွားတာပေါ့။ ဟင် ….. ကျမသိတာက စာစောင်ကိုပြောတာပါ၊ အဲဒါတွေတခုမှ နားမလည်ပါဘူးရှင်၊ တကယ်ပါ၊ တကယ်ပြောတာပါ ဆိုပြီး မနည်းရှင်းခဲ့ရတယ်အမ။ အဲဒါသူတို့ကမယုံလို့ လှည့်ပတ်မေးနေတာ ကြာတော့ခေါင်းတောင်ကိုက်လာတယ်လေ။ ကံကောင်းလို့ ပြန်လွတ်လာတာ …ပတ်ဝန်းကျင် အခြေအနေကို မလေ့လာမိခဲ့တဲ့ အကျိုးဆက်က မလွယ်ဘူးအမရေ။ ထောင်တသက်စံသွားရနိုင် တယ်နော်’’

(အင်းစိန်ထောင်မှာ ထောင်ဝင်စာ တွေ့နေရတဲ့ ကာလ(၂ဝဝ၈ ဝန်းကျင်)က မိတ်ဆွေတယောက် ပြောပြခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေထဲက ကောက်နှုတ်ချက်ပါ)။



No comments:

Post a Comment