Friday, September 17, 2010

ရှမ်းမြောက်နဲ့ နအဖ ပြန်တိုက်

ဆလိုင်းထွန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် မပြောင်းသည့် အပစ်ရပ် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N နှင့် စစ်အစိုးရတပ် အကြား ယခုလ ၁၄ ရက် ညနေက တိုက်ခိုက်ခဲ့ကြောင်း စစ်ရေး လေ့လာသူများက ဆိုသည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N မှ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သော တပ်မဟာ ၁ တပ်ဖွဲ့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ တပ်ရင်း ၁၄၇ တို့ သီပေါမြို့နယ် နမ့်မကျန်းတွင် တိုက်ပွဲဖြစ်ခဲ့သည်။

“တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ အသေးစိတ် မရသေးဘူး။ နှစ်ဖက် ကျဆုံးဒဏ်ရာရ ရှိမရှိ မသိရသေးဘူး။ မြောက်ပိုင်းနဲ့ ဆက်သွယ်နေပါတယ်၊ စုံစမ်းနေပါတယ်” ဟု ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S မှ ပြောခွင့်ရ ဗိုလ်မှူးတဦးက မဇ္ဈိမကို ပြောသည်။

ဒေသတွင်းရရှိသော သတင်းများအရ ပြည်သူအချို့ ဘေးလွတ်ရာပြောင်းနေကြသည်ဟု သိရသည်။

“နအဖက အသွင်ပြောင်းဖို့ ဖိအားပေးကတည်းက တင်းမာမှုတွေ ဖြစ်တယ်။ နှစ်စလုံးက အခြေအနေ တင်းမာလာတဲ့ နောက်ပိုင်း ပြည်သူလူထုတုန်လှုပ်တာတွေ ရှိတယ်။ တချို့က အိုးအိမ်ရွှေ့ပြောင်းတယ်။ နအဖဘက်က မိသားစုတချို့လည်း ပြောင်းတယ်လို့ ကြားရတယ်” ဟု SSA-S ပြောခွင့်ရ ဗိုလ်မှူးက ပြောသည်။

တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက “တိုက်တဲ့နေရာ အတိအကျ မသိဘူး ဖြစ်နေတယ်။ အကျအဆုံးတော့ ရှိမယ်။ ရန်သူကပဲ သူတို့ဂွင်ထဲ ဝင်လာတာလား၊ ဒါမှမဟုတ် ရှမ်းဘက်ကပဲ ဖောက်ဝင်လာသလားတော့ မသိသေးဘူး ” ဟု မဇ္စျိမကို ပြောသည်။

SSA-N တပ်မဟာ ၁ နှင့် နအဖ တပ်မ ၅၅ လက်အောက်ခံ တပ်များ သီပေါမြို့နယ် နမ့်မကျန်းဒေသတွင် ယခုလ ၁၄ ရက် ညနေက တိုက်ပွဲဖြစ်ရာ SSA-N တပ်မှ ရဲဘော်တဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရန် အခြေအနေ မရှိသေးသော်လည်း ခရီးသွားလာခွင့်များ ထိန်းချုပ်ထားကြောင်း၊ ယခုလ ၁၁ ရက်နေ့က KIO ထိန်းချုပ်ရာ တရုတ်နယ်စပ်တလျောက် စစ်လေယာဉ်များ ပျံသန်းခဲ့ကြောင်း KIO အရာရှိတဦးအဆိုအရ သိရသည်။

ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ဌာနချုပ် အနီးတွင်လည်း စစ်အစိုးရတပ်များ တိုးချဲ့ချထားသည် ဆိုသည်။

No comments:

Post a Comment