Thursday, September 16, 2010

KSPP ခေါင်းဆောင် ၁၂ ဦး တသီးပုဂ္ဂလ ၀င်ပြိုင်ရန်ကြိုးပမ်းမှု ပယ်ချခံရ

KNG

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီမှတ်ပုံတင် မ ချပေးသည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) သည် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့ရာ ဒေါက်တာတူးဂျာအပါအဝင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံလိုက်ရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်နေ့မှ ရွေးကောက်ပွဲကော်မရှင်သည် ကိုယ်စားလှယ်လောင်း အမည်စာရင်း ပိတ်ပင်လိုက်ရာ ဒေါက်တာတူးဂျာအပါအဝင် KSPPပါတီမှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ပယ်ဖျက်ခြင်းခံလိုက်ရကြောင်း ပါတီ အရာရှိ တစ်ဦးမှပြောသည်။

“ဒီနေ့အားလုံးပယ် လိုက်ပြီ၊ အသေ ပယ်လိုက်ပြီ၊ ဘာကြောင့်မရတာလဲ မသိဘူး၊ ဘာမှလည်း မပြောဘူး၊ မရဘူးဆိုပြီး ပယ်ချလိုက်တယ်။ ဘာမှလည်း မသိပါဘူး။ ခုလည်း ဘာမှပြောလို့မရသေးတော့။” ဟု KSPPပါတီမှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်မှ အပယ်ခံရသှူ ပြောသည်။

KSPP ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်သို့ ဧပြီ ၅ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သော်လည်း ကော်မရှင်မှ ပါတီမှတ်ပုံတင် မချပေးခဲ့သဖြင့် ၎င်းပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတူးဂျာ အပါအဝင် တသီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်များအဖြစ် ၁၂ဦးအမည်စာရင်း တင်သွင်းခဲ့ရာ အစိုးရမှ တစ်စုံတစ်ရာ အကြောင်းပြချက်မပေးပဲ ပယ်ချလိုက်ခြင်းဖြစ်သည်။

ယင်းပါတီမှာ နှုတ်ထွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိပ်ပိုင်းခေါင်းဆောင် ၆ဦး အပါအဝင် ယခုနယ်ခြားစောင့်တပ် (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နှင့် လဆန်အောင်ဝါ ငြိမ်းချမ်းရေးအဖွဲ့) တို့မှလည်း ပါဝင်ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

ပါတီမှတ်ပုံတင်ခြင်းမပြုမည် မတ်လမှစကာ လူထုစည်းရုံးရေးများလုပ်ဆောင်ခဲ့ပြီး ဗဟိုကော်မတီဝင် အယောက် ၆၀ နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ယောက် နှင့် ပါတီဝင်အင်အား ၃၀၀၀နီးပါးဖြင့် ဖွဲ့စည်းထားကာ ကချင်ပြည်နယ်မှ ကချင်အမျိုးသားကိုယ်စားပြု အကြီးဆုံးပါတီလည်းဖြစ်သည်။

စစ်အစိုးရမှ KSPPသည် နက်လက်ချရန် ငြင်းဆန်သည့် KIO နှင့် ဆက်စပ်မှုရှိသည်ဟု ပြောဆိုကာ နိုင်ငံရေးမှတ်ပုံတင် မ ချပေးခြင်းဖြစ်သည်။

ဇွန်လိုင်လကုန်ပိုင်းကတည်းမှ KSPPအား ပါတီမှတ်ပုံတင်မချပေးရန် သေချာသည်ဟု ကြံ့ဖွတ်အတွင်းရေးမှူး တစ်ဦးပြောဆိုခဲ့ပြီး များမကြာမည် ကြံ့ဖွတ်မှ ကချင်ပါတီအသစ်ထူထောင်ရန် ဒူဝါ ခက်ထိန်နန်အား တိုက်တွန်းပြောကြားခဲ့သည်။

ခက်ထိန်နန်ဦးဆောင်သည့် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဇူလိုင် ၂၃ရက်နေ့တွင် ပါတီ မှတ်ပုံတင်လျှောက်ထားရာ ၁၀ရက် အတွင်း နိုင်ငံရေး ပါတီထူထောင်ခွင့်ရရှိရုံမက လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ယောက်စလုံးကို ရွေးကောက်ပွဲဝင်ခွင့်ပြုလိုက်သည်ဟု ပါတီရဲ့ ဒုဥက္ကဌ ဦးဖော်လားဂမ်ဖန်ကပြောသည်။

ကချင်ပါတီ ၄ ပါတီ ပါတီမှတ်ပုံတင်ခဲ့ရာ၌ စစ်အစိုးရ၏ရွေးကောက်ပွဲကော်မရှင်က ၃ပါတီအား နိုင်ငံရေးမှတ်ပုံတင်ချပေးခြင်းမရှိဘဲ ၎င်းနှင့်ဆက်နွယ်နေသည့် ကြံ့ဖွတ်လက်အောက်ခံ ပါတီတစ်ခုလိုဖြစ်နေသည့် UDPKS ပါတီတစ်ခုတည်းသာ မှတ်ပုံတင်ရရှိခြင်းဖြစ်သည်။

No comments:

Post a Comment