Wednesday, September 15, 2010

NLD အပါအဝင် ၉၀ ပြည့်နှစ် ၅ပါတီဖျက်သိမ်းခံရ

မဇ္ဈိမသတင်းဌာန

ဖနိဒါ (ချင်းမိုင်) ။ ။ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ယနေ့မှစ၍ တရားမဝင်တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၆ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၊ 'ဝ' အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ တို့ကိုဖျက်သိမ်းကြောင်း ပါရှိသည်။

“ကော်မရှင်မှာ အဲဒီလို လုပ်ပိုင်ခွင့်၊ ကြေညာပိုင်ခွင့် မရှိဘူးလို့ဘဲ နားလည်တယ်။ ဒီကော်မရှင်က အခုမှတ်ပုံတင်ထားတဲ့ ပါတီကိုသာ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါဟာ အထူးအဆန်းမဟုတ်သလို လုပ်ပိုင်ခွင့်မရှိဘဲ လုပ်တယ်လို့ပဲ မြင်တယ်” ဟု NLD ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

“ပါတီဝင်အားလုံးက ညီညီညွတ်ညွတ်နဲ့ အေးအေးဆေးဆေးလုပ်နေတာဆိုတော့ မအံ့သြကြပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဆိုသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရပြီး တရားမျှတမှုကင်းသည့် ဥပဒေများကြောင့် ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ထားသည်။

မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် NLD ပါတီဝင်များကမူ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သည့် ပါတီကို ဖျက်သိမ်းမည်ဟု ကြိုတွက်ထားခဲ့ကြောင်း ဆိုကြသည်။

No comments:

Post a Comment