Friday, October 22, 2010

ဒီမိုကရေစီကိုတိုက်ပွဲမပါဘဲ ရယူနိုင်တယ်ဆိုတဲ့အယူအဆ

ရဲဘော်ဖိုးသံချောင်း

တနေ့ဆီတုန်းက ရေဒီယိုစကားဝိုင်းတခုမှာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကာကွယ်ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တဦးက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ရယူရတာမဟုတ်ဘူး၊ တိုက်ပွဲနဲ့ရခဲ့တဲ့ အစဉ်အလာမရှိခဲ့ဘူး၊ ရှစ်လေးလုံးတိုက်ပွဲကြီးတိုက်ခဲ့လို့ ဘာများရခဲ့လို့တုန်း” ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောသွားတာ ကြားလိုက်ရပါတယ်။

ပြောတဲ့လူရဲ့ ပြောပိုင်ခွင့်၊ ပြောဆိုမှုကို လေးစားပါတယ်။ ဒါပေမယ့် ဒါဟာ အင်မတန်အရေးကြီးတဲ့ အယူအရေးရာ ပြဿနာဆိုတော့ ပြန်မချေပဘဲ လွှတ်ထားလို့မဖြစ်ဘူးလို့ ထင်ပါတယ်။

ပထမဆုံးပြောဖို့လိုတာက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ရတာမဟုတ်ဘူး” ဆိုတဲ့အယူအဆပါ။ ဒါကို ကြားလိုက်တဲ့အခါမှာ သူဟာ စကားနိုင်ရချင်လို့ အလွယ်တကူ ပြောထွက်သွားတာများလားလို့တောင် စဉ်းစားမိပါတယ်။ ဒါကြောင့် ဒီစကားဟာ ဝေဟင်ထဲ၊ သောတအာရုံတွေထဲ ပျံ့သွားလေပြီမို့ အားနာနာနဲ့ပဲ ပြန်ထောက်ပြရပါတော့မယ်။ တိုက်ပွဲမဖြတ်သန်းဘဲ ရရှိခဲ့တဲ့ ဒီမိုကရေစီရယ်လို့ ဘယ်မှာများရှိခဲ့လို့တုန်း။ ဒီနေ့ကမ္ဘာမှာ အရင်းရှင်နိုင်ငံတွေက ဒီမိုကရေစီဆိုတာပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံတွေက ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာပဲဖြစ်ဖြစ်၊ အဲဒီ ဒီမိုကရေစီတွေဟာ တိုက်ပွဲတွေ၊ လှုပ်ရှားမှုတွေကို မဖြတ်သန်းဘဲ ရခဲ့တာတွေလား။ အမေရိကန်နိုင်ငံဟာ နဂိုက ဗြိတိသျှကိုလိုနီတခုပါ။ အဲဒီတုန်းက အမေရိကန်နိုင်ငံသားတွေရဲ့ ကံကြမ္မာကို ဟိုအတ္တလန်တိတ် သမုဒ္ဒရာကြီးခြားနေတဲ့ အင်္ဂလန်-လန်ဒန်ကနေ ဆုံးဖြတ်ပြဋ္ဌာန်းနေခဲ့တာပါ။ နောက်ဆုံး အမေရိကန်တွေက လက်နက်ကိုင်တော်လှန်ကြလို့သာ လွတ်လပ်ရေးလည်းရ၊ ဒီနေ့ဒီမိုကရေစီဆိုတာကို ရခဲ့တာပါ။

တခါ၊ အင်္ဂလိပ်တွေရဲ့ ဒီမိုကရေစီဆိုတာကိုလည်း ပြန်စဉ်းစားကြည့်ပါ။ ၁၇ ရာစုနှစ်အစောပိုင်းက အော်လီဗာကရွမ်းဝဲလ်တို့ရဲ့ ပဒေသရာဇ်မင်းတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲစဉ်ကြီး မဖြစ်ပေါ်ခဲ့ရင် ဖြစ်နိုင်ပါ့မလား။ အရင်းရှင်ဒီမိုကရေစီသမိုင်းမှာ မပြောမဖြစ် ပါဝင်ရတဲ့ ပြင်သစ်ဒီမိုကရေစီဆိုတာကရော။ ၁၇၉၂ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့မှာ ဆယ့်ခြောက်ယောက်မြောက် လူဝီဘုရင်ကို ဖြုတ်ချနိုင်မှ ပြင်သစ်နိုင်ငံသမိုင်းရဲ့ ပထမဆုံးသမ္မတနိုင်ငံကို ထူထောင်ခဲ့တာမဟုတ်ပါလား။

ဒီနေ့ပြောနေကြတဲ့ အဓိပ္ပာယ်မျိုးကိုဆောင်တဲ့ ဒီမိုကရေစီဆိုတာကို ပဒေသရာဇ်လက်ထက်မှာ မျှော်မှန်းလို့မရပါဘူး။ ဒါကြောင့် ပဒေသရာဇ်စနစ်ကို တော်လှန်တဲ့ တိုက်ပွဲတွေအကြားကမှ ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာပါ။ ခြွင်းချက်မရှိပါဘူး။ မြန်မာပြည်ရဲ့ မဝေးတဲ့သမိုင်းကိုပြန်ကြည့်ရင် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်အောက်မှာ ဘာဒီမိုကရေစီမှ မရှိခဲ့သလို အင်္ဂလိပ်ကိုလိုနီဘ၀မှာလည်း မြန်မာပြည်သားတွေအတွက် ဘာဒီမိုကရေစီမှမရှိခဲ့ပါဘူး။ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ အင်္ဂလန်က အုပ်ချုပ်စီရင်တာကို ငုံ့ခံနေရတာပါ။ အင်္ဂလိပ်လက်ထက် မင်းတိုင်ပင်အမတ် ဆိုတာဟာ အခု နအဖရဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အမတ်တွေလိုပဲ အဓိကကျတာကို ဘာမှမပြောနိုင်ဘဲ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားကြီးကို ဆီထိုးပေးနေရတာသာ ဖြစ်ပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်တွေက ချောချောမွေ့မွေ့ အုပ်ချုပ်နိုင်ဖို့အတွက် သိုင်းဝိုင်းပေးနေရတာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကံကောင်းလို့ အမတ်ဖြစ်လာပါတယ်ဆိုတဲ့ “ကြံ့ဖွံ့မဟုတ်၊ တစည မဟုတ်” သူတွေဟာလည်း ပုံသဏ္ဌာန်အသစ်နဲ့ပေါ်လာမယ့် စစ်အုပ်ချုပ်ရေးတခုကို ရေဆေးဆီလိုက်လုပ်ပေးရုံက လွဲလို့ ဘာမှမလုပ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖြည်းဖြည်းချင်း ပြုပြင်သွားမယ်ဆိုတာကို တီဗွီအသံလွှင့်ရ မှာတောင် ပြောခွင့်မပြုတာ တွေ့ခဲ့ကြရပါပြီ။

မြန်မာပြည်မှာ ရာစုနှစ်တ၀က်ကျော် ကိုလိုနီစနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေကို အသက်သွေးချွေးတွေ ရင်းပြီး တိုက်ပွဲဝင်ခဲ့လို့သာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့ အဲဒီနောက် တွေ့ရတဲ့ ဖဆပလခေတ် ဒီမိုကရေစီဆိုတာကို ရရှိတာပါ။ အဲဒီခက်ခဲပြင်းထန်တဲ့ တိုက်ပွဲစဉ်ကြီးမရှိဘဲနဲ့ ဖဆပလကခေတ် ပါလီမန်ဆိုတာ ပေါ် မလာနိုင်ဘူးဆိုတာကို သတိချပ်သင့်ပါတယ်။

မြန်မာပြည်လိုပဲ ကိုလိုနီဘ၀ကျရောက်ခဲ့တဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတိုက်တွေက နိုင်ငံတွေအားလုံးဟာလည်း ကိုလိုနီထမ်းပိုးကြီးအောက်က လွတ်ထွက်အောင်ရုန်းကန်တိုက်ပွဲဝင်ပြီးနောက်မှ ဒီမိုကရေစီ အရသာကို မြည်းစမ်းနိုင်ကြတာပါ။ အဲဒီအရင်ကဆိုရင် ဒီမိုကရေစီဆိုတာကို သူတို့အနေနဲ့ အိပ်မက်တောင် မက်နိုင်တာမဟုတ်ပါဘူး။

ဒီလိုပဲ ပဒေသရာဇ်စနစ်၊ ဒါမှမဟုတ် ကိုလိုနီစနစ်ကို တွန်းလှန်ပြီးနောက် တစုံတရာ ဒီမိုကရေစီရခဲ့ကြတဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတိုက်တို့က တချို့နိုင်ငံတွေမှာ စစ်အာဏာရှင်တွေပေါ်ပေါက်ပြီး ရှိစုမဲ့စုဒီမိုကရေစီကလေး ပျောက်ဆုံးခြင်းကြီးမက ပျောက်ဆုံးသွားတာတွေ အမြောက်အမြားရှိခဲ့ပါတယ်။ တချို့- ဥပမာ တောင်အာဖရိက၊ ပါလက်စတိုင်း-နိုင်ငံတွေမှာတော့ အသားအရောင်အရ၊ လူမျိုးရေးအရ ကိုလိုနီပြုခံရတာ ဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ (စစ်) အာဏာရှင် အုပ်စိုးမှုဟာ ဘယ်လိုပျောက်ကွယ်သွားတာလဲ။ လူထုကြီးက တိုက်ပွဲမ၀င်ဘဲ အာဏာရှင်တွေက “အမြင်မှန်ရ” ပြီး နန်းပေါ်က ဆင်းသွားကြတာလား။ အဲဒီလိုမျိုး တဦး-တခါမျှ မရှိခဲ့ပါဘူး။

အမှန်ပဲ၊ တိုက်ပွဲနဲ့ရခဲ့တဲ့ ဒီမိုကရေစီဆိုတာလည်း ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ ပိုကောင်း၊ ပိုပြည့်စုံအောင် လုပ်ကြရတာချည်းပါ။ ဒါပေမယ့် နအဖပေးမယ့် “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ကို တဖြည်းဖြည်းချင်း အသားကျသွားအောင်၊ ပိုကောင်းသွားအောင်၊ အချိန်မရွေး အာဏာသိမ်းနိုင်သည်ဆိုတဲ့ စာသားတွေကို ပျောက်ပြယ်သွားအောင် ပြောင်းလဲပစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ (အခု ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ လူတွေထဲမှာ အဲဒီလိုပြောနေသူတွေ အများကြီးပါ၊) ရှစ်လေးလုံးအရေးတော်ပုံကြီးကို သံဝေဂရလေဟန် လေသံနဲ့ပြောသွားတဲ့ အထက်အစမှာ ကိုးကားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးအနေနဲ့ ဒီနေ့ သူ ဒီလို ပြင်ပမီဒီယာတွေနဲ့စကားပြောခွင့်ရနေတာ၊ နအဖအသံလွှင့်ဌာနမှာထက် လွတ်လွတ်လပ်လပ် ပြောလို့ရနေတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ အဲဒီအရေးတော်ပုံကြီးသာ မပေါ်ပေါက်ခဲ့ရင် သူ့အနေနဲ့ အခုလိုပြောနေရင် မဆလ-န၀တ-နအဖ အစိုးရတို့ဟာ လွှတ်ထားမယ်လို့ထင်ပါသလား။ ရေကြည်သောက်တဲ့အခါမှာ ရေတွင်းတူးသူကို ကျေးစွတ်ရုံမက စော်ကားတာကတော့ လွန်လွန်းလှပါတယ်။

တကယ်ကျတော့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲထဲဝင်ချင်လွန်းလို့ ကိုယ့်ပါတီကိုခွဲပစ်၊ ကိုယ်နဲ့အတူ လုပ်ခဲ့သူတွေကိုပြန်တိုက်၊ အပုပ်ချ၊ အဲဒီအတွက် ဆုလာဘ်အနေနဲ့ နအဖက ထောင်ထဲမှာလို “ပုံစံပြ” လိုက်လို့ ရွေးကောက်ပွဲကို မ၀င်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ရပြီး နအဖရဲ့ ရွေးကောက်ပွဲစည်းဝိုင်းအပြင်ကနေ နတ်ကရာကျီးမော့နေရတဲ့အဖြစ်တွေကို မမေ့သင့်ပါဘူး။

No comments:

Post a Comment