Monday, October 25, 2010

ကြပ်ပြေးမှာ အောင်မြေနင်းတဲ့ နအဖထိပ်သီးအမတ်လောင်းတွေ

ရဲဘော်ဖိုးသံချောင်း

နအဖအစိုးရဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်နေရာက အရွေးခံမယ်ဆိုတာကို တတိုင်းပြည်လုံး အနေအထားနဲ့ မကြေညာဘဲ ဒေသအလိုက်ကွက်ပြီး ကျောက်သင်ပုန်းပေါ် ကပ်တာမျိုးနဲ့ အသိပေးနေတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒါဘာကြောင့်လဲဆိုတာကိုရော သတိထားမိကြပါသလား။ အလားတူပဲ ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့က ဘယ်သူတွေ ၀င်အရွေးခံမယ်ဆိုတာကိုရော စောကြောမိကြပါသလား။ သူတို့ ဘာကို ဖုံးကွယ်ချင်နေကြတာလဲ။

နည်းနည်းလေး ဒုက္ခခံပြီး စူးစမ်းကြည့်လိုက်ရင် ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ကြံ့ဖွံ့အမတ်လောင်းတွေဟာ နအဖရဲ့ ထိပ်သီးတွေချည်း ဖြစ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ ဗိုလ်သိန်းစိန်က ဇဗ္ဗုသီရိမြို့နယ်၊ ဗိုလ်တင်အောင်မြင့်ဦးက ပုဗ္ဗာသီရိမြို့နယ်၊ ဗိုလ်ရွှေမန်းက ဇေယျာသီရိမြို့နယ် စသဖြင့် ၀င်ပြိုင်ကြမှာပါ။ ဒါဘာကြောင့်ပါလဲ။

ဖဆပလခေတ်တုန်းက ဖဆပလထိပ်သီးတွေဟာ ရန်ကုန်က မဲဆန္ဒနယ်တွေမှာ ၀င်အရွေးခံကြတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလို လုပ်ရတာက အမတ်လောင်းထိပ်သီးများရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တာကလည်းတကြောင်း၊ ကိုယ့်ကို ငွေကြေးကအစ ထောက်ခံနေတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရှိတဲ့ အရပ်ဖြစ်လို့လည်းတကြောင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တည်မြဲ-သန့်ရှင်းကွဲကြလို့ ဖဆပလနဲ့ ပထစရယ်လို့ ပြိုင်ကြရတော့ ရန်ကုန်က လမ်းမတော်၊ သိမ်ဖြူစတဲ့ မဲဆန္ဒနယ်တွေမှာ ဆင်-ဆင်ချင်း ထိပ်တိုက်တွေ့တာတွေ ဖြစ်ကုန်ခဲ့ပါတယ်။ ရှောင်ရင် ရှောင်တဲ့လူက သတ္တိနည်းတယ်ဖြစ်မယ် မဟုတ်ပါလား။ အဲဒီလိုနဲ့ ထိပ်တန်းဝန်ကြီးတွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ ရန်ကုန်မှာ ၀င်အရွေးခံတာ အများကြီး ဖြစ်နေခဲ့တာပါပဲ။

ဒါပေမယ့် အခု နအဖရဲ့ ကြံ့ဖွံ့က ထိပ်သီးတွေ ကြပ်ပြေးနေပြည်တော်မှာ ၀င်အရွေးခံတယ်ဆိုတာကတော့ အဲဒီအဓိပ္ပာယ်မျိုးတော့ လုံးဝမဟုတ်ပါဘူး။ သူတို့နိုင်မှာသေချာတဲ့ နေရာတွေမှာ ၀င်ပြိုင်တာသာဖြစ်ပါတယ်။ ဆိုလိုတာ သူတို့တတွေ ဒီရွေးကောက်ပွဲမှာ အရှုံးမခံနိုင်ဘူးဆိုတာပါပဲ။ (တနည်းပြောရရင် နအဖဟာ ကြပ်ပြေးမှာဆိုရင် ရွေးကောက်ပွဲကို အပြတ်လုပ်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အမှန်ပြောရရင် ဗိုလ်သန်းရွှေတို့တတွေဟာ နောက်ပေါ်လာမယ့် အစိုးရမှာ ဘယ်သူက ဘာတာဝန်ယူဆိုပြီး တိုက်ရာပါပစ္စည်း ခွဲဝေတာက လုပ်ပြီးနေပါပြီ။ နောက်ပြီး ကားအသစ်ဝယ်ရင်၊ လိုင်းဆွဲတော့မယ်ဆိုရင် ဘိုးဘိုးကြီး နတ်နန်းကိုသွားပြီး ပြရတယ်ဆိုတာလိုပဲ ဗိုလ်သန်းရွှေဟာလည်း သူ့ဆက်ခံသူတွေကို အိမ်နီးနားချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း မိတ်ဆက်ပေးပြီးနေပါပြီ။ ဒီလိုလျာထားမှုတွေ အကုန်လုပ်ပြီး ဖြစ်နေလေတော့ ထိပ်သီးတွေအတွက် ဒီရွေးကောက်ပွဲမှာ နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်ပါဘူး။ ဆယ်ရေးတရေး၊ ကိုးရေးတရာတောင် မစွန့်စားနိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရဆိုရင် ၀န်ကြီးချုပ်အပါ ၀န်ကြီးအဖွဲ့ဝင်တွေနဲ့ တခြားအရေးကြီး ရာထူးတွေကို သမ္မတအာဏာနဲ့ ခန့်ချင်တိုင်း ခန့်လို့ရပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကိုယ်လုပ်တဲ့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့လူလည်း ပါဦးမှလို့ စဉ်းစားရပါတယ်။

တကယ်တော့ သူတို့အနေနဲ့ ဒီထက်ပိုသေချာတဲ့ ပြိုင်ဘက်မရှိမယ့် မဲဆန္ဒနယ်တွေမှာ သွားပြိုင်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ကြပ်ပြေးနေပြည်တော်မှာ ပြိုင်ဘက်မရှိဖြစ်အောင် လုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး ကျတော့လည်း အရုပ်ဆိုးလွန်းနေပါတယ်။ ဒါနဲ့ပဲ ကြပ်ပြေးမှာတင် ယှဉ်ပြိုင်အရွေးခံသူဆိုတာကို ဖန်တီးယူရပါတယ်။ ဘယ်ကရမလဲ၊ တစညပေါ့။ ဘယ်သူရှိဦးမလဲ။ တခြားအဖွဲ့အစည်းက လူတွေထဲမှာ မှတ်ပုံတင်ကြေး ငါးသိန်းအဆုံးခံပြီး ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့နဲ့ ပြိုင်တဲ့လူ ပေါ်ထွက်နိုင်ပါ့မလား။ ဘယ်သူက ဒါလောက်မိုက်ပါ့၊ အပါ့မလဲ။ လည်လို့ ရွေးကောက်ပွဲ ၀င်ကြတာဥစ္စာ။ တစညနဲ့ ကြံ့ဖွံ့ဆိုတာကတော့ မျောက်နဲ့ကျား အမြီးချင်း ချည်ထားသလိုတွေ မဟုတ်လား။

ဒါတွေအပြင် ဒီအတုအယောင် ရွေးကောက်ပွဲကို လူအများက စိတ်ဝင်စားကြတဲ့ နောက်အချက်တချက်ကတော့ ကြံ့ဖွံ့မဟုတ်-တစညမဟုတ် သူတွေအထဲမှာ ငွေကြေးမသမာမှုတွေ၊ သို့လောသို့လော စဉ်းစားစရာကိစ္စတွေ ပေါ်လာနေတဲ့ကိစ္စဖြစ်ပါတယ်။ အခြေအနေက ပုပ်မှမပုပ်သေးဘူး၊ အနံ့က ထွက်နေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။ တယောက်ကိုတယောက်က ဖော်၊ တယောက်ကိုတယောက်က ဆော်ဆိုတာတွေလည်း တွေ့ရစပြုနေပါတယ်။ ဒီနေရာမှာတော့ ဖဆပလခေတ်ကို အမီသားလို့ ဆိုရမလိုပါပဲ။ တချို့သော ပါတီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဘယ်ကလာတာမှန်း မသိရတဲ့၊ ငွေဖြူလား ငွေမည်းလား ခွဲခြားရခက်တဲ့ ငွေတွေ စီးဝင်နေတာတွေလည်း ကြားနေရပါတယ်။ အဲဒီငွေပေးတာတွေနဲ့ နအဖအစိုးရနဲ့ အဆက်အစပ်ရှိ မရှိ၊ နအဖအလိုတော်ရိ ငွေရှင်ကြေးရှင်တွေနဲ့ ဆက်စပ်မှု ရှိမရှိ။ ဒါဟာ ဘိန်းပစ်ဖမ်းတာဟုတ်မဟုတ် ဆိုတဲ့ ပဟေဠိတွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေနဲ့တဆက်တည်းမှာ ကြံ့ဖွံ့နဲ့ တစညတို့ကျတော့ ဘဏ္ဍာရေးကိစ္စလိုဟာမျိုးမှာ ဘာကြောင့် ဒါလောက် ဣနြေ္ဒရနေတာလဲလို့လည်း မေးချင်စရာဖြစ်နေပါတယ်။ ငွေပုံကြီးပေါ်ထိုင်ထားသလို သုံးစွဲနေကြပုံဟာ မျက်နှာပြောင်လှတယ်လို့တောင် ဆိုစရာပါ။ တကယ်တော့ ဒါကိုက ဒီရွေးကောက်ပွဲရဲ့ ၀ိသေသမဟုတ်ပါလား။

ဒါမေယ့် ပြောရရင် ဒါတွေဟာ အခုမှ အစပဲရှိသေးတယ်လို့ ပြောရမှာပါ။ နောက်မှာ အာဏာရပြီးရင် ဒီထက်ပိုဆိုးတယ်။ ညစ်ပတ်မှုတွေ၊ ခြစားလာဘ်စားမှုတွေ မြင်ရဦးမှာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဆိုတာထဲက စည်းကမ်းဆိုတာဟာ ပြည်သူလူထုနဲ့ တခြားသူတို့နဲ့ မတူသူတွေအတွက်သာ ဖြစ်ပြိး ဒီမိုကရေစီဆိုတာဟာ သူတို့အတွက်၊ သူတို့ကို ထင်ရာစိုင်းခွင့်ပေးခြင်းဖြစ်တယ်ဆိုတာကို တွေ့ကြရဦးမှာပါ။

No comments:

Post a Comment